ချယ်လ်ဆီးအသင်းမှာ အီတလီ စီးရီးအေပြိုင်ပွဲဝင် အတ္တလန်တာအသင်းမှ ညာနောက်ခံအစွန်လူ မာကို ပါလက်စ်ထရာ အား ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၄၇) သန်းဝန်းကျင်ဖြင့် ခေါ်ယူနိုင်ခဲ့သည်..။ စတန်းဖို့ဒ် ဘရစ်ချ်အသင်းသို့ ၂၀၃၃ ခုနှစ်အထိ (၇) နှစ်သက်တမ်းစာချုပ်ဖြင့် ရောက်ရှိလာခဲ့သော အသက် (၂၁) နှစ်အရွယ် အီတလီလက်ရွေးစင် ကစားသမားမှာ ချယ်လ်ဆီးအသင်း Official Website နှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံခန်း၌ ချယ်လ်ဆီးအသင်းကို ရွေးချယ်ခဲ့ရခြင်း အကြောင်းရင်းများ၊ မန်နေဂျာသစ် ဇာဘီ အလွန်ဆို ၏ လွှမ်းမိုးမှု တို့ အပါအဝင် ချယ်လ်ဆီးအသင်းနှင့် သူ၏အနာဂတ် ရည်မှန်းချက်များကို ပြောပြခဲ့ပါသည်။
မေး - မာကို ရေ.. ပထမဆုံးအနေနဲ့ ချယ်လ်ဆီးအသင်းကနေ ကြိုဆိုပါတယ်ဗျာ..။ ချယ်လ်ဆီးအသင်းဟာ ခင်ဗျားအတွက်၊ ခင်ဗျားရဲ့ ကစားသမား ဘဝအတွက် မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်တယ်.. ဆိုတာကို သေချာစေခဲ့တဲ့ အကြောင်းရင်းတွေ ပြောပြလို့ရမလား..?
အကြောင်းရင်းတွေ အများကြီး ရှိတာပေါ့ဗျာ..။ သေချာတာကတော့ အသင်းမှာရှိနေတဲ့ ထက်သန်တဲ့ စွမ်းအင်တွေရယ်၊ မန်နေဂျာသစ် ဇာဘီ အလွန်ဆို က ကျွန်တော့်ကို ကူညီပေးခဲ့တာတွေရယ်ကြောင့်ပါ။ ပြီးတော့ ကျွန်တော်တို့ဟာ ကမ္ဘာ့ချန်ပီယံတွေ ဖြစ်နေလို့လည်း ပါဝင်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ကမ္ဘာပေါ်မှာ သမိုင်းကြောင်း အစဉ်အလာကြီးမားတဲ့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ဟာ ကမ္ဘာ့အကောင်းဆုံး ပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးမှာ ဝင်ရောက်၊ ယှဉ်ပြိုင်သွားရမှာပါ။
မေး - မန်နေဂျာသစ် ဇာဘီ အလွန်ဆို က ခင်ဗျားကို ကူညီပေးခဲ့တယ်.. လို့ ပြောခဲ့တယ်နော်..။ အခုလိုချယ်လ်ဆီးအသင်းကို ရွေးချယ်ခဲ့ဖို့ သူ့ရဲ့လွှမ်းမိုးမှုက ဘယ်လောက်အထိ အရေးပါခဲ့လဲ..?
ဒါက တကယ့်ကို အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ အလွန်ဆို ဆီကနေ ထက်သန်တဲ့ စွမ်းအင်တွေကို အများကြီးခံစားရလို့ပါ။ ပြီးတော့ သူဟာလေဗာကူဆင်နဲ့အတူ ကြီးမားတဲ့ အောင်မြင်မှုတွေ ဆွတ်ခူးခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး မန်နေဂျာတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ Yes.. ဒါကြောင့်သူ့လို (ဇာဘီ အလွန်ဆို) ထိပ်တန်းနည်းပြ တစ်ယောက်ကို မန်နေဂျာအဖြစ်ရရှိဖို့က ကျွန်တော့်အတွက် အလွန်အရေးကြီးပါတယ်။

မေး - သူနဲ့စကားတွေ ပြောဖြစ်ခဲ့သေးလား..?
ဟုတ်ကဲ့ပါ..။ သူနဲ့ စကားပြောခွင့် နှစ်ကြိမ်ရခဲ့ပါတယ်။ သူကကျွန်တော့်ဆီကနေ ဘာတွေမျှော်လင့်ထားလဲ? ဆိုတာ ပြောပြခဲ့တဲ့အတွက် တကယ့်ကို ဝမ်းမြောက်မိပါတယ်။ ဒါကြောင့် သူနဲ့လူချင်းရင်းနှီးခွင့်ရပြီး ချယ်လ်ဆီးက အသင်းဖော်တွေ၊ ဇာဘီ နဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေနဲ့အတူ လေ့ကျင့်ခန်းတွေ စတင် ပြုလုပ်ရတော့မှာ ဖြစ်တဲ့အတွက် အရမ်းပဲပျော်ရွှင်မိပါတယ်။
မေး - ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကာဂလီယာရီ အသင်းကို အဌားသွားရောက်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြောပြပေးပါဦးလား..?
“ဟုတ်ပါတယ်..။ ကာဂလီယာရီအသင်းက ကျွန်တော့်ရဲ့ ဘဝကို ပြောင်းလဲပေးခဲ့ပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအသင်းမှာ ကျွန်တော်ဟာ စီးရီးအေပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အနေနဲ့ ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရခဲ့တဲ့ ဘောလုံးရာသီလည်း ဖြစ်နေခဲ့လို့ပါ။ ပြီးတော့ ကာဂလီယာရီအသင်း ပရိသတ်တွေကလည်း ကျွန်တော့်ကို အရမ်းချစ်ကြပါတယ်..။
ဒါကြောင့် ကိုယ့်ကိုယ်ကို အရေးပါတဲ့ ကစားသမားတစ်ယောက်လို့ ခံစားရစေတဲ့အတွက် အဲဒီအချက်ကလည်း ကျွန်တော့်အတွက် အရေးကြီးဆုံး အရာတွေထဲကတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ကာဂလီယာရီအသင်းက အသင်းဖော်တွေကလည်း လူငယ်ကစားသမားတစ်ယောက် ဖွံ့ဖြိုး၊ တိုးတက်လာဖို့အတွက် တကယ့်ကို ပြည့်စုံကောင်းမွန်လှတဲ့ အထောက်အပံ့၊ ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

မေး - ဒါဆိုရင် ကာဂလီယာရီအသင်းမှာ ဖြတ်သန်းလာခဲ့ရတဲ့ အဆတွ့အကြုံတွေဟာ ချယ်လ်ဆီးအသင်းမှာ မြန်မြန်ဆန်ဆန်နဲ့ အထိုင်ကျနိုင်ဖို့ အထောက်အပံ့ ဖြစ်လာလိမ့်မယ်လို့ ယူဆနိုင်တာပေါ့..
“ဟုတ်ပါတယ်၊ သေချာတာပေါ့ဗျာ..။ ကာဂလီယာရီ အသင်းမှာတုန်းကလည်း ကျွန်တော်ဟာ စီးရီးအေပြိုင်ပွဲရဲ့ ထိပ်တန်းကစားသမားကြီးတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီမှာကတော့ အနည်းငယ် ကွဲပြား၊ ခြားနားပါတယ်။ ဒါပေမယ့် ကျွန်တော်အရမ်းပျော်ရွှင်မိသလို ဒီကိုရောက်ရှိလာရတဲ့အတွက် တကယ့်ကို ကျေနပ်၊ ဝမ်းမြောက်မိပါတယ်။ ချယ်လ်ဆီးအသင်းမှာ ကမ္ဘာ့အဆင့် ကစားသမားတွေ အများကြီး ရှိနေတာကြောင့် အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းတွေ စတင်ဆင်းရမယ့်အချိန်ကို တကယ်ပဲ မျှော်လင့်နေမိပါတယ်။
မေး - ခင်ဗျားရဲ့ကစားဟန်နဲ့ အကျွမ်းတဝင်မရှိသေးတဲ့ ချယ်လ်ဆီး ပရိသတ်တစ်ချို့အတွက် ခင်ဗျားရဲ့အကြောင်း ပြောပြပေးပါလား..
ကျွန်တော်ဟာ ကိုယ်ပိုင်အရည်အချင်း၊ စရိုက်လက္ခဏာ (Personality) အပြည့်ရှိတဲ့ ကစားသမားတစ်ယောက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ ပွဲစဉ်တစ်လျှောက်လုံးမှာ ပြိုင်ဘက် ကစားသမားတွေကို တစ်ဦးချင်း (1 vs 1) ရင်ဆိုင်၊ ကျော်ဖြတ်ရတာကို သဘောကျလို့ဖြစ်ပါတယ်။ ဒီအသင်းမှာ အစွမ်းရှိသမျှ ကြိုးစား၊ ပေးဆပ်သွားမှာပါ..။
ဘာဖြစ်လို့လဲဆိုတော့ ဒီအသင်းဟာ ကျွန်တော့်အတွက် အရမ်းကိုအရေးကြီးလို့ပါပဲ။ ဟုတ်ပါတယ်.. ကျွန်တော်အရမ်းပျော်ပါတယ်…။ နောက်ပြီးအပြာရောင်ပရိသတ်တွေ အားလုံးနဲ့ရင်းနှီးခွင့် ရချင်ပါတယ်။ ဒီအသင်းရဲ့ အပြာရောင်ခြင်္သေ့တံဆိပ် (Badge) အတွက် အရာရာအားလုံး အစွမ်းကုန်၊ ကြိုးစား ပေးဆပ်သွားမယ်လို့ ကတိပြုပါတယ်။

မေး - ခင်ဗျားတို့အီတလီနိုင်ငံက ဂန္ထဝင် ကစားသမားကြီးတွေဟာ ချယ်လ်ဆီးအသင်းမှာ အောင်မြင်ခဲ့တဲ့ သမိုင်းကြောင်း၊ အစဉ်အလာကောင်းတွေ စိုက်ထူနိုင်ခဲ့ကြတယ်နော်..
“မှန်ပါတယ်..။ အဲဒီအချက်ကလည်း သိပ်ကိုအရေးကြီးပါတယ်။ ဒီအသင်းမှာ အီတလီလူမျိုး ကစားသမားတွေ အများကြီး ရှိခဲ့ဖူးသလို ကျွန်တော့်အနေနဲ့လည်း အီတလီကစားသမားတွေအတွက် ဒီလိုအစဉ်အလာကောင်းမွန်ခဲ့တဲ့ သမိုင်းကြောင်းကောင်းတွေကို ဆက်လက် ထိန်းသိမ်းသွားချင်ပါတယ်။
မေး - ချယ်လ်ဆီးအသင်းနဲ့အတူ ဘယ်လိုအောင်မြင်မှုတွေရရှိ၊ ဆွတ်ခူးနိုင်ဖို့ ရည်မှန်းထားလဲ..?
ကျွန်တော့်ရဲ့ ကိုယ်ပိုင်အရည်အချင်းကို နေ့တိုင်းတိုးတက်အောင် ကြိုးစား၊ လုပ်ဆောင်သွားချင်တဲ့ ဆန္ဒရှိနေပြီး အဲဒီလို စွမ်းဆောင်နိုင်လိမ့်မယ်လို့လည်း အပြည့်အဝ ယုံကြည်ထားပါတယ်။ ပြီးတော့ ဆုဖလားတွေ ဆွတ်ခူး၊ ရရှိချင်ပါတယ်..။ ဆုဖလားတွေဟာ ကျွန်တော်တို့ဘောလုံးလောကရဲ့ အရေးအကြီးဆုံးအရာ ဖြစ်ပါတယ်..။ ဒါကြောင့် Yeah..! ဟုတ်ပါတယ်၊ ကျွန်တော်အရမ်း ပျော်ပါတယ်။ ကျွန်တော့်မှာ အနိုင်ရလိုတဲ့ စိတ်ဓာတ်၊ အောင်ပွဲဆာလောင်စိတ် (Mentality to win) အပြည့်ရှိနေပြီး၊ ကျွန်တော်တို့ အောင်မြင်မှုတွေ သေချာပေါက်ရရှိမှာ ဖြစ်တာကြောင့် အသင်းနဲ့အတူ အမြန်ဆုံးစတင်ရမယ့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေပါပြီ။
မေး - အခုလိုကျွန်တော့်ရဲ့ မေးမြန်းချက်တွေကို ဖြေကြားပေးတဲ့အတွက် အထူးကျေးဇူးပါ..။ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းကြီးမှာ ပြန်ဆုံကြတာပေါ့ဗျာ..။ နောက်ဆုံးအနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ အပြာရောင်ပရိသတ်ကြီးအတွက် စကားတစ်ခွန်းလောက် ပါးခဲ့ပေးပါဦးလား..
မကြာခင်မှာ ဆုံတွေ့ကြတာပေါ့ ပရိသတ်ကြီးတို့ရေ။ ကျွန်တော်လည်း အရမ်းကိုပျော်ရွှင်နေပြီး စတန်းဖို့ဒ် ဘရစ်ချ်ကွင်းကြီးရဲ့ မြက်ခင်းစိမ်းထက်မှာ ခင်ဗျားတို့နဲ့ တွေ့ဆုံခွင့်ရဖို့ မစောင့်နိုင်တော့ပါဘူး။
