feature-image

ပရီးမီးယားလိဂ်မှာ ပြိုင်ဆိုင်မှု ပြင်းထန်ကြဦးမယ့် ဘာ့စ်က်ဒေသဖွား ညီနောင်သုံးဖော်

အခုလာမယ့် ၂၀၂၆/၂၇ ဘောလုံးရာသီမှာ ဘာ့စ်က်နည်းပြတွေ ဖြစ်ကြတဲ့ မီခေးလ် အာတီတာ၊ အန်ဒိုနီ အီရာယိုလာ နဲ့ ဇာဗီ အလွန်ဆို တို့ဟာ ပရီးမီးယားလိဂ်ရဲ့ အကြီးကျယ်ဆုံး ထိပ်သီးသုံးသင်းကို ကိုင်တွယ်ခွင့်ရထားတယ်.. ဆိုတဲ့ ထူးခြားတဲ့ဂုဏ်ပုဒ်တစ်ခု ပိုင်ဆိုင်ထားကြပါတယ်။ သူတို့ရဲ့ချိတ်ဆက်၊ ဆက်နွယ်မှုဟာ ရှစ်နှစ်သား ကလေးဘဝကတည်းက ဘာ့စ်က်ဒေသ (Basque Country) မှာရှိတဲ့ လူငယ်အသင်း အသေးစားလေးတစ်ခုရဲ့ ကျောက်စရစ်ခဲမြေ ကွင်းငယ်လေးတစ်ခုမှာ အတူတူ ကစားခဲ့ကြတဲ့ အညတရ ဘဝတွေကနေ စတင်ခဲ့တာပါ။

အသက်အကြီးဆုံးဖြစ်တဲ့ အလွန်ဆို နဲ့ အသက်အငယ်ဆုံးဖြစ်တဲ့ အီရာယိုလာ တို့ရဲ့ကြား ဘာ့စ်က်ဒေသဖွား ညီနောင်သုံးဦးစလုံးဟာ ခုနစ်လပဲ ကွာခြားပြီး သူတို့ဟာ ဆန် ဆီဘက်စတီယန် (San Sebastian) မှာရှိတဲ့ အန်တီဂူအိုကို လူငယ်အသင်း (Antiguoko Kirol Elkartea) မှာ အတူတွဲဖက် ကစားခဲ့ကြပါတယ်။ အဲဒီအသင်းလေးဟာ ထိပ်တန်းအကယ်ဒမီတစ်ခု မဟုတ်ပါဘူး..။ ကိုယ့်ထက်ပိုပြီး အင်အားကြီးမားတဲ့ အသင်းတွေအတွက် အရည်အချင်းရှိသူတွေကို မွေးထုတ်ပေးနေတဲ့ ဘောလုံးအသင်းငယ် တစ်သင်းသာဖြစ်ပြီး လူငယ်ကစားသမားလေးတွေဟာ ကွန်ကရစ်ကွင်းတွေပေါ်မှာပဲ လေ့ကျင့်ရပါတယ်။

အဲဒီလို အခြေအနေကနေ အဆင့်ဆင့်ဖြတ်သန်းခဲ့အပြီး အာတီတာ ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးပြီးနောက် အာဆင်နယ်အသင်းနဲ့ သူ့ရဲ့သတ္တမမြောက် ရာသီထဲကို ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အလွန်ဆိုဟာ ချယ်လ်ဆီးအသင်းရဲ့ မန်နေဂျာအဖြစ် စတင်တာဝန်ယူနေပြီဖြစ်ပြီး ချယ်လ်ဆီးအသင်း နည်းပြရာထူးအတွက် အင်တာဗျူး ဝင်ရောက်ခဲ့ဖူးတဲ့ သူ့ရဲ့ကလေးဘဝ အသင်းဖော် အီရာယိုလာ ကလည်း လီဗာပူးလ်အသင်းမှာ နည်းပြအဖြစ် စတင်နေပါပြီ။



ဘာ့စ်က်ဒေသဖွားတွေဟာ ပရီးမီးယားလိဂ်မှာ အတော်လေး နေရာရထားပါတယ်။

အက်စ်တွန် ဗီလာ အသင်းနည်းပြ အူနိုင်း အမ်မရီ နဲ့ ဗီလာအသင်းရဲ့ အားကစား ဒါရိုက်တာ ရိုဘတ်တို အိုလာဘီ တို့နှစ်ဦးစလုံးဟာ ဘာ့စ်က် ဒေသဖွားတွေ ဖြစ်ကြပါတယ်..။ သူတို့နှစ်ဦးဟာ အန်တီဂူအိုကို ကနေ မိနစ် (၃၀) လောက်ပဲ ကားမောင်းရတဲ့ အရပ်မှာရှိတဲ့ စတုတ္ထတန်း အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ် ယူနီယံ (Real Union) ကို ပူးတွဲ၊ ပိုင်ဆိုင်ပါတယ်။ 

ပက် ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီး လက်ထောက်နည်းပြဟောင်း ဟွမ်မာ လီလို နဲ့ အားကစား ဒါရိုက်တာဟောင်း ဆီကီ ဘီဂီရီစတိန်း တို့ဟာလည်း ဘာ့စ်က် ဒေသဖွားတွေ ဖြစ်ကြသလို၊ အာဆင်နယ် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီ နဲ့ ပရီးမီးယားလိဂ် နည်းပြဟောင်းတွေဖြစ်ကြတဲ့ ဂျူလင် လိုပက်တီဂီ၊ ဟာဗီ ဂရာစီယာ တို့ဟာလည်း အဲဒီဒေသထွက်ကုန်တွေပဲ ဖြစ်ကြပါတယ်။ (ချယ်လ်ဆီးအသင်းရဲ့ ဂန္ထဝင် အသင်းခေါင်းဆောင်ဟောင်း ဆီဇာ အက်စ်ပီလီကွဲတား ဟာလည်း ဘာ်စ်က်ဒေသမှာ မွေးဖွားလာတဲ့သူ ဖြစ်ပါတယ်..။)

ဒါ့ကြောင့်အခုအချိန်မှာတော့ ဆန် ဆီဘက်စတီယန် မြို့လေးမှာရှိတဲ့ လူငယ်ဖွံ့ဖြိုးရေး အသင်းလေးကနေ ဆီမီးပရို အသင်းအဆင့်ထိ တိုးတက်လာခဲ့တဲ့ အန်တီဂူအိုကို အသင်းလေးဟာ အင်္ဂလန်ထိပ်တန်း ဘောလုံးလောကအပေါ် ကြီးမားတဲ့ လွှမ်းမိုးမှုတွေ ရှိနေပြီလို့ ပြောလို့နေရနေပါပြီ..။



ညီနောင်သုံးဖော်ရဲ့ နည်းပြဘဝ လမ်းကြောင်းအထွေထွေ…

ဘာ့စ်က်ဒေသက နည်းပြတွေဟာ ဘာကြောင့် ပရီးမီးယားလိဂ်မှာ ဒီလောက်အထိ နေရာရနေတာလဲ? လို့ အာတီတာ ကို ၂၀၂၄ ခုနှစ်တုန်းက မေးမြန်းခဲ့ပါတယ်..။ အာဆင်နယ်နည်းပြကြီးက "ဆန် ဆီဘက်စတီယန်ကို တစ်ခေါက်လောက် အရင်သွားကြည့်လိုက်ပါ၊ ပြီးမှအဲဒီမေးခွန်း ကျွန်တော့်ကို လာမေးပါ.." လို့ ပြန်လည်ဖြေကြားခဲ့ဖူးပါတယ်။

"ဒါက ကျွန်တော်တို့အားလုံးမှာ ရှိနေခဲ့တဲ့ ဘောလုံးကစားနည်းအပေါ် ရူးသွပ်မှု၊ အစားအသောက်၊ ယဉ်ကျေးမှုနဲ့ အဲဒီမှာရရှိခဲ့တဲ့ ပညာသင်ကြားခံရမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။ ပြီးတော့ အခွင့်အလမ်းတွေနဲ့လည်း သက်ဆိုင်မှာဖြစ်သလို တစ်ယောက်ယောက်က ခင်ဗျားရဲ့အပေါ်မှာ ယုံကြည်ပေးဖို့လည်း လိုအပ်ပါတယ်။" လို့ သူက ဆက်ပြောခဲ့ပါတယ်။

အီရာယိုလာ က သူတို့တွေဟာ ကျောင်းပွဲစဉ်တွေမှာရော၊ ဆန် ဆီဘက်စတီယန် မြို့လေးရဲ့ ကမ်းခြေတွေမှာပါ တစ်ဦးနဲ့တစ်ဦး ပြိုင်ဘက်တွေအဖြစ် အကြိတ်အနယ် ကစားခဲ့ကြပုံတွေကို ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူ၊ အာတီတာ နဲ့ အလွန်ဆိုတို့ လက်တွဲမိသွားခဲ့တဲ့ အန်တီဂူအိုကို အသင်းအခြေစိုက်ရာ ဘီရီယို (Berio) ကွင်းပြင်ထက်မှာ သူတို့တွေရဲ့ ဘောလုံးကစားနည်းအပေါ် ရူးသွပ်မှုတွေကို အတူတူ ပျိုးထောင်ခဲ့ကြပါတယ်။

အန်တီဂူအိုကို အသင်းရဲ့ ဒုတိယဥက္ကဋ္ဌနဲ့ အားကစား ဒါရိုက်တာဖြစ်သူ ရိုဘတ်တို မွန်တီရယ်လ် ကတော့ "ကျွန်တော်တို့အသင်းဟာ သာမန် ရပ်ကွက်အဆင့် အသင်းသေးလေး တစ်သင်းပါပဲဗျာ..။ သမိုင်းဝင်ဖြစ်လာမယ့် အားကစားသမား မျိုးဆက်တစ်ခုနဲ့ အချိန်ကိုက် ဆုံတွေ့ခွင့်ရခဲ့တာကတော့ တကယ်ကို ကံကောင်းခဲ့ပါတယ်။" ဆိုပြီး BBC Sport ကို ပြောကြားခဲ့ပါတယ်။



"အာတီတာ၊ အီရာယိုလာ နဲ့ အလွန်ဆို တို့ဟာ ကလေးဘဝတုန်းက ကျွန်တော်တို့အသင်းရဲ့ ကျောက်စရစ်ခဲမြေ ကွင်းပြင်ပေါ်မှာပဲ ကစားခဲ့ကြပါတယ်..။ ကျွန်တော်တို့လို အသင်းငယ်လေး တစ်သင်းအတွက်တော့ သူတို့လေးတွေ ဘောလုံးသမားတွေအဖြစ် ကြီးပြင်းလာတာကို ကိုယ်တိုင်မြင်တွေ့ခွင့်ရခဲ့ပါတယ်..။ အဲဒီကနေတဆင့် သူတို့တွေဟာ ကစားသမားဘဝမှာရော၊ နည်းပြဘဝမှာပါ အောင်မြင်မှုတွေ ဆွတ်ခူး၊ ရရှိနေတာကို မြင်တွေ့ရတဲ့အတွက် တကယ့်ကို ဝမ်းသာ၊ ဂုဏ်ယူခဲ့ရပါတယ်..။

အဲဒီအချိန်တုန်းက ၁၉၈၁ ခုနှစ် ဩဂုတ်လနောက်ပိုင်း မွေးဖွားသူတွေဟာ ၁၉၈၂ ခုနှစ် မွေးဖွားသူတွေနဲ့ အတူတူ ကစားခဲ့ကြရပါတယ်..။ ဒါ့ကြောင့် ဇာဗီ အလွန်ဆို၊ အန်ဒိုနီ အီရာယိုလာ နဲ့ မီခေးလ်  အာတီတာ တို့ဟာ ပြိုင်ပွဲတော်တော်များများမှာ အတူတွဲဖက် ကစားခွင့် ရခဲ့ကြပါတယ်။ အီရာယိုလာ ကတော့ ထူးခြားပြောင်မြောက်တဲ့ အရည်အချင်းရှိပြီး အရမ်းရှက်တတ်တဲ့ ကလေးတစ်ယောက်ပါ။ မီခေးလ်  အာတီတာ ကတော့ အဲဒီအချိန်ကတည်းက အသင်းရဲ့ ခေါင်းဆောင်တစ်ဦး အဖြစ် အရည်အသွေး ရှိခဲ့ပါတယ်..။ ဇာဗီ အလွန်ဆို ဟာ အရမ်းကို အေးအေးဆေးဆေး နေတတ်ပေမယ့် ကွင်းထဲမှာ တကယ့်ကို ထူးချွန်တဲ့ ကစားကွက်ဖန်တီးရှင် (playmaker) တစ်ဦး ဖြစ်ခဲ့ပါတယ်။"
လို့ မွန်တီရယ်လ်က ဆိုပါတယ်။

အာတီတာ ကိုတော့ အဲဒီအချိန်ကတည်းက ပွဲအဖြေ ပြောင်းလဲပေးနိုင်စွမ်းရှိတဲ့ တိုက်စစ်မှူးတစ်ဦးအဖြစ် လူသိများခဲ့ကြပါတယ်။ စပိန်လက်ရွေးစင်ဟောင်း ပီရီကို အလွန်ဆိုရဲ့ သားဖြစ်သူ ဇာဗီ အလွန်ဆို ကတော့ ဘောလုံးလောကမှာ အောင်မြင်မှု ရလိမ့်မယ်လို့ အမြဲတမ်း မျှော်လင့်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ရီးရဲလ်ဆိုစီဒက် ယူ-၂၃ (B) အသင်းကို ကိုင်တွယ်နေစဉ် BBC Sport နဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံခန်း အစီအစဉ်တစ်ခုမှာ အလွန်ဆို က "ဒီနေရာဟာ ကျွန်တော့်ရဲ့ ဇာတိချက်မြုပ်၊ ဇာစ်မြစ် နေရာလို့ ပြောရမှာပါ။ ကျွန်တော်ဟာ အခုဒီနေရာကနေ (၁၅) မိနစ်စာလောက်ပဲ ဝေးတဲ့နေရာမှာ မွေးခဲ့တာပါ။ အခုလည်း ဒီနားမှာပဲ နေတာဆိုတော့ ကျွန်တော့်ရဲ့ ကလေးဘဝတစ်ခုလုံးဟာ ရီးရဲလ် ဆိုစီဒက် အသင်းနဲ့ပဲ ပတ်သက်ခဲ့ပါတယ်..။

ကျွန်တော့်အဖေဟာ ကစားသမားတစ်ဦး ဖြစ်ခဲ့သလို နောက်ပိုင်းမှာ နည်းပြအဖြစ်လည်း တာဝန်ယူခဲ့တာကြောင့် ကျွန်တော်ဟာ ဒီအသင်းနဲ့ အင်မတန် ခိုင်မာတဲ့ ဆက်နွှယ်မှုတစ်ခု အမြဲတမ်းရှိနေခဲ့ပါတယ်။ ဆိုစီဒက်အသင်းရဲ့ ကွင်းထဲကို ပွဲကြည့်ဖို့အတွက် ကျွန်တော်သွားလေ့ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပထမအသင်းကြီးအတွက် ကစားခွင့်ရလောက်အောင်အထိ ကံကောင်းခဲ့ပါတယ်..။ အဲဒီအချိန်တုန်းကတော့ ကျွန်တော့်အတွက် အိပ်မက်တစ်ခု အကောင်အထည် ပေါ်လာခဲ့သလို ခံစားခဲ့ရတာပါ။"
လို့ ပြောကြားခဲ့ပါတယ်။



ဒါပေမယ့် အီရာယိုလာ ကတော့ အစောပိုင်းမှာ လူသိများခဲ့တဲ့ ကြယ်ပွင့်တစ်ဦး မဟုတ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ ရာသီအစောပိုင်းတုန်းက BBC Sport နဲ့ တွေ့ဆုံရာမှာ ပထမအသင်းကြီးဆီ တက်လှမ်းနိုင်ခဲ့တဲ့အပေါ် သူ့ကိုယ်သူတောင် အံ့ဩမိကြောင်း အခုလို ဖွင့်ဟခဲ့ပါတယ်။

"ဘီလ်ဘာအို အသင်းကို ကျွန်တော်ပြောင်းရွှေ့ရမယ့် အချိန်တုန်းက တော်တော်လေး စိုးရိမ်ခဲ့ရပါတယ်။ အဲဒီနေရာဟာ ကျွန်တော့်အိမ်နဲ့ တစ်နာရီလောက် ကားမောင်းရတာဖြစ်ပြီး ဒီလူတွေနဲ့အတူ ယှဉ်ကစားနိုင်မယ့် အရည်အချင်းမျိုး မရှိမှာကို စိုးရိမ်ခဲ့တာပါ။ ကျောင်းတွေလည်း ပြောင်းခဲ့ရတယ်လေ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကျွန်တော်ဟာ အဲဒီအဆင့်မှာ ကစားနိုင်တယ်ဆိုတာ မြန်မြန်ဆန်ဆန်ပဲ သဘောပေါက်ခဲ့ပါတယ်။ ဒါပေမယ့် အတော်လေး နောက်ကျပြီးမှ သိခဲ့တာပါ။"

အီရာယိုလာ ဟာ ဘောလုံးအခြေခံ ပိုင်နိုင်တဲ့သူဖြစ်ပြီး ပိုပြီးအဆင့်မြင့်တဲ့ အသင်းမှာ ကစားခွင့်ရတိုင်း အမြဲတမ်း လွယ်လွယ်ကူကူ အသားကျအောင် ကစားနိုင်ခဲ့သူ ဖြစ်တယ်လို့ သူ့ရဲ့နည်းပြဟောင်းတွေက ပြောကြပါတယ်။ ဒါကြောင့်သူဟာ နောက်ပိုင်းမှာ အက်သလက်တစ် ဘီလ်ဘာအို အသင်းရဲ့ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်နိုင်ပါတယ်။

အန်တီဂူအိုကို အသင်းကိုတော့ စပိန်ကမ္ဘာ့ဖလားပွဲ မတိုင်ခင်ကာလဖြစ်တဲ့ ၁၉၈၂ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဘာ့စ်က်ဒေသရဲ့ ထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ ရီးရဲလ် ဆိုစီဒက် နဲ့ အက်သလက်တစ် ဘီလ်ဘာအို တို့ဟာ ၁၉၈၁ ခုနှစ်ကနေ ၁၉၈၄ ခုနှစ်အတွင်းမှာ စပိန်ဘောလုံးလောကကို စိုးမိုးထားပြီး လာလီဂါ ချန်ပီယံဆုတွေကို တစ်လှည့်စီ ဆွတ်ခူးနေခဲ့ကြတဲ့အချိန်လည်း ဖြစ်ပါတယ်။

အဲဒီအောင်မြင်မှုတွေဟာ တောင်ကုန်းတွေနဲ့ လာချာ (La Concha) ကမ်းခြေကြား ညှပ်နေပြီး လူဦးရေ ထူထပ်လှတဲ့ ဆန် ဆီဘက်စတီယန်မြို့လေးမှာ အန်တီဂူအိုကို အသင်း ပေါ်ပေါက်လာဖို့ တစ်ဖက်တစ်လမ်းကနေ တွန်းအားပေး တွန်းဆော်ပေးခဲ့ပါတယ်။

အသင်းရဲ့ အားနည်းလှတဲ့ အခြေခံအဆောက်အဦး၊ ကျောက်စခဲမြေ ကွင်းတွေနဲ့ လိုအပ်ချက်တွေ မပြည့်စုံခဲ့ပေမယ့် အသင်းထွက် ကစားသမားတွေရဲ့ အောင်မြင်မှုအပေါ်မှာ အတားအဆီး မဖြစ်ခဲ့ပါဘူး။ ဒီအသင်းကနေ ထိပ်တန်းလိဂ် အသင်းကြီးတွေမှာ သွားရောက် ကစားနိုင်ခဲ့ကြတဲ့ ကစားသမားပေါင်း (၄၀) ကျော် မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ အဲဒီအထဲမှာ အက်သလက်တစ် ဘီလ်ဘာအို ရဲ့ ဂန္ထဝင် တိုက်စစ်မှူး အာရစ်တ်ဇ် အာဒူရစ်ဇ် (Aritz Aduriz) လည်း ပါဝင်ပြီး သူဟာ ပရီးမီးယားလိဂ်က ဘာ့စ်က်ဒေသဖွား နည်းပြညီနောင် သုံးဖော်နဲ့ အဲဒီအသင်းမှာ အတူတူ ကစားခဲ့သူလည်း ဖြစ်ပါတယ်။



အသင်းရဲ့ အထွေထွေမန်နေဂျာနဲ့ ဂိုးသမားနည်းပြဖြစ်တဲ့ ဂေါ်ရ်ကာ အက်ဇ်ပိုင်တီယာ ကတော့ "ကျွန်တော်တို့တွေဟာ အသင်းမှာရှိနေတဲ့ ကြီးမားတဲ့ ကွာဟချက်တွေကို ကိုယ့်ရဲ့အလုပ်အပေါ်မှာ ထားရှိတဲ့ ကြီးမား၊ ပြင်းထန်တဲ့ ဝါသနာစိတ်ဓာတ်နဲ့ အစားထိုး ဖြည့်ဆည်းခဲ့ပါတယ်။ ပြီးတော့ လူငယ်အဆင့် ပြိုင်ပွဲအားလုံးမှာလည်း ကျွန်တော်တို့အသင်းဟာ ထိပ်သီးအသင်းတွေနဲ့ ရင်ပေါင်တန်းပြီး ဆက်လက် ယှဉ်ပြိုင်နေပါတယ်။" လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

အန်တီဂူအိုကို အသင်းရဲ့ ထူးခြားပြောင်မြောက်တဲ့ သမိုင်းမှတ်တမ်းတွေထဲမှာ လူငယ်အဆင့် ပြိုင်ပွဲတစ်ခုမှာ ဒေသတွင်း ပရော်ဖက်ရှင်နယ် အသင်းဖြစ်တဲ့ ရီးရဲလ် ဆိုစီဒက်ကို ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲ ပါဝင်သလို၊ ၁၉၉၉ ခုနှစ်တုန်းက အလွန်ဆို နဲ့ အီရာယိုလာ တို့ ပါဝင်တဲ့ အသင်းဟာ ဂိုးသမား အီကာ ကာဆီးလက်စ် ပါဝင်တဲ့ ရီးရဲလ် မက်ဒရစ်အသင်းကို ၄ ဂိုး - ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါ့အပြင် သူတို့အသင်းဟာ လူငယ်ဖလားပြိုင်ပွဲတွေမှာ လာလီဂါအသင်းတွေဖြစ်ကြတဲ့ ဗလင်စီယာ နဲ့ ဆဲလ်တာ ဗီဂို အသင်းတွေကိုလည်း အကြိမ်ကြိမ် ဖြုတ်ချနိုင်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ရာသီမှာတော့ အန်တီဂူအိုကို လူငယ် (အသက် ၁၉ နှစ်အောက်) အသင်းဟာ  ဆီမီးပရို အသင်းအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ပြီး အရင်က ကွန်ကရစ်ကွင်းနေရာမှာ အရည်အသွေးမြင့်မားတဲ့ မြက်ခင်းတုကွင်း (artificial surface) အဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်..။ ဒါ့အပြင်လူငယ်အသင်းဟာ လိဂ်ပြိုင်ပွဲမှာလည်း ရီးရဲလ်ဆိုစီဒက်၊ အိုဆာဆူနာ နဲ့ အလာဗက်စ် အသင်းတွေရဲ့ အထက်မှာ ရပ်တည်ပြီး ရာသီပိတ်သိမ်းနိုင်ခဲ့ပါတယ်။

အန်တီဂူအိုကို အသင်းအနေနဲ့ သူတို့ဆီက ထွက်သွားတဲ့ ကစားသမားတွေ ထိပ်တန်း ဘောလုံးလောကမှာ အောင်မြင်မှု ရရှိတဲ့အခါမျိုးမှာ ကစားသမား ပြုစုပျိုးထောင်မှု ကုန်ကျစရိတ် (development costs) အတွက် ငွေကြေးအချို့ ရရှိတတ်ပေမယ့် အခုအချိန်မှာတော့ ပိုမိုကြီးမားတဲ့ အသင်းကြီးတွေနဲ့ ရင်ဆိုင်နိုင်ဖို့ ပိုမိုခက်ခဲလာပြီ ဖြစ်ပါတယ်။

အက်ဇ်ပိုင်တီယာ က "ဟုတ်ပါတယ်၊ အလွန်ဆို တို့ရဲ့ မျိုးဆက်ဟာ တကယ့်ကို ထူးခြားတဲ့ ကစားသမား မျိုးဆက်တစ်ခု ဖြစ်ခဲ့ပါတယ်..။ ပြီးတော့အဲဒီအချိန်တုန်းက ထိပ်တန်းအသင်းကြီးတွေဟာ အခုခေတ်လိုမျိုး ကစားသမားတွေကို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးဘဝကတည်းက ကြိုတင်ခေါ်ယူ၊ စုဆောင်းတာမျိုး မလုပ်ကြသေးပါဘူး။

အဲဒါကြောင့်လည်း သူတို့တွေဟာ ကျွန်တော်တို့အသင်းမှာ နှစ်ပေါင်းများစွာကြာအောင် အတူတူလက်တွဲ ဖြတ်သန်းနိုင်ခဲ့ကြတာပါ။ အခုခေတ်မှာလည်း ကျွန်တော်တို့ဟာ တကယ့်ကို ထူးချွန်တဲ့ ကစားသမားကောင်းတွေကို ဆက်လက် ရှာဖွေစုဆောင်းပြီး ပြုစုပျိုးထောင်ပေးနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ အရင်မျိုးဆက်တွေလို အသင်းမှာ ရေရှည်ဆက်ပြီး ရှိနေဖို့ကတော့ ပိုပြီးခက်ခဲသွားပါပြီ။

ကျွန်တော့်အထင် မှားသွားပါစေလို့ပဲ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဘက်က ကြိုးစားအားထုတ်မှု အားနည်းကြောင့် မဟုတ်တာ သေချာပေမယ့် သူတို့လိုကစားသမား မျိုးဆက်တစ်ခုကို ထပ်မံ ပုံတူကူး၊ ဖန်တီးဖို့ဆိုတာ တကယ်ကို ခက်ခဲပါလိမ့်မယ်..။"
လို့ ဆက်လက် ပြောကြားခဲ့ပါတယ်။



မျိုးစေ့မှန်သလို့ အပင်သန်ခဲ့တဲ့ ဘာ့စ်က်တွေရဲ့ အစဉ်အလာ ယဉ်ကျေးမှု…

ဘာ့စ်က်ဒေသဖွား နည်းပြသုံးဦးစလုံးဟာ ၁၉၉၀ ခုနှစ်နှောင်းပိုင်းမှာ အသင်းကနေ အသီးသီး ထွက်ခွာသွားခဲ့ကြပေမယ့် အခုအချိန်ထိ မိတ်ဆွေကောင်းတွေအဖြစ် ဆက်ဆံရေးကောင်းတွေ ဆက်လက်တည်ရှိ နေကြဆဲ ဖြစ်ပါတယ်။

အာတီတာ က ဆယ်ကျော်သက်အရွယ်မှာပဲ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ အသင်းကနေ ပထမဆုံး စတင်ထွက်ခွာခဲ့တာပါ။ အဲဒီအချိန်တုန်းက သူဟာ အဲဒီးဒတ်စ်ကုမ္ပဏီနဲ့ ဘောလုံးကန်ဖိနပ် စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့ပြီး အန်တီဂူအိုကို အသင်းအတွက် ဂျာစီဝတ်စုံအသစ်အချို့ ပံ့ပိုးပေးဖို့ အဲဒီးဒတ်စ် ကုမ္ပဏီထံ တောင်းဆိုပေးခဲ့ပါသေးတယ်။

အာဆင်နယ်နည်းပြဖြစ်သူ အာတီတာ ဟာ အသင်းဝန်ထမ်းတွေနဲ့ အဆက်အသွယ်မပြတ် ရှိနေဆဲဖြစ်ပြီး လန်ဒန်မြောက်ပိုင်းမှာ သူတို့ကို ဖိတ်ခေါ်ဧည့်ခံတာမျိုးတွေ၊ ကိုယ်တိုင်သွားရောက်တွေ့ဆုံတာမျိုးတွေ ပြုလုပ်လေ့ ရှိပါတယ်။ အလွန်ဆို ဟာ ကစားသမားဘဝမှာ ရီးရဲလ် ဆိုစီဒက်ကို ရွေးချယ်ခဲ့ပြီး အီရာယိုလာ ကတော့ အာဒူရစ်ဇ် နဲ့အတူ အက်သလက်တစ် ဘီလ်ဘာအိုကို ပြောင်းရွှေ့ခဲ့ပါတယ်။ အလွန်ဆို နဲ့ အီရာယိုလာ တို့နှစ်ဦးလုံးဟာ UEFA နည်းပြလိုင်စင် (UEFA Pro Licenses) သင်တန်း တက်ရောက်စဉ်အတွင်း အန်တီဂူအိုကို အသင်းမှာပဲ သူတို့ရဲ့ နည်းပြဘဝ ခြေလှမ်းတွေကို စတင်ခဲ့ကြပါတယ်။

အဲဒီအချိန်တုန်းက အက်ဇ်ပိုင်တီယာ ဟာ အခု လီဗာပူးလ်နည်းပြ ဖြစ်လာတဲ့ အီရာယိုလာ နဲ့ ဆုံတွေ့ခဲ့ပြီး အီရာယိုလာ ဟာ လူငယ်ကစားသမားတွေနဲ့ လက်တွဲလုပ်ကိုင်တဲ့အခါ "ရိုးသားမှု၊ နှိမ့်ချမှုနဲ့ အမြော်အမြင်ရှိမှု" တို့ကို ပြသနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အီရာယိုလာ ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက အသင်းရဲ့ ရာသီပိတ် ဂုဏ်ပြုညစာစားပွဲကို အွန်လိုင်းကနေတစ်ဆင့် ပါဝင်တက်ရောက်ခဲ့ပြီး အားကစားဆိုင်ရာ ထူးချွန်ဂုဏ်ပြုဆု (sporting merit award) ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ သူဟာမကြာသေးမီကပဲ BBC Sport သတင်းဌာနကို "လွန်ခဲ့တဲ့ အနှစ် (၃၀) ကတည်းက သိခဲ့တဲ့ ကျွန်တော်တို့တွေဟာ အခုလိုမျိုး ထိပ်တန်းဘောလုံးကွင်းကြီးတွေပေါ်မှာ ပြန်ဆုံတွေ့နေကြရတာ တကယ်ကို အံ့ဩစရာကောင်းပါတယ်..။" လို့ ပြောကြားခဲ့ပါတယ်။



အလွန်ဆို ရဲ့ ဇာတိမြေနဲ့ ဆက်နွှယ်မှုအပိုင်းမှာတော့ ရီးရဲလ် ဆိုစီဒက်၊ ဘော်လ်တန်၊ ချာလ်တန် စတဲ့ အသင်းတွေမှာ ထိပ်တန်းကစားသမားဘဝကို ဖြတ်သန်းခဲ့ဖူးတဲ့ သူ့ရဲ့နောင်တော် မီခဲလ် အလွန်ဆို (Mikel Alonso) က အန်တီဂူအိုကို အသင်းနဲ့ ပုံမှန်အဆက်အသွယ် ပိုပြီးရှိနေပါတယ်။ အန်တီဂူအိုကို အသင်းရဲ့ ပုံရိပ်ကတော့ ဆန် ဆီဘက်စတီယန်မြို့ တည်ရှိရာ ဂီပုဇ်ကိုအာ (Gipuzkoa) ဒေသကနေ ရရှိလာတဲ့ အောင်မြင်မှုတွေရဲ့ ပြယုတ်ဒ်တစ်ခုမျှသာ ဖြစ်ပါတယ်။

ဒီဒေသဟာ မစ်ရှ်လင်အဆင့်သတ်မှတ်ချက်ရ (Michelin-starred) စားသောက်ဆိုင်တွေ အများဆုံး တည်ရှိနေတဲ့ နေရာတစ်ခုဖြစ်သလို၊ မြို့လယ်ခေါင်မှာဆိုရင် သာမန် အရက်ဆိုင်လေးတွေလို ဖြစ်နေပေမယ်ြ တကယ့်ကို အလွန်ကောင်းမွန်လှတဲ့ ပင်ချိုးစ် (pintxos) စားသောက်ဆိုင်တန်းတွေကို တွေ့မြင်နိုင်ပါတယ်။

ဥရောပက တခြား ဘယ်ဘာသာစကား မိသားစုနဲ့မှ မျိုးရိုးဗီဇ တူညီမှုမရှိဘဲ သီးသန့်ကွဲထွက်နေတဲ့ အုစ်ကာရာ (Euskara) လို့ ခေါ်တဲ့ ကိုယ်ပိုင် ဘာသာစကား၊ ပြီးတော့ ရွှေရောင်သဲသောင်ပြင်တွေလို ထူးခြားလှပတဲ့ သဘာဝအလှတရားတွေကြောင့် ဒီဒေသမှာ နေထိုင်ကြတဲ့ လူဦးရေ (၇) သိန်း (၂) သောင်းကျော်ဟာ မြင့်မားတဲ့ လူနေမှုဘဝ အရည်အသွေးကို ပိုင်ဆိုင်ထားကြပါတယ်။

ဒုတိယဥက္ကဋ္ဌ မွန်တီရယ်လ်က "ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းဟာ အားကစား ယဉ်ကျေးမှု အရမ်းခိုင်မာပြီး ဂီပုဇ်ကိုအာ ဒေသဖွား လူတွေကလည်း အနိုင်ရလိုစိတ် အရမ်းပြင်းထန်ကြပါတယ်။ အဲဒီလို အကျင့်စရိုက်ကပဲ ကျွန်တော်တို့ကို တခြားသူတွေနဲ့ ကွဲပြားခြားနားစေတာပါ" လို့ ရှင်းပြခဲ့ပါတယ်။

အခုဆိုရင် ဘာ့စ်က် ဒေသဖွား နည်းပြသုံးဦးဟာ သူတို့ကိုင်တွယ်မယ့် ပရီးမီးယားလိဂ် အသင်းကြီးသုံးသင်းရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းရင်း ဘာ့စ်က်ဒေသဖွား နည်းပြတွေရဲ့ မွေးရာပါ ပြိုင်ဆိုင်လိုစိတ် ပြင်းထန်မှု၊ ခိုင်မာလှတဲ့ အားကစား ယဉ်ကျေးမှုတွေကို သူတို့ကိုင်တွယ်ကြမယ့် အသင်းတွေက လူငယ်မျိုးဆက်သစ်တွေဆီ မြေတောင်မြှောက်၊ လက်ဆင့်ကမ်းနိုင်လိမ့်မယ်လို့ ယုံကြည်၊ မျှော်လင့်ပါကြောင်း တင်ဆက်လိုက်ပါတယ်..။

(BBC Sports သတင်းဌာနမှ ဆောင်းပါးရှင် Nizaar Kinsella ၏ ‘The small Basque club that produced Arteta, Alonso and Iraola’ ဆောင်းပါးကို ဆီလျှော်အောင် ပြန်ဆို၊ ရေးသားပါသည်။)