၂၀၂၆/၂၇ ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းကို တာဝန်ယူမည့် မန်နေဂျာသစ် ဇာဘီ အလွန်ဆို မှာ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းသို့ ယနေ့တွင်ရောက်ရှိပြီး ရာသီကြို ပြင်ဆင်မှု အစီအစဉ်များကို စတင်ခဲ့သည်။ စပိန်လူမျိုး မန်နေဂျာသစ်မှာ ချယ်လ်ဆီးအသင်းကို တာဝန်ယူခွင့်ရသည့်အပေါ် ခံစားချက်၊ အချိန်ကိုက် အခွင့်အရေး ရရှိခဲ့သည်ဟု ထင်မြင်ရသည့် အကြောင်းရင်းများနှင့် သူတည်ဆောက်ချင်သော အသင်း၏ အစဉ်အလာ၊ ယဉ်ကျေးမှု၊ အလေ့အထများအကြောင်းကို ချယ်လ်ဆီးအသင်း Official Website နှင့် ပြုလုပ်ခဲ့သော ပထမဆုံး တွေ့ဆုံခန်း အစီအစဉ်တွင် အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်။
မေး - Hi.. ဇာဘီ ရေ.. ခင်ဗျားနဲ့ ဆုံတွေ့ခွင့်ရတဲ့အပေါ် အရမ်းပဲ ကျေနပ်၊ ဝမ်းမြောက်မိပါတယ်..။ ဘယ်လိုလဲ..? လန်ဒန်မှာ အထိုင်ကျနေပြီလား..?
Yeah.. Yeah..! အခုကိုအတော်လေး အသားကျနေပါပြီ..။ ကောင်းမွန်တဲ့ အငွေ့အသက်တွေ ခံစား၊ ရရှိနေပါတယ်..။ ချယ်လ်ဆီးအသင်းနဲ့ စတင်ရမယ့်အချိန်ကို မစောင့်နိုင်အောင်ပါပဲ..။
မေး - ဟုတ်ကဲ့ပါ..၊ ချယ်လ်ဆီးအသင်းရဲ့ ‘မန်နေဂျာ’.. အဲဒီရာထူးနဲ့ ခေါ်ဝေါ်ခံရမှုအပေါ် ဘယ်လိုများ ခံစားမိနေလဲ..?
တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းသလို ကျွန်တော့်အတွက် သိပ်ကိုကြီးမားတဲ့ ဂုဏ်ယူမှုတစ်ခုလည်း ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း ကြီးမားတဲ့ အောင်မြင်မှုတွေ အများကြီး ရရှိခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းတွေထဲက တစ်သင်းဖြစ်ခဲ့ပါတယ်..။ ဒီလိုကြီးကျယ်ခမ်းနားတဲ့ အသင်းကြီးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခွင့်ရတာဟာ တကယ့်ကို ထူးခြားတဲ့ အခွင့်အရေး (Privilege) တစ်ခုလို့ ပြောရမှာပါပဲ..။ အခုအချိန်မှာတော့ ရှေ့လာမယ့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဖို့ကို အထူးမျှော်လင့် စောင့်စားနေမိပါတယ်။ ကျွန်တော်တို့ရဲ့ရှေ့မှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ — အနှစ်သာရရှိပြီး ရင်ခုန်စရာကောင်းလှတဲ့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ဒါပေမယ့် အဲဒီစိန်ခေါ်မှုတွေကပဲ အခုလက်ရှိအချိန်ရဲ့ ပကတိ အလှတရား (Beauty of the moment) ဖြစ်နေပါတယ်။
မေး - ခင်ဗျားကိုမန်နေဂျာအဖြစ် ခန့်အပ်လိုက်တဲ့ သတင်းကို နွေရာသီအစမှာပဲ စောစောစီးစီး ထုတ်ပြန်၊ ကြေငြာခဲ့ပါတယ်..။ အဲဒီကြေငြာချက်ဟာ ခင်ဗျားအတွက် ဘယ်လောက်အထိ အရေးကြီးခဲ့လဲ..?
အချိန်ကိုက်ဖြစ်ဖို့ အမြဲတမ်းအရေးကြီးပါတယ်။ အခုတစ်ကြိမ်မှာတော့ အရာရာဟာ တကယ့်ကို အချိန်ကိုက် ဖြစ်ခဲ့ပါတယ်..။ ပြီးတော့ ဒီအသင်းကို တာဝန်ယူခွင့်ရဖို့ အလားအလာနဲ့ အခွင့်အလမ်းဟာ ကျွန်တော့်အတွက် အမှန်ကန်ဆုံးဖြစ်တယ်လို့ သေချာပေါက် ယုံကြည်မှုရှိခဲ့ပါတယ်။ လက်ရှိအသင်းရဲ့ အလားအလာနဲ့ ကစားသမားစုဖွဲ့မှုအပေါ် တကယ်ပဲ စိတ်လှုပ်ရှားစေခဲ့ပါတယ်..။ ပြီးတော့ဒီအသင်းနဲ့ လက်တွဲခွင့်ရဖို့၊ ကွင်းအတွင်းမှာ အတွေးအခေါ်သစ်၊ ဒဿနအသစ်တစ်ခု ချနိုင်ပြဖို့၊ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းကြီးတစ်ခုလုံးကို စိတ်လှုပ်ရှားမှုတွေ ယူဆောင်လာပေးဖို့နဲ့ ပရိသတ်တွေနဲ့ တစ်သားတည်းဖြစ်ပြီး ကျွန်တော်တို့ရဲ့ စွမ်းဆောင်မှုတွေကို ပရိသတ်တွေ အမှန်တကယ် သဘောကျလာအောင် ဖန်တီးပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။
စတန်းဖို့ဒ် ဘရစ်ချ် ကွင်းကြီးထဲကို ကျွန်တော် ရောက်ဖူးပါတယ်။ များသောအားဖြင့် ပြိုင်ဘက်အသင်း အနေနဲ့ပေါ့ဗျာ..။ ဒါပေမယ့် ဒီကွင်းကြီးထဲမှာ ဖြစ်တည်နေတဲ့ စွမ်းအင်တွေ၊ စိတ်အားထက်သန်မှုတွေကို ကျွန်တော် ကောင်းကောင်းကြီးသိပါတယ်။ အခုအခါမှာတော့ ကျွန်တော်တို့အားလုံးဟာ အဲဒီစွမ်းအင်တွေနဲ့ စည်းနှောင်နေတဲ့ အနှောင်အဖွဲ့သစ်တစ်ခုကို အတူတူ ဖန်တီး၊ ရယူသွားရမှာဖြစ်ပါတယ်။

မေး - အသင်းရဲ့ အနာဂတ် အလားအလာ (potential) နဲ့ ပတ်သက်ပြီး ဆွေးနွေးရမှာကို အရမ်းစိတ်ဝင်စားမိပါတယ်..။ ချယ်လ်ဆီးအသင်းကို ရွေးချယ်လိုက်ဖို့ ခင်ဗျားရဲ့စိတ်ထဲမှာ ဘယ်လိုအတွေးအကြံတွေက အဓိကကျခဲ့လဲ..?
လက်ရှိအသင်း ကစားသမားတွေဟာ ဥရောပဘောလုံးလောကရဲ့ ထိပ်တန်းအသင်းကြီးတွေနဲ့ အမြင့်ဆုံးအဆင့်မှာ ယှဉ်ပြိုင်ကစားခဲ့ပြီး တိုက်ပွဲဝင်ခဲ့တာ မကြာသေးပါဘူး..။ သူတို့ရဲ့ကစားပုံဟာ ဒီအသင်းမှာရှိနေတဲ့ ကစားသမားတွေရဲ့ အလားအလာကို ပြသနေဆဲပဲဆိုတာ အပြည့်အဝ ယုံကြည်စိတ်ချ စေခဲ့ပါတယ်။ ဒါတွေဟာ ကစားသမားတွေရဲ့ ပင်ကိုယ်အရည်အသွေးကြောင့်ရော၊ သူတို့ပြသခဲ့တဲ့ ကစားဟန်ရဲ့ အရည်အသွေးကြောင့် ဖြစ်ပါတယ်။
အခုကျွန်တော်တို့ ဆက်လက်လုပ်ဆောင်ရမှာကတော့ အရင်ရရှိထားတဲ့ ကောင်းမွန်တဲ့ အရာတွေကို ဆက်လက်ထိန်းသိမ်း၊ သယ်ဆောင်သွားဖို့နဲ့ ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်ရဲ့ သိပ်ကိုပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ အဆင့်တစ်ခုဆီကို ရောက်ရှိလာတာ ဖြစ်တယ်ဆိုတာ သိရှိနားလည်ထားဖို့ပါပဲ..။ ဒါကလည်း စိန်ခေါ်မှုတစ်ခုပေါ့ဗျာ..။
ဒါပေမယ့် ကစားသမားတိုင်းဆီက အစွမ်းကုန်ပေးဆပ် ကြိုးစားမှု၊ ပြီးတော့ ကျွန်တော်တို့ ချမှတ်ရမယ့် ဆုံးဖြတ်ချက်တွေအပေါ် မှန်ကန်၊ ပြတ်သားတဲ့ အရည်အသွေးတွေ ပြသနေမယ်ဆိုရင် တကယ့်ကို ထူးခြားကောင်းမွန်တဲ့ ရာသီတစ်ခုကို ကျွန်တော်တို့အားလုံး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခွင့်ရလိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။ အဲဒီအချက်ဟာ ကျွန်တော်တို့ လိုလားတဲ့အရာလည်း ဖြစ်ပါတယ်
မေး - အသင်းရဲ့သမိုင်းကြောင်းနဲ့ အောင်ပွဲဆာလောင်စိတ် (winning mentality) ပြင်းထန်ဖို့ လိုအပ်တဲ့အကြောင်း ပြောသွားတာ စိတ်ဝင်စားဖို့ကောင်းတယ်ဗျာ။ အဲဒီအချက်ကို ခင်ဗျားရဲ့ကစားသမား ဘဝမှာရော၊ နည်းပြဘဝ တစ်လျှောက်လုံးမှာပါ ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရပါတယ်..။ အဲဒီစိတ်ဓာတ်မျိုးဟာ ခင်ဗျားဆီမှာ အမြဲတမ်း ကိန်းအောင်း (ဒါမှမဟုတ်) စွဲမြဲနေပြီး ရှိနေခဲ့တာလား?
သေချာတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ ဘောလုံးကစားနည်းကို ချစ်မြတ်နိုးတယ်၊ ဘောလုံးနဲ့ပဲ အသက်မွေး၊ ရှင်သန်နေခဲ့တာကိုးဗျ..။ ကျွန်တော်ဟာ မွေးဖွားလာကတည်းက ဘောလုံးလောကထဲမှာပဲ ကြီးပြင်းခဲ့တာပါ။ ဒါကြောင့် အဲဒီစိတ်ဓါတ်နဲ့ ကြိုးစား၊ အားထုတ်မှုတွေဟာ ကျွန်တော့်အသွေးအသားထဲမှာ စီးဆင်းနေတာပါ။ ကစားသမားဘဝတုန်းကလည်း ဒီလိုပဲ ကြိုးစားခဲ့သလို အခုနည်းပြဘဝမှာလည်း အဲဒီအတိုင်း ဆက်လက်ကြိုးစားနေဆဲပါပဲ။
ပြီးတော့ အသင်းသားတွေကို အဲဒီလိုစိတ်ဓာတ်မျိုး ရိုက်သွင်းပေးချင်တယ်၊ လက်ဆင့်ကမ်းပေးချင်ပါတယ်။ ကျွန်တော်တို့တွေဟာ ကစားပွဲအပေါ်မှာ အပြည့်အဝရူးသွပ်မှု ရှိရမှာဖြစ်သလို အမြဲတမ်း တိုးတက်ချင်တဲ့ ဆာလောင်မှု၊ ပြိုင်ဆိုင်လိုစိတ်တွေနဲ့ ဘယ်နေရာကိုပဲသွားသွား ‘ငါတို့နိုင်ရမယ်’ ဆိုတဲ့ ခံစားချက်မျိုး ရှိနေဖို့ လိုအပ်ပါတယ်။ ကျွန်တော်ဟာ ကစားသမားတုန်းကလည်း အဲဒီစိတ်ဓါတ်အတိုင်း တစိုက်မတ်မတ် ကြိုးစားခဲ့သလို အခုနည်းပြဘဝ ကွင်းဘေးစည်းအပြင်ကနေ "အိုကေ၊ ကစားသမားလေးတွေဟာ ငါဖြစ်စေချင်သလို အစွမ်းကုန် ကြိုးစားနေကြတယ်.." ဆိုတဲ့ ပီတိကြောင့် ကျွန်တော်ဟာ တကယ်ကို ပျော်ရွှင်ရတယ်၊ စိတ်လှုပ်ရှား ရင်ခုန်ရပါတယ်။

မေး - ဟုတ်ကဲ့ပါ..။ ခင်ဗျားရဲ့ရာသီကြို ပြင်ဆင်မှု အစီအစဉ်တွေအတွက် စဉ်းစားထားတာတွေကို ပြောပြနိုင်မလား..?
ဒီအသင်းရဲ့ စံချိန်၊ စံနှုန်းတွေဟာ အမြင့်မားဆုံးအဆင့်မှာ ရှိပါတယ်။ အသင်းဖွဲ့စည်းပုံလည်း ကောင်းမွန်ပြီးသားပါ၊ ဒါပေမယ့် အဲဒီလိုအကောင်းဆုံးတွေကို ရှင်သန်၊ ထမြောက်လာဖို့ ဝိညာဉ်တစ်ခု အသက်သွင်းပေးဖို့ လိုအပ်သလို ရှင်သန်ရမယ့် ရည်ရွယ်ချက်၊ တွန်းအားမျိုးလည်း ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အတူတူ လက်တွဲတဲ့အခါမှာ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာဖို့အတွက် ကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေ၊ ကောင်းမွန်တဲ့ စွမ်းအင်တွေနဲ့ အပြုသဘောဆောင်တဲ့ အရာတွေ ယူဆောင်လာပေးရမှာပါ။ အခုတော့ ကျွန်တော်တို့ဆီမှာ အဲဒီအတွက် လိုအပ်တဲ့ အခြေခံအချက်အလက်တွေ အစုံအလင် ရှိနေပါပြီ။
ဒါကြောင့် ရှေ့ဆက်မယ့် အရာတွေကို မျှော်လင့်စောင့်စားနေပါတယ်။ မနက်ဖြန်ဆိုရင် ကျွန်တော်ဟာ ကစားသမားလေးတွေနဲ့ အတူရှိနေတော့မှာပါ။ ကျွန်တော်တို့အချင်းချင်း ချိတ်ဆက်မှုတွေကို စတင် တည်ဆောက်သွားရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ အရာရာအားလုံးဟာ လူသားအချင်းချင်းကြားမှာ ရှိနေတဲ့ နားလည်မှု၊ ချိတ်ဆက်မှုတွေ အပေါ်မှာပဲ အခြေခံနေတာကြောင့် ဖြစ်ပါတယ်..။ သူတို့တွေ စိတ်ချမ်းမြေ့ ပျော်ရွှင်နေဖို့ အတွက်ပေါ့။ သူတို့လေးတွေ စိတ်အခြေအနေ ကောင်းမွန်နေတဲ့အခါ စွမ်းဆောင်ရည်လည်း ကောင်းမွန်တာပါပဲ။
မေး - သိပ်ကိုကောင်းမွန်တဲ့ ထောက်ပြချက်ပဲဗျ..။ အဲဒီလို လူသားအချင်းချင်း နားလည်မှု၊ ချိတ်ဆက်မှုတွေဟာ ခိုင်မာတဲ့ ဆက်ဆံရေ.. ရင်းနှီးမှုတစ်ခု တည်ဆောက်တဲ့နေရာမှာ ဘယ်လောက်အထိ အရေးပါနိုင်ပါလဲ..?
အရေးအကြီးဆုံး အချက်လို့ ပြောရမှာပါပဲ။ သူတို့တွေဆီမှာ ဘယ်လိုအရည်အသွေးတွေရှိလဲဆိုတာ ကျွန်တော် သိပါတယ်..၊ ဒါပေမယ့် အခုကျွန်တော်တို့ လုပ်ချင်တဲ့အရာအတွက် ဘုံရည်မှန်းချက်တစ်ခု၊ ဘုံယုံကြည်ချက်တစ်ခု အတူတူမျှဝေ၊ ဆုပ်ကိုင်ထားနိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီရည်မှန်းချက်ဟာ ကျွန်တော် သဘောကျတဲ့အရာ ဖြစ်ရမယ့်အပြင် သူတို့နဲ့အတူ တည်ဆောက်ချင်တဲ့အရာလည်း ဖြစ်ရပါမယ်..။ အဲဒီကဆင့် ရှေ့ဆက်ပြီး ကျွန်တော်တို့ ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲအားလုံးမှာ ဘယ်လိုပုံစံနဲ့ အစွမ်းကုန်ကြိုးစား၊ ယှဉ်ပြိုင်မလဲ? ဆိုတဲ့အပေါ် သူတို့တွေဆီက စိတ်လှုပ်ရှား၊ တက်ကြွမှုတွေကို ခံစား၊ ရရှိချင်တာကြောင့် ဖြစ်ပါတယ်..။
မေး - အသင်းရဲ့ စံနှုန်းတွေနဲ့ ပတ်သက်ပြီး ကစားသမားတွေဆီကနေ ခင်ဗျားဘာတွေ တောင်းဆိုလေ့ရှိလဲ? ဆိုတာ သိပါရစေ။ လေ့ကျင့်ရေးအစီအစဉ်တွေတင်မကဘဲ သူတို့တွေရဲ့ အကျင့်စရိုက်ပိုင်း၊ ပွဲကြိုပြင်ဆင်မှု အပိုင်းတွေမှာ နည်းပြတစ်ယောက်အနေနဲ့ ဘာတွေမျှော်လင့်ထားပါလဲ?
ဘောလုံးနဲ့ ပတ်သက်ရင် ကျွန်တော့်ဆီမှာ ဘယ်လိုမှအလျှော့ပေး၊ ညှိနှိုင်းလို့မရတဲ့ ခံယူချက်၊ သတ်မှတ်ချက်တွေ ရှိပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့အလုပ်အပေါ်မှာ စိတ်အားထက်သန်မှု အပြည့်ရှိရပါမယ်။ ဘောလုံးလောကရဲ့ အမြင့်ဆုံးစင်မြင့်မှာ ယှဉ်ပြိုင်ချင်တယ်ဆိုရင် ပေးဆပ်ရမယ့် အရာမှန်သမျှကို အကုန်ပေးဆပ်နိုင်ဖို့ အသင့်ဖြစ်နေရမယ်။ အားမွေးထားတာမျိုး၊ ချန်ထားတာမျိုး လုပ်လို့မရဘူး။ အသင်းရဲ့အကျိုးအတွက် ကိုယ့်မှာရှိတဲ့ အစွမ်းအစအားလုံးကို ထုတ်သုံးပါမယ်။ ဘာပဲဖြစ်ဖြစ် အသင်းက ‘အမြဲတမ်း ပထမ’ ပါပဲ။

ကျွန်တော်တို့အသင်းမှာ အဲဒီလိုယဉ်ကျေးမှု… အလေ့အထမျိုး ဖြစ်တည်လာအောင် တည်ဆောက်ရပါမယ်၊ ဒါက အချိန်ယူရမယ့် ဖြစ်စဉ်တစ်ခုပေါ့ဗျာ..။ အဲဒီဖြစ်စဉ်ဟာဘာလဲ? ဆိုတော့ ပရိသတ်တွေရှေ့မှာ ခြေစွမ်းပြနိုင်ဖို့ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းမှာ ကျွန်တော်တို့နေ့စဉ်နေ့တိုင်း လေ့ကျင့်၊ ပြင်ဆင်နေတဲ့အရာတွေပါပဲ။ အဓိက အရေးအကြီးဆုံးကတော့ နေ့စဉ်ဖြတ်သန်းမှုတိုင်းမှာ ကျွန်တော်တို့ဟာ အကောင်းဆုံးဖြစ်နေရမယ်၊ ပြီးတော့ အသင်းက အရာအားလုံးထက် ပိုပြီးအရေးကြီးတယ်ဆိုတာကို အမြဲတမ်း နှလုံးသွင်းထားရပါမယ်။
မေး - အသင်းရဲ့ "ယဉ်ကျေးမှု (အလေ့အထ)" ဆိုတဲ့ စကားလုံးကို သုံးသွားတယ်နော်။ ဘောလုံးအသင်း တစ်ခုလုံးမှာ မှန်ကန်တဲ့ ယဉ်ကျေးမှုမျိုး ရှိနေဖို့ ဘယ်လောက်အထိ အရေးပါလဲဗျ?
ကျွန်တော်ကတော့ အသင်းမှာ ခိုင်မာတဲ့ယဉ်ကျေးမှုတစ်ခု ရှိနေပြီးသားလို့ ယူဆပါတယ်။ အသင်းမှာ အဓိက အမာခံလူစာရင်း ရှိပြီးသားပဲလေ။ အဲဒီတော့ အသင်းမှာ နှစ်ပေါင်းများစွာ အခြေကျနေတဲ့ ကစားသမားတွေဟာ အသင်းကို ရောက်လာတဲ့ လူငယ်ကစားသမားတွေကို အဲဒီလိုစိတ်ဓာတ်မျိုး ဝင်လာအောင် ကူညီပေးရပါမယ်။ သူတို့တွေရဲ့ ကောင်းမွန်တဲ့ အကျင့်စရိုက်၊ ကြိုးစားအားထုတ်မှု၊ အရာအားလုံးထက် အသင်းက ပိုပြီးအရေးကြီးတယ် ဆိုတဲ့ ခံယူချက်တွေနဲ့ပေါ့ဗျာ..။
ဒါမှလည်း နေ့စဉ်နေ့တိုင်း အဲဒီအမြင်မျိုးတွေ ဖြစ်တည်၊ ကိန်းအောင်းပြီး အသင်းရဲ့ ယဉ်ကျေးမှုကို ဖန်တီးနိုင်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာတည်ဆောက်လိုက်တဲ့ အလေ့အထ… ယဉ်ကျေးမှုဟာ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းထဲတင်မကဘဲ စနေ၊ တနင်္ဂနွေတွေမှာ ကစားရမယ့် အဝေးကွင်းပွဲစည်တွေအပေါ်မှာပါ တိုက်ရိုက်သက်ရောက်သွားမှာ ဖြစ်တာကြောင့်ပါပဲ။ အဲဒီအတွက် ပြင်ဆင်ဖို့အချိန် ရှိပါသေးတယ်။
မေး - ဒါဆိုရင် စတန်းဖို့ဒ် ဘရစ်ချ် အကြောင်း ဆက်ပြောကြရအောင်ဗျာ..။ ခင်ဗျားလည်း အဲဒီကွင်းကြီးထဲမှာ ကစားခဲ့ဖူးပါတယ်..။ အခုနည်းပြတစ်ယောက်အနေနဲ့ ကွင်းထဲကို ပထမဆုံးအကြိမ် ခြေချရတော့မယ်.. ဆိုတော့ ဘယ်လောက်တောင် စိတ်လှုပ်ရှားနေပြီလဲ?
လုံးဝစိတ်လှုပ်ရှားတာပေါ့ဗျာ။ အဲဒီအချိန်ကျရင် ကြက်သီးတွေတဖြန်းဖြန်း ထမိမှာ အသေအချာပဲဗျ..။ အဲဒီလိုနေ့တွေဟာ သိပ်ကိုထူးခြားပါလိမ့်မယ်..။ အိမ်ကွင်းအသစ်ကို ရောက်လာပြီဆိုရင် ခြေစွမ်းပြချင်တာပေါ့ဗျာ..။ အဲဒီပွဲက Carabao ဖလားပွဲပဲဖြစ်ဖြစ်၊ ဘရိုက်တန်နဲ့ပွဲပဲဖြစ်ဖြစ်၊ ပြက္ခဒိန်မှာ မှတ်ထားတဲ့ ပထမဆုံးနေ့ကတည်းက အဲဒီလို စိတ်ဓာတ်တက်ကြွမှုကို ရရှိချင်ပါတယ်..။ ကျွန်တော်တို့ အကောင်းဆုံး ပြင်ဆင်သွားမှာပါ။
စတန်းဖို့ဒ် ဘရစ်ချ်ကွင်းက သွေးတွေပွက်ပွက်ဆူအောင် တွန်းအားပေးနိုင်တဲ့ကွင်းမျိုး ဖြစ်ပါတယ်..။ ဒီလိုဖြစ်လာဖို့ ကစားသမားရော၊ ပရိသတ်ပါ နှစ်ဖက်စလုံးနဲ့ သက်ဆိုင်ပါတယ်..။ ပရိသတ်တွေက ကျွန်တော်တို့နဲ့အတူ ရှိနေသလို၊ အသင်းကလည်း ပရိသတ်တွေရဲ့ အားပေးသံတွေနဲ့ ပေါင်းစပ်သွားတာမျိုးပေါ့။ အိမ်ကွင်းမှာကစားရင် ‘ငါတို့ဟာ ခံတပ်ကြီးလိုပဲ..’ လို့ ခံစားလာရအောင် ပရိသတ်နဲ့ အသင်းကြားက သံယောဇဉ်ကို တည်ဆောက်ရပါမယ်။

မေး - ပြီးတော့ ခင်ဗျားဆီမှာ ပရီးမီးယားလိဂ် ကစားသမားဘဝတုန်းက ရရှိခဲ့တဲ့ အတွေ့အကြုံတွေ အများကြီး ရှိခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ ဒီလိဂ်ပြိုင်ပွဲကြီးဟာထ ဘယ်လောက်အထိ ပြောင်းလဲတိုးတက်လာပြီလို့ ထင်မိပါသလဲ?
ဟုတ်ကဲ့၊ အများကြီးပြောင်းလဲ သွားပါတယ်။ ကျွန်တော် အဲဒီမှာ ကစားခဲ့တာ တော်တော်ကြာခဲ့ပြီ
မေး - မဟုတ်တာ၊ မဟုတ်တာ၊ မဟုတ်ဘူး တင်တယ်နော်..
ဟုတ်ပါတယ်ဗျ.. ဟားဟား (ရယ်မောလျက်)။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပေါ့ဗျာ.. ဒါပေမယ့် တကယ့်ကို ကောင်းမွန်တဲ့ နှစ်တွေလို့ ပြောရမှာပါပဲ။ အဲဒီအချိန်တုန်းက ချယ်လ်ဆီး အသင်းက ထိပ်ဆုံးမှာ ရှိခဲ့တာပါ။ ချယ်လ်ဆီးအသင်းကို ကျွန်တော် အမြဲမပြတ် စောင့်ကြည့်ဖြစ်ပါတယ်။ ဒီအသင်းမှာ ကစားနေတဲ့၊ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီနေရာဟာ ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပတ်ဝန်းကျင်တစ်ခု ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုကပဲ ကျွန်တော့်ကို စိတ်လှုပ်ရှားစေခဲ့ပါတယ်..။
ကျွန်တော်တို့ဟာ ခမ်းနား၊ ကြီးကျယ်တဲ့အရာတွေကို ဆွတ်ခူးနိုင်တယ်ဆိုတာ သက်သေပြဖို့နဲ့ အကောင်းဆုံး ယှဉ်ပြိုင်နိုင်စွမ်းရှိစေမယ့် ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ဖို့ အခွင့်အရေးပါပဲ။ ကျွန်တော်တို့ ပထမဆုံးနှစ်တွေ၊ ပထမဆုံး ပွဲစဉ်တွေမှာ တာထွက်ကောင်းကောင်းနဲ့ စတင်ချင်ပါတယ်။ မေလ (ရာသီကုန်) အကြောင်းကို မတွေးသေးပါဘူး။ စက်တင်ဘာလအကြောင်းကိုပဲ တွေးနေတာပါ။ ဘောလုံးရာသီ တစ်ခုကို အပိုင်းတိုလေးတွေ (short blocks) ခွဲခြားပြီး ဖြတ်သန်းသွားမှာပါ။ ကျွန်တော်တို့ တာထွက်ကောင်းချင်ပါတယ်၊ အဲဒါအတွက် ကျွန်တော်တို့ဆီမှာ ကောင်းမွန်တဲ့ ရာသီကြို ပြင်ဆင်မှုတွေ ရှိနေရပါမယ်။
မေး - ပရီးမီးယားလိဂ်အကြောင်း ပြောခဲ့တော့... အခုလို နည်းပြဘဝနဲ့ ဖြတ်သန်းခဲ့တဲ့ကာလမှာ ပရီးမီးယားလိဂ်ကို ပြန်လာရတာ အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတယ်လို့ ထင်ပါသလားဗျ?
ဟုတ်ပါတယ်၊ စောစောက အချိန်ကိုက်ဖြစ်မှု (timing) အကြောင်း ကျွန်တော်တို့ ပြောခဲ့ကြပါသေးတယ်။ အရာအားလုံး အချိန်ကိုက်ဖြစ်ဖို့ အရေးကြီးပါတယ်။ ကျွန်တော့်အတွက်တော့ ဂျာမနီနဲ့ စပိန်မှာ အတွေ့အကြုံတွေ ရပြီးတဲ့နောက် ပရီးမီးယားလိဂ်မှာ စိန်ခေါ်မှုအသစ်ကို စမ်းသပ်ကြည့်ဖို့ စိတ်လှုပ်ရှားခဲ့ရပြီး အခုအချိန်ဟာ အချိန်ကိုက်ပါပဲ..။ မှန်ကန်တဲ့အသင်းဆီကနေ ကောင်းမွန်တဲ့ အခွင့်အရေး ရရှိတယ်.. ဆိုတဲ့ ခံစားချက်မျိုးနဲ့ ရောက်ရှိလာခဲ့တာပါ။ ပရီးမီးယားလိဂ်က သိပ်ကိုစိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ အခုတော့ ကွင်းဘေး၊ စည်းအပြင်ကနေ အဲဒီအရှိန်အဝါကို ခံစားရမယ့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေပါပြီ။

မေး - ခင်ဗျားရဲ့ ကစားသမား ဘဝအကြောင်း ပြောသွားတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ခင်ဗျားဟာ နာမည်ကြီး နည်းပြတွေ၊ သိပ်ကိုအရှိန်အဝါ ကြီးမားလှတဲ့ ပုဂ္ဂိုလ်တွေ အများကြီးအောက်မှာ ကစားခဲ့ဖူးပါတယ်..။ ခင်ဗျားရဲ့ ကစားသမားဘဝ တစ်လျှောက်လုံးမှာ နောက်ပိုင်း နည်းပြလုပ်မယ့်အချိန်ကို ကြိုတွေးပြီး သူတို့ရဲ့ နည်းပြပုံစံ၊ စီမံခန့်ခွဲမှု ပုံစံတွေထဲက အချက်အလက်တွေကို မှတ်သား၊ ယူငင်ခဲ့တာမျိုး ရှိပါသလား?
အမြဲတမ်းပေါ့ဗျာ..။ အမြဲတမ်း ရှိခဲ့ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ ကစားသမား ဘဝမှာလည်း အသင်းတစ်ခုလုံးကို ခြုံငုံကြည့်တဲ့ (collective vision) အမြင် အမြဲရှိခဲ့လို့ပါပဲ။ ဒါကြောင့် ကစားနေတဲ့ အချိန်မှာတင် ပွဲတစ်ခုလုံးရဲ့ ကစားကွက်၊ ဗျူဟာကို နားလည်ဖို့ လိုအပ်ခဲ့ပါတယ်..။ ဘောလုံးအပေါ် အဲဒီလို နားလည်နိုင်ခဲ့ခြင်းကပဲ ကျွန်တော့်ကို နည်းပြတစ်ယောက် ဖြစ်ချင်လာအောင် ကူညီပေးခဲ့ပြီး အခုဆိုရင် ချယ်လ်ဆီးအသင်းဆီ ရောက်လာတဲ့အထိ အဆင့်ဆင့် လျှောက်လှမ်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်..။ အဲဒီလို ခံယူချက်ကို ကျွန်တော်တို့လို ကွင်းလယ်ကစားသမားတွေကြားမှာ အင်မတန် အတွေ့ရများပါတယ်။
မေး - ဟုတ်ရဲ့လားဗျ..?
ဟုတ်ပါတယ်၊ ကွင်းလယ် ကစားသမားတွေကြားမှာ အတွေ့ရများသလို နည်းပြကောင်းတွေဆီက လွှမ်းမိုးမှုတွေ အများကြီးရခဲ့ရင်လည်း ဒီလိုပဲ ဖြစ်တတ်ပါတယ်။ ဆန် ဆီဘက်စတီယန်၊ ရီးရဲလ် ဆိုစီဒက်၊ လီဗာပူး၊ ရီးရဲလ် မက်ဒရစ်၊ ဘိုင်ယန် မြူးနစ်နဲ့ နိုင်ငံလက်ရွေးစင်အသင်းက နည်းပြတွေအားလုံးက ကျွန်တော့်ကို ကူညီပေးခဲ့ကြပါတယ်,,။ ဒါပေမယ့် နောက်ဆုံးမှာတော့ နည်းပြတိုင်းဟာ ကိုယ်ပိုင်နည်းပြစတိုင်၊ ကိုယ်ပိုင်ဟန် ရှိနေဖို့လိုပြီး စစ်မှန်မှု (authenticity) ရှိဖို့လည်း လိုအပ်ပါတယ်။ ဒါမှလည်း ကိုယ့်ရဲ့ကိုယ်ပိုင် စစ်မှန်တဲ့စိတ်ဓာတ်ကို အသင်းဆီ လက်ဆင့်ကမ်းပေးနိုင်ရမှာဖြစ်သလို ဘောလုံးအပေါ်မှာ နားလည်ထားတဲ့ ကိုယ်ပိုင်နည်းလမ်းလည်း ရှိရပါမယ်။
မေး - ခင်ဗျားနဲ့ရင်းနှီးတဲ့ သူငယ်ချင်းအချို့၊ အတူတူကြီးပြင်းလာခဲ့တဲ့ မိတ်ဆွေ၊ သူငယ်ချင်းအချို့နဲ့ ထိပ်တိုက်၊ ရင်ဆိုင်ရတော့မယ်ဆိုတာ တကယ်ကို မယုံနိုင်စရာပဲဗျ..။ ဟုတ်တယ်မလား?
ဟုတ်ပါတယ်၊ တကယ့်ကို ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုလို့ ပြောရမှာပါ။ စောစောကပြောခဲ့တဲ့ ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ ပရီးမီးယားလိဂ် ပတ်ဝန်းကျင်ကြီးထဲမှာ ဆန် ဆီဘက်စတီယန် နဲ့ အနီးဆုံး ပတ်ဝန်းကျင် တစ်ခုတည်းက ကြီးပြင်းလာခဲ့တဲ့ ကလေးသုံးယောက်ဟာ ပရီးမီးယားလိဂ်ရဲ့ အကြီးကျယ်ဆုံးအသင်းသုံးသင်းရဲ့ နည်းပြတွေ ဖြစ်လာကြတာကိုးဗျ..။ ဒါကြောင့် ဒီရင်ဆိုင်မှုတွေကို အားလုံးက မျှော်လင့်စောင့်စားနေကြပါတယ်။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ကျွန်တော်တို့ တစ်ဦးချင်းစီဟာ ကိုယ့်ကလပ်အသင်းအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားကြမှာပါ။

မေး - သေချာတာပေါ့။ ခင်ဗျားရဲ့ ကြီးပြင်းလာပုံအကြောင်း ပြောရတာ အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျာပြောခဲ့သလို ဘောလုံးကစားနည်းဟာ ခင်ဗျားရဲ့ DNA ထဲမှာ ကိန်းအောင်းနေတာကိုးဗျ..။ ဟုတ်တယ်မလား?
အမြဲတမ်း.. ပေါ့ဗျာ..။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်အဖေရဲ့ လွှမ်းမိုးမှုရှိခဲ့လို့ ဖြစ်ပါတယ်..။ သူကိုယ်တိုင် ကစားသမားတစ်ဦး ဖြစ်ခဲ့သလို နောက်ပိုင်းမှာ နည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်..။ ဒါကြောင့် ကျွန်တော့်ရဲ့ ကလေးဘဝတစ်လျှောက်လုံး ဘောလုံးကွင်းတွေနဲ့ အနီးကပ်ဆုံးမှာ ရှိခဲ့တာပါ။ ကျွန်တော့်ညီကလည်း နောက်ပိုင်းမှာ ကျွန်တော်တို့နဲ့အတူတူ ဘောလုံးကစားခဲ့ကြပြီး ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်လုံး ပရော်ဖက်ရှင်နယ် ကစားသမားတွေ ဖြစ်ခွင့်ရခဲ့ကြတယ်။ ကျွန်တော်တို့ တော်တော်လေး ရင်းနှီးပါတယ်။ သူကလည်း နည်းပြအလုပ်ကို သဘောကျတော့ ကျွန်တော် ယုံကြည်ရတဲ့ အမြင်တွေကို ပေးနိုင်တဲ့သူ တစ်ယောက် ဖြစ်လာခဲ့တာပေါ့ဗျာ..။ ဒါကြောင့် ကျွန်တော်တို့ အိမ်မှာ ဘောလုံးရဲ့ဝိညာဉ် အမြဲတမ်း ရှိနေခဲ့ပါတယ်..။
မေး- ကစားသမား ဘဝတစ်လျှောက်လုံးမှာ နည်းပြတစ်ယောက်လို အမြဲတမ်းတွေးခေါ်၊ ပြင်ဆင်နေခဲ့တယ်လို့ ပြောသွားတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ခင်ဗျားရဲ့ ကစားသမားဘဝမှာ "ဒါဟာ ငါလျှောက်လှမ်းချင်တဲ့ လမ်းကြောင်း၊ ငါဟာနည်းပြလောကထဲကို ဝင်တော့မယ်" လို့ တွေးမိခဲ့တဲ့ အချိုးအကွေ့ အခိုက်အတန့်မျိုး ရှိခဲ့ပါသလား?
ဂျာမနီမှာ ဖြတ်သန်းခဲ့တဲ့ နောက်ဆုံးနှစ်တွေမှာ ကျွန်တော့်ရဲ့ ကစားသမားဘဝ အဆုံးသတ်ဖို့ နီးကပ်လာတဲ့အချိန် အဲဒီလိုအမြင်တွေ ရရှိလာဖို့ အများကြီး အထောက်အကူပြုခဲ့သလို၊ တစ်ချိန်တည်းမှာပဲ အစပျိုးမှုအသစ်တစ်ခု၊ လမ်းစအသစ်တစ်ခု ပိုပြီးနီးကပ်လာနေပြီလို့ ခံစားခဲ့ရပါတယ်။ စောစောက ပြောခဲ့သလိုပဲ ကျွန်တော်က ဘောလုံးလောကထဲမှာပဲ အမြဲကျင်လည်ခဲ့တာဆိုတော့ နည်းပြအလုပ်ကို စမ်းသပ်ကြည့်ဖြစ်မယ်ဆိုတာ သေချာပေါက် သိနေခဲ့တာပါ။ နောက်ပိုင်းကျတော့ အဲဒီအလုပ်ကို ပိုပြီးခံစားလာရတယ်၊ ပိုပြီးသဘောကျ လာပါတယ်…။ အခြေအနေတွေကလည်း တဖြည်းဖြည်း ကောင်းမွန်လာခဲ့ပါတယ်။
အခုဆိုရင် ဒါဟာတကယ့်ကို ကြီးမားတဲ့ အခွင့်အရေးကောင်းတစ်ခုလို့ ခံစားရတဲ့ နေရာသစ်တစ်ခုဆီ ရောက်ရှိလာနိုင်ဖို့အထိ ကျွန်တော်ကံကောင်းခဲ့ပါတယ်။ ဒီနေရာမှာ ကြီးကျယ်တဲ့အရာတွေကို လုပ်ဆောင်နိုင်မယ့် အခွင့်အလမ်း အင်မတန် အများကြီး ရှိနေတယ်လို့ မြင်မိတဲ့အတွက် ရှေ့ဆက်မယ့် အလုပ်တွေ၊ ကျွန်တော်တို့ ဘာကို အလိုရှိလဲဆိုတာ ရှင်းရှင်းလင်းလင်း သိမြင်မှုတွေနဲ့အတူ စိန်ခေါ်မှုတွေကို မစောင့်နိုင်အောင် ဖြစ်နေရပါတယ်..။ အခုကျွန်တော်တို့ ဒီကိုရောက်နေတာကလည်း အဲဒီလို စိန်ခေါ်မှုတွေ အတွက်ကြောင့်ပါပဲ။

မေး - ခင်ဗျားအတွက် ကြီးမားတဲ့ ပြောင်းလဲမှု (ခြေလှမ်း) တစ်ခုပေါ့။ ခင်ဗျားရဲ့ မိသားစုအတွက်လည်း ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်မှာ သေချာပါတယ်နော်။
ဒါပေါ့ဗျာ..။ သူတို့တွေဟာ ကျွန်တော့်အတွက် ကြီးမားတဲ့ ပံ့ပိုး၊ ကူညီမှုကြီးတစ်ခု အမြဲတမ်းဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ဇနီးသည် နာဂိုရေး၊ ကျွန်တော့်ကလေးတွေ၊ မိဘတွေနဲ့ ပတ်ဝန်းကျင်က မိသားစုဝင်အားလုံးပေါ့ဗျာ..။ အင်္ဂလန်ကိုတော့ ကျွန်တော်၊ ကျွန်တော့်ဇနီးနဲ့ သမီးလေးတွေနဲ့အတူ လာခဲ့တာပါ။ သားကြီးက စပိန်မှာ တက္ကသိုလ် စတက်နေပါပြီ။ ဘာပဲဖြစ်ဖြစ် လန်ဒန်မှာ နေထိုင်ခွင့်ရတဲ့ အခွင့်အရေးက အမြဲတမ်း အံ့သြဖို့ ကောင်းပါတယ်။ လန်ဒန်ရဲ့ အတွေ့အကြုံကို အလည်အပတ် မဟုတ်ပဲ အပြည့်အဝ ခံစားရမှာမျိုးပေါ့ဗျာ..။
အရင်ကတော့ ကျွန်တော်တို့ ဒီကိုအလည်လာတာ အကြိမ်ကြိမ်ပါပဲ..။ ဒါပေမယ့် အခုတော့ ဒီမြို့ကြီးရဲ့ အငွေ့အသက်ကို ကျွန်တော်တို့ အပြည့်အဝ ခံစားခွင့်ရကြတော့မှာပါ။ ကျွန်တော်ကတော့ ဒီကော့ဘ်ဟမ် (Cobham) မှာပဲ အလုပ်အပေါ် ပိုပြီး အာရုံစိုက်ဖြစ်မှာပါ၊ ဒါပေမယ့် ဟုတ်ပါတယ်၊ သူတို့တွေကတော့ အမြဲတမ်း အကောင်းဆုံး ပံ့ပိုးပေးသူတွေပါ။
မေး - ပြီးတော့ လန်ဒန်ရဲ့ ရာသီဥတုက အမြဲတမ်း အခုလိုမျိုးပဲ (နေသာနေတတ်တာ) ဆိုတာ ခင်ဗျားသိတာပဲမလား? ဟားဟား..
ဟုတ်ကဲ့၊ ကျွန်တော် ဒီမှာနေခဲ့တာ နှစ်အနည်းငယ် ရှိပြီဆိုတော့ အခုလိုနေရောင်ခြည် အမြဲတမ်း လင်းနေတာကို မြင်ရတာ ဝမ်းသာရပါတယ်ဗျာ.. ဟားဟား,.။

မေး - သေချာတာပေါ့ဗျာ။ အခုလို ခင်ဗျားကို ဒီမှာတွေ့ရတာ တကယ်ကို ဝမ်းသာမိပါတယ်။ ဒါ့အပြင်ခင်ဗျားရဲ့ ရည်မှန်းချက်တွေအကြောင်း ပြောပြသွားတာ အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ချယ်လ်ဆီးအသင်းမှာ ရှိနေမယ့် ခင်ဗျားရဲ့ သက်တမ်းတစ်လျှောက်မှာ ဘယ်လိုအရာတွေကို အောင်မြင်အောင် လုပ်ဆောင်သွားချင်ပါလဲ?
ကျွန်တော်တို့အားလုံးဟာ အရာရာကို မှန်ကန်တဲ့ နည်းလမ်းနဲ့ လုပ်ဆောင်နေကြတယ်၊ ပြီးတော့ အောင်မြင်မှုဆီကို ဦးတည်တဲ့ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေကြပြီဆိုတဲ့ ခံစားချက်မျိုးကို အတူတူ မျှဝေခံစားနိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်..။ ‘အောင်မြင်မှု’ ဆိုတာဟာ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ၊ အရည်အသွေးမြင့်မားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ကျွန်တော်တို့ တည်ဆောက်ချင်တဲ့ ကောင်းမွန်တဲ့ ယဉ်ကျေးမှုတွေရဲ့ အကျိုးဆက်တစ်ခုလို့ သိထားပါတယ်။
‘အောင်မြင်မှု’ ဆိုတဲ့ ဒီလုပ်ငန်းစဉ်ထဲမှာ လူပေါင်းများစွာ ပါဝင်ပတ်သက်နေပြီး စိန်ခေါ်မှုတွေ များပြားတယ်.. ဆိုတဲ့ ပကတိ အလှတရားလည်း ဖြစ်တည်နေပါတယ်..။ ကျွန်တော်တို့ဟာ ရည်မှန်းထားတဲ့ ပန်းတိုင်ကို လျှောက်လှမ်းနိုင်ဖို့ အသင်းမှာရှိတဲ့ လူတိုင်းဆီက အကောင်းဆုံး အရာတွေကို အမြဲတမ်း ထုတ်ယူပြီး၊ လူတိုင်းကလည်း ဖြစ်နိုင်သမျှ အကောင်းဆုံး ပုံဖော်ပေးနိုင်ဖို့နဲ့ အစွမ်းကုန် ပေးဆပ်ဖို့ ကတိကဝတ် ပြုထားကြတာပါ။
တကယ်လို့ ကျွန်တော်တို့အားလုံးဟာ နေ့စဉ်ရက်ဆက် ဒီလိုခံစားချက်မျိုးကို ဆုပ်ကိုင်၊ မျှဝေထားနိုင်မယ်ဆိုရင် အနာဂတ်အတွက် အကောင်းမြင် မျှော်လင့်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ မနက်ဖြန်မှာ ကျွန်တော်တို့ စတင်ပါပြီ။ မနက်ဖြန်.. ဆိုတဲ့ ပထမဆုံးနေ့ (day one) မှာ ကျွန်တော်တို့ အဲဒီခံစားချက်ကို ရရှိချင်ပါတယ်။ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အရာတစ်ခု စတင်နေပြီဆိုတာကို ခံစားမိစေချင်တာပါ။
မေး - ရှေ့မှာစိတ်လှုပ်ရှားစရာ အချိန်တွေ စောင့်ကြိုနေတာ သေချာပါတယ်။ အဲဒီစိတ်ကူးနဲ့အတူ ခင်ဗျားဟာ ဒီအသင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရောက်ရှိလာလို့ အရမ်းကိုစိတ်လှုပ်ရှား၊ တက်ကြွနေကြတဲ့ အပြာရောင် ချယ်လ်ဆီး ပရိသတ်တွေအတွက် ဘယ်လိုသတင်းစကား လက်ဆောင်ပါးလိုက်ချင်ပါသလဲ?
‘ကောင်းမွန်တဲ့ အရာတွေ ရောက်ရှိလာတော့မယ်’ ဆိုတဲ့ ယုံကြည်ချက်ကို ကျွန်တော်တို့ အတူတူ မျှဝေ၊ ဆုပ်ကိုင်ထားချင်ပါတယ်..။ တကယ်လို့ ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့ အသင်းမှာရှိနေတဲ့ ဒီလိုအင်အား၊ ဒီလိုစွမ်းပကားမျိုးကို ဖန်တီးနိုင်မယ်ဆိုရင်.. အဲဒီယုံကြည်ချက်ကို ရရှိပါလိမ့်မယ်..။ အဲဒီအတွက် လိုအပ်တဲ့စွမ်းအင် ယူဆောင်လာဖို့က ကျွန်တော်တို့ဆီက အရင်ဆုံးစတင်ရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့အားလုံး အတူတကွ ပူးပေါင်းမယ်ဆိုရင် လာမယ့်နှစ်တွေမှာ ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ အပြည့်အဝ ယုံကြည်ထားပါတယ်..။