feature-image

‘ရန်သူပေါများသလို မိတ်ဆွေတွေကို ပျော်ရွှင်စေခဲ့တယ်..’ ဆိုတဲ့ ဥက္ကဌ ကင် ဘိတ်စ်

၁၉၈၂ ခုနှစ်တုန်းက ချယ်လ်ဆီးအသင်းကို စတာလင်ပေါင် (၁) ပေါင်တည်းနဲ့ ဝယ်ယူခဲ့ပြီး အပြာရောင် ခြင်္သေ့တွေကို FA ဖလား (၂) ကြိမ်အပါအဝင် အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ခဲ့တဲ့ ခေတ်တစ်ခု ဦးဆောင် ပုံဖော်ပေးခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးဟာ အသက် (၉၄) နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။

ဗြိတိသျှလုပ်ငန်းရှင် သူဌေးကြီး ကင် ဘိတ်စ် ဟာ အင်္ဂလန်ဘောလုံးလောက သမိုင်းတစ်လျှောက်မှာ သြဇာအရှိဆုံး အသင်းပိုင်ရှင်တွေထဲက တစ်ဦးဖြစ်ပြီး၊ ချယ်လ်ဆီးအသင်းကို စတာလင်ပေါင် (၁) ပေါင်တည်းနဲ့ ဝယ်ယူခဲ့ပြီးနောက်မှာ ရုရှားဘီလီယံနာ သူဌေးကြီး ရိုမန် အေဘရာမိုဗစ်ချ် ဆီကို စတာလပေါင်သန်း (၁၄၀) နဲ့ ပြန်လည်ရောင်းချခဲ့သူ ဖြစ်ပါတယ်။

အဲဒီအရောင်းအဝယ်ဟာ ဘောလုံးလောကဆီကို အင်မတန်မှ ကြွယ်ဝချမ်းသာတဲ့ နိုင်ငံခြားသား အသင်းပိုင်ရှင်သစ်တွေ ဝင်ရောက်လာမယ့် ခေတ်သစ်တစ်ခုကို လမ်းဖွင့်ပေးခဲ့ပါတယ်..။ ဒါ့အပြင် ဘိတ်စ် ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲ စတင်ပေါ်ပေါက်လာဖို့နဲ့ ဝင်ဘလေကွင်းကြီးကို ပြန်လည်မွမ်းမံတည်ဆောက်ဖို့ ကိစ္စရပ်တွေမှာလည်း အင်မတန် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်ခဲ့သူ ဖြစ်ပါတယ်။

ဘယ်လိုအခက်အခဲမျိုးကိုမဆို ပြတ်ပြတ်သားသား ဖြေရှင်းတတ်တဲ့ သူ့ရဲ့အလျှော့မပေးတဲ့ ချဉ်းကပ်ပုံတွေကြောင့် ဘိတ်စ် ဟာ မကြာခဏဆိုသလို ဝေဖန်ခံရတဲ့ အငြင်းပွားဖွယ်ရာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပါတယ်။ အထင်ရှားဆုံးအနေနဲ့ ၁၉၈၀ ပြည့်လွန်နှစ် အလယ်ပိုင်းတွေမှာ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းအတွင်း ပရိသတ်တွေ ကွင်းထဲအတင်းဝင်ရောက်လာမယ့် အန္တရာယ်ကို တားဆီးနိုင်ဖို့အတွက် ကွင်းဘေးပတ်ပတ်လည်မှာ လျှပ်စစ်ခြံစည်းရိုး (electric fence) ခတ်ဖို့အထိ သူကလုပ်ဆောင်ချင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေသခံကောင်စီဘက်က လျှပ်စစ်ဓာတ်အား လွှတ်ခွင့်ပြုဖို့ ငြင်းဆန်ခဲ့တာကြောင့်သာ အဲဒီအစီအစဉ်ဟာ ပျက်ပြယ်သွားခဲ့ရတာပါ။



ဒါပေမယ့် ချယ်လ်ဆီးပရိသတ် အတော်များများကတော့ ဘိတ်စ် ကို အသင်းကို ကယ်တင်ခဲ့သူတစ်ဦးအဖြစ် သတ်မှတ်ထားကြပါတယ်။ သူဟာ ၁၉၈၂ ခုနှစ်တုန်းက စတာလင်ပေါင် (၁.၅) သန်းအထိ ကြွေးမြီတွေ တင်ရှိနေပြီး အဲဒီအချိန်တုန်းက ဒုတိယတန်း (Second Division) မှာ ရုန်းကန်နေရတဲ့ ချယ်လ်ဆီးအသင်းကို ကြေးပြား စတာလင်ပေါင် (၁) ပေါင်တည်းနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ အသင်းရဲ့ ဘဏ္ဍာရေး အကျပ်အတည်းတွေကို ဖြေရှင်းပေးနိုင်ခဲ့သလို၊ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်တွေက ချယ်လ်ဆီးအသင်းကို စတန်းဖို့ဒ် ဘရစ်ချ်ကွင်းကနေ နှင်ထုတ်ဖို့ ကြိုးပမ်းမှုတွေကိုလည်း ကြံ့ကြံ့ခံ တားဆီးပေးခဲ့ပါတယ်။ ပြီးတော့ (၂၆) နှစ်အတွင်း အသင်းရဲ့ ပထမဆုံး အောင်မြင်မှု ဆုဖလားအဖြစ် ၁၉၉၇ ခုနှစ်မှာ FA ဖလား ချန်ပီယံဆုကို ဦးဆောင်၊ ယူဆောင်ပေးခဲ့ပါတယ်။

ဘိတ်စ် ဟာ နိုင်ငံခြားသားနည်းပြတွေကို ခန့်အပ်ဖို့ လိုလိုလားလား ရှိခဲ့တဲ့နေရာမှာ ရှေ့ဆောင်လမ်းပြတစ်ဦးလို ဖြစ်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ အင်္ဂလန် လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ အသင်းကနေ ထွက်ခွာခဲ့တဲ့ နည်းပြဂလင်း ဟော်ဒယ်လ် ရဲ့နေရာမှာ ရုဒ် ဂူးလစ် ကို အစားထိုးခန့်အပ်ခဲ့ပါတယ်..။ အဲဒီနောက်မှာ ဂီယန်လူကာ ဗီယာလီ နဲ့ ကလော်ဒီယို ရေနာရီ တို့ကို ဆက်တိုက် ခေါ်ယူခဲ့ပါတယ်။ သူဟာ ၂၀၀၃ ခုနှစ်မှာ ချယ်လ်ဆီးအသင်းကို အေဘရာမိုဗစ်ချ်ဆီ ရောင်းချခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ အသင်းဟာ အဓိကဆုဖလားကြီးတွေကို ပြန်လည်စိန်ခေါ်နိုင်တဲ့ အနေအထား ရောက်ရှိနေပြီဖြစ်ပါတယ်။



ချယ်လ်ဆီးအသင်းကို ရောင်းချပြီးနောက်ပိုင်း သူဟာ လိဒ် ယူနိုက်တက်အသင်းမှာ ထပ်မံရင်းနှီးမြှုပ်နှံခဲ့ပြီး ၂၀၀၅ ခုနှစ်ကနေ အသက် (၈၁) နှစ်အရွယ် ရောက်ရှိခဲ့တဲ့ ၂၀၁၃ ခုနှစ်အထိ အဓိကရှယ်ယာရှင်ကြီး တစ်ဦးအဖြစ် ရှိနေခဲ့ပါတယ်။ အဲဒီသက်တမ်းအတွင်းမှာ လိဒ်အသင်းဟာ ဘဏ္ဍာရေးပျက်ပြားပြီး အစိုးရက သတ်မှတ်ပေးတဲ့ စီမံခန့်ခွဲမှု အဖွဲ့တစ်ခုရဲ့ အုပ်ချုပ်မှုအောက် ရောက်သွားခဲ့တဲ့ (administration) ကာလတစ်ခု ပါဝင်ခဲ့ပါတယ်..။ ဘိတ်စ် ကတော့ သူရောက်လာတဲ့ အချိန်ကတည်းက အသင်းဟာ "ပြိုကွဲပျက်စီးနေပြီ" လို့ အမြဲတမ်း တုံ့ပြန်၊ ငြင်းဆိုခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက စနေနေ့မှာ ဘိတ်စ် ကွယ်လွန်သွားခဲ့ကြောင်း ကြေညာခဲ့ပြီး "ဒီကနေ့မနက်ပိုင်းက မိုနာကိုနိုင်ငံမှာ သူ့ရဲ့ဇနီးနဲ့ မိသားစုဝင်တွေ ဝန်းရံလျက် ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်" လို့ ကြေငြာခဲ့ပါတယ်။ ဒါ့အပြင် အသင်းအပေါ် သူ့ရဲ့ သက်ရောက်မှုတွေကို ဂုဏ်ပြုစကားဆိုခဲ့ပြီး သူ့ကို "အရောင်အသွေးစုံလင်သူ၊ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူနဲ့ ဝေဖန်မှုတွေကြားက အငြင်းပွားဖွယ်ရာပုဂ္ဂိုလ်" အဖြစ် ဖော်ပြခဲ့ပါတယ်။

"ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေမှာ ချယ်လ်ဆီးအသင်းအတွက် စွမ်းစွမ်းတမံ တိုက်ပွဲဝင်ပေးခဲ့တဲ့ ကင် ဘိတ်စ် ရဲ့ ပြတ်သားတဲ့ စိတ်ဓာတ်ပိုင်းတွေနဲ့ အသင်းကို ဆုဖလားတွေ ဆွတ်ခူးနိုင်အောင် တွန်းအားပေး၊ မောင်းနှင်ပေးခဲ့မှုတွေကို ဘယ်တော့မှ မေ့ပျောက်နိုင်မှာ မဟုတ်ပါဘူး" လို့ ချယ်လ်ဆီးအသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



၁၉၃၁ ခုနှစ်၊ အီးလင်းအရပ်မှာ မွေးဖွားခဲ့တဲ့ ဘိတ်စ် ဟာ ဘောလုံးသမားတစ်ဦး ဖြစ်လာဖို့ အိပ်မက်နဲ့အတူ အစိုးရအိမ်ရာ တိုက်ခန်းတစ်ခုမှာ အဘိုး၊ အဘွားတွေရဲ့ စောင့်ရှောက်မှုနဲ့ ကြီးပြင်းလာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ညာဘက်ခြေထောက် ခွဲစိတ်မှု (၈) ကြိမ်အထိ ပြုလုပ်ခဲ့ရတာကြောင့် သူ့ရဲ့အိပ်မက် ပျက်ပြယ်ခဲ့ရပါတယ်။ သို့ပေမယ့် သူ့ရဲ့ကြီးမားတဲ့ ဇွဲလုံ့လတွေကို စီးပွားရေးလောကထဲ ယူဆောင်လာခဲ့ပြီး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းကနေ ကြွယ်ဝချမ်းသာလာခဲ့ပါတယ်..။ အဲဒီနောက်မှာ ဆောက်လုပ်ရေး လုပ်ငန်းသုံး ကျောက်တူးဖော်ရေး၊ အဆင်သင့်စပ် ကွန်ကရစ်လုပ်ငန်းနဲ့ နို့စားနွားမွေးမြူရေး လုပ်ငန်းတွေဆီ ကူးပြောင်း၊ လုပ်ကိုင်ခဲ့ပါတယ်။ သူဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းက အိုးလ်ဟမ်း အက်သလက်တစ် အသင်းဥက္ကဋ္ဌအဖြစ် (၅) နှစ်ကြာ တာဝန်ယူခဲ့သလို၊ ချယ်လ်ဆီးအသင်းကို မဝယ်ယူခင်မှာ ဝီဂန် အက်သလက်တစ် အသင်းဥက္ကဋ္ဌနဲ့ တွဲဖက်ပိုင်ရှင်အဖြစ် ခေတ္တလုပ်ကိုင် ခဲ့ပါသေးတယ်။

သူ့ရဲ့ဘဏ္ဍာရေး ပံ့ပိုးမှုတွေနဲ့  ချယ်လ်ဆီးအသင်းကို ၁၉၉၄ ခုနှစ်မှာ ပထမတန်းအဆင့်ဆီ ပြန်လည်တက်လှမ်းနိုင်အောင် ကူညီပေးခဲ့ပြီး၊ အဲဒီနောက်မှာ အသင်းကို အဆင့် (၆) အတွင်းဝင် အသင်းကြီးတစ်သင်း (top-six club) အဖြစ် ရပ်တည်နိုင်ဖို့အတွက် ကာရီ ဒစ်ဆင်၊ ဒေးဗစ် စပီးဒီ၊ ပက် နီဗင်၊ မစ်ကီ သောမတ်စ် နဲ့ နိုင်ဂျယ် စပက်ခ်မန်း တို့လို ထိပ်တန်းကစားသမား အများအပြားကို ခေါ်ယူ၊ အားဖြည့်ခဲ့ပါတယ်။

ဒါပေမယ့် ဘိတ်စ် ဟာ နောက်ပိုင်းမှာ အသင်းရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သလို အဓိကငွေကြေး ပံ့ပိုးပေးသူလည်းဖြစ်တဲ့ မက်သရူး ဟားဒင်း နဲ့ လူသိရှင်ကြား ပြင်းပြင်းထန်ထန် အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပြီး၊ နောက်ဆုံးမှာတော့ ဟားဒင်း ကို ချယ်လ်ဆီးအသင်းရဲ့ ဒါရိုက်တာအဖွဲ့ဝင် အစည်းအဝေးခန်းမထဲ ဝင်ရောက်ခွင့် ပိတ်ပင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဟားဒင်း ဟာ အသင်းမှာ စတာလင်ပေါင် (၂၆.၅) သန်းအထိ ရင်းနှီးမြှုပ်နှံခဲ့တာကြောင့် ချယ်လ်ဆီးပရိသတ်တွေကြားမှာ အင်မတန် ရေပန်းစား လူကြိုက်များသူ ဖြစ်ခဲ့ပါတယ်..။ သို့ပေမယ့် ဘိတ်စ် ကတော့ ဟားဒင်း ကို ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်သွားခဲ့ပြီး နောက်ဆယ်စုနှစ်ပေါင်းများစွာ ကြာတဲ့အထိ ဆက်လက် ကဲ့ရဲ့၊ ရှုတ်ချခဲ့ပါတယ်။



သူတို့နှစ်ဦးကြားက ပဋိပက္ခဟာ ၁၉၉၆ ခုနှစ် အောက်တိုဘာလမှာ ဖြစ်ပွားခဲ့တဲ့ ဟားဒင်း ရဲ့ ရဟတ်ယာဉ် ပျက်ကျမှုနဲ့အတူ အဆုံးသတ်သွားခဲ့ရပါတယ်။ ဘိတ်စ် ဟာ နောက်တစ်နှစ်အကြာမှာပဲ ဟားဒင်းနဲ့ပတ်သက်ပြီး "မကောင်းမှုတွေ အောင်ပွဲခံလိမ့်မယ်လို့ ကျွန်တော် မယုံကြည်ပါဘူး၊ သူဟာ မကောင်းဆိုးဝါး လူတစ်ယောက်ပဲ... အခု သူမရှိတော့တဲ့အတွက် ချယ်လ်ဆီးအသင်းဟာ ပိုပြီးပျော်စရာကောင်းတဲ့ သင်္ဘောတစ်စင်း ဖြစ်လာခဲ့ပါပြီ။" လို့ ပြောကြားခဲ့တာကြောင့် ပိုပြီးဝေဖန်စရာ၊ အငြင်းပွားစရာတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

ဘိတ်စ် ဟာ ချယ်လ်ဆီးအသင်းမှာ (၂၁) နှစ်တိုင်တိုင် ဖြတ်သန်းခဲ့ပြီး၊ အဲဒီသက်တမ်းအတွင်း သတင်းစာ ခေါင်းကြီးပိုင်းတွေမှာ အကြိမ်ပေါင်းများစွာ ပါဝင်ခဲ့သလို နည်းပြပေါင်း (၉) ဦးထက်မနည်း ခန့်အပ်ခဲ့ပါတယ်။ သူဟာအသင်းရဲ့ပွဲစဉ်တွေမှာ ဖြန့်ဝေလေ့ရှိတဲ့ သတင်းစဉ် (match-day programme) ထဲမှာ မကျေနပ်တဲ့ လူပုဂ္ဂိုလ်အသီးသီးကို မကြာခဏ တိုက်ခိုက်လေ့ရှိတာကြောင့်လည်း ဝေဖန်စရာ ဖြစ်ခဲ့ရပါတယ်။ ၂၀၀၂ ခုနှစ်တုန်းကတော့ ချယ်လ်ဆီးပရိသတ် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ 'လွတ်လပ်သော ချယ်လ်ဆီးပရိသတ်များ အစည်းအရုံး (Chelsea Independent Supporters Association)’ ကို ကပ်ပါးကောင်တွေလို့ ဖော်ပြခဲ့ပြီးနောက်မှာ ချယ်လ်ဆီးပရိသတ် ဒေးဗစ် ဂျွန်စတုန်း က သူ့ကိုအသရေဖျက်မှုနဲ့ တရားစွဲခဲ့ပါတယ်။ ဘိတ်စ် ကတော့ အပြစ်ရှိကြောင်း ဝန်မခံပဲ တရားရုံးပြင်ပမှာတင် ကျေအေးအောင် ဖြေရှင်းခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အေဘရာမိုဗစ်ချ် လက်ထက်မှာတော့ အဆင့်အတန်း အသစ်တစ်ခုဆီ တက်လှမ်းသွားနိုင်ခဲ့တာ အမှန်ပါပဲ။ ဒါပေမယ့် ဘိတ်စ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ နောက်ပိုင်းနှစ်တွေကတည်းက ထိပ်တန်း အဆင့် (၆) အတွင်း (၇) ရာသီဆက်တိုက်ဝင်အောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီးသား ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်မှာ ဥရောပ ရှုံးထွက်ဗိုလ်များဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် သူ့ရဲ့ချယ်လ်ဆီးအသင်း သက်တမ်းတစ်လျှောက် အထူးခြားဆုံး အမှတ်တရအဖြစ် ရီးရဲလ် မက်ဒရစ်အသင်းကို ၁ ဂိုး - ၀ ဂိုးနဲ့ အနိုင်ယူခဲ့တဲ့ UEFA စူပါဖလား ဖြစ်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

"အဲဒီတုန်းက ကျွန်တော်တို့ဟာ ဥရောပရဲ့ ချန်ပီယံတွေ ဖြစ်ခဲ့ကြပါတယ်..။ ဒါပေမယ့် အဲဒီကာလမရောက်ခင် လွန်ခဲ့တဲ့ (၁၆) နှစ်တုန်းကတော့ ကျွန်တော်တို့အသင်းဟာ ဒေဝါလီခံရလုနီးပါးဖြစ်ပြီး ကစားသမားတွေကို လစာတောင် မပေးနိုင်ခဲ့တဲ့ အခြေအနေမှာ ရှိခဲ့တာပါ။" လို့ သူက ဆိုခဲ့ပါတယ်။



ဘိတ်စ် ဟာ အင်မတန်မှ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူဖြစ်ပြီး တစ်ခါတုန်းကဆိုရင် ဝင်ဘလေကွင်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်း တိုးတက်ချောမွေ့စေဖို့ အကောင်းဆုံးနည်းလမ်းကတော့ အဲဒီအချိန်တုန်းက အားကစားဝန်ကြီး ဖြစ်ခဲ့သူ ကိတ် ဟိုအီ ကို သေနတ်နဲ့ ပစ်သတ်လိုက်ဖို့ပဲ ရှိတယ်.. ဆိုပြီး Telegraph Sport သတင်းဌာနနဲ့ တွေ့ဆုံခန်းတစ်ခုမှာ ပြောကြားခဲ့ဖူးပါတယ်။ ဒါ့အပြင် သူဟာ ဟားဒင်း ကွယ်လွန်ပြီးပြီးချင်းမှာပဲ သူ့ကို "မကောင်းဆိုးဝါး" လို့ သုံးနှုန်းခေါ်ဆိုခဲ့တာကြောင့် ဒေါသတကြီး ဝေဖန်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ဘိတ်စ် ဟာ ၂၀၂၃ ခုနှစ်တုန်းက Telegraph Sport နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဒေါ်ချက်စတာဟိုတယ်မှာ အရောင်း၊ အဝယ်ကိစ္စရပ်တွေ ဆောင်ရွက်ခဲ့စဉ်တုန်းက အေဘရာမိုဗစ်ချ် ဟာ ဘီလီယံနာတစ်ဦးဖြစ်မှန်း သူကိုယ်တိုင်လည်း မသိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါ့အပြင် သူကိုယ်တိုင် လမ်းဖွင့်ပေးခဲ့သလို ဖြစ်သွားခဲ့တဲ့ အင်္ဂလန်ဘောလုံးလောကအပေါ် နိုင်ငံခြားသားတွေရဲ့ လွှမ်းမိုးလာမှုတွေကိုလည်း မကြာခဏဆိုသလို ဆန့်ကျင်၊ ပြောဆိုလေ့ ရှိခဲ့ပါတယ်။ "သူ (အေဘရာမိုဗစ်ချ်) ဟာ ဂျင်းဘောင်းဘီနဲ့ ရှပ်အင်္ကျီပဲ ဝတ်ထားခဲ့တာပါ။ အဲဒါက သူ့ရဲ့ဘုရားစူး.. ဘီလီယံနာ ယူနီဖောင်းပေါ့" လို့ ဘိတ်စ် က ဆိုပါတယ်။ "ကျွန်တော်တို့ အတူတူ နေ့လည်စာ စားခဲ့ကြတယ်..။ ချယ်လ်ဆီးအသင်းအကြောင်း ဆွေးနွေးခဲ့ကြပြီး အရောင်း၊ အဝယ်အတွက် လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ် - ပြီးတော့ အဲဒီနေ့ညနေမှာပဲ အရောင်းအဝယ်ကိစ္စ သဘောတူညီခဲ့ကြတာပါ။

အေဘရာမိုဗစ်ချ် ဟာ လန်ဒန်မြို့ပတ်ပတ်လည်ကို လေ့လာဖို့ ရဟတ်ယာဉ်တစ်စီး ငှားရမ်းခဲ့ပါတယ်။ သူဟာ ပန်းခြံတစ်ခုကို တွေ့တော့ 'အဲဒီပန်းခြံကို ငါတို့လေ့ကျင့်ရေးကွင်းအတွက် ဝယ်ရအောင်' လို့ ပြောခဲ့ပါတယ်။ အဲ့ဒါနဲ့ ဘိတ်စ် က 'အဲဒါကိုတော့ ခင်ဗျားဝယ်လို့ရမယ် မထင်ဘူးဗျ..။ အဲဒီနေရာဟာ ရီးဂျင့်ပန်းခြံ (Regents Park) ဖြစ်ပြီး ဘုရင်မကြီး ပိုင်ဆိုင်တာပါ။'
လို့ ပြန်ပြောခဲ့ရပါတယ်။

"ပြဿနာကတော့ ဘောလုံးအဖွဲ့ချုပ် (FA) ဟာ အင်မတန် အားနည်းလွန်းတာပါပဲ။ သူတို့အနေနဲ့ ဘောလုံးအသင်းတွေကို နိုင်ငံခြားသားတွေ ပိုင်ဆိုင်ခွင့်မရအောင် တားဆီးတဲ့ စည်းမျဉ်းတွေကို ပြဌာန်းခဲ့သင့်ပါတယ်..။"



၂၀၂၁ ခုနှစ်တုန်းက Telegraph Sport နဲ့ ပြုလုပ်ခဲ့တဲ့ တခြားတွေ့ဆုံခန်းတစ်ခုမှာလည်း ချယ်လ်ဆီးအသင်း အပါအဝင် ပရီးမီးယားလိဂ်ရဲ့ "Top Six" အသင်းတွေ ဥရောပစူပါလိဂ်ဖွဲ့စည်းဖို့ ခေတ္တ သဘောတူညီမှု ရရှိခဲ့ကြစဉ်တုန်းက သူဟာ ပြတ်သားတဲ့ အကြံပြုချက်တစ်ခု ပေးခဲ့ပါသေးတယ်။

"အာဏာပိုင်တွေအနေနဲ့ အဲဒီကိစ္စကို ပြတ်ပြတ်သားသား ကိုင်တွယ်ရပါမယ်။ စကားတွေ အများကြီး ပြောမနေဘဲ၊ အစည်းအဝေးတွေ ဆွေးနွေးပွဲတွေ လုပ်မနေဘဲနဲ့ပေါ့ဗျာ,.။ ရိုးရိုးရှင်းရှင်းပဲ 'မရဘူး။ အဲဒီလိဂ်ကို မင်းတို့ဝင်ရင် ငါတို့ရဲ့လိဂ်ထဲကနေ ထွက်သွားတော့။ ဒါပဲ..' လို့ ပြောလိုက်ရုံပါပဲ။

အနိုင်ကျင့်တတ်တဲ့သူက ခြိမ်းခြောက်လာရင် 'လာလေ၊ ဒါဆိုရင်လည်း ရင်ဆိုင်ကြတာပေါ့' လို့ ပြန်ပြောရပါမယ်။ အနိုင်ကျင့်တတ်တဲ့သူတွေအားလုံးဟာ နောက်ဆုတ်သွားကြတာချည်းပါပဲ။ သူတို့မှာ တခြားဘာမှမရှိပါဘူး၊ ခြိမ်းခြောက်ရုံပဲ တတ်တာ။ ကဲ ... လုပ်လေ။ လာခဲ့စမ်းပါ၊ ပြီးတော့ စကားမစပ် မင်းတို့ကို ဒါတွေ၊ ဟိုဟာတွေနဲ့ တခြားနည်းလမ်းတွေပါ သုံးပြီး အပြတ်ကိုင်ပစ်ဦးမှာလို့ ပြောလိုက်ပါမယ်။"

သူ့ရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်တချို့ကို နောက်ပိုင်းနှစ်တွေမှာ မေးမြန်းခဲ့ကြတဲ့အခါ ဘိတ်စ် က သူဟာ "စပ်စုတတ်သူ၊ စူးစမ်းချင်စိတ်ရှိသူနဲ့ သူများတွေပြောစကားကို ကောင်းကောင်း နားထောင်တတ်သူ တစ်ယောက်" လို့ ပြောကြားခဲ့ပြီးခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ သူ့ရဲ့ ဈာပန အုတ်ဂူပေါ်မှာ ဘယ်လိုကဗျည်းစာ (epitaph) ရေးထိုးခဲ့ချင်လဲ..? လို့ မေးတဲ့အခါမှာတော့ ကင် ဘိတ်စ် က "ကျွန်တော်ဟာ ရန်သူတွေအများကြီး ရှိခဲ့ပါတယ်..၊ ဒါပေမယ့် ကျွန်တော့်ရဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ရယ်မော၊ ပျော်ရွှင်အောင်လည်း လုပ်ပေးနိုင်ခဲ့ပါတယ်" လို့ ရွှင်ရွှင်မြူးမြူး တုံ့ပြန်သွားခဲ့ပါတယ်..။

(The Telegraph သတင်းဌာနမှ ဆောင်းပါးရှင် Jeremy Wilson ၏ ‘When asked for his epitaph, Ken Bates said: I’ve made enemies but I’ve made my friends laugh’ ဆောင်းပါးကို ပြန်ဆိုပါသည်။)