feature-image

မန်နေဂျာသစ် ဇာဘီ အလွန်ဆို ရဲ့ ကော့ဘ်ဟမ် မှ ပထမဆုံး ရက်သတ္တပါတ်..

မကြာသေးတဲ့ လွန်ခဲ့တဲ့ (၆) လ အာဆင်နယ်အသင်းရဲ့ အင်းမရိတ်ကွင်းမှာ ကစားခဲ့တဲ့ပွဲတုန်းက ကွင်းဘေးစည်းနားမှာ ဘောလုံးထိချက် မှားယွင်းသွားခဲ့တဲ့ လီယမ် ရိုဆီနာ ကို အက်စတီဗာအို ဝီလီယံ  က 'ခင်ဗျား တကယ်ပဲ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဟောင်း ဟုတ်ရောဟုတ်ရဲ့လား?' လို့ မေးခွန်းထုတ် နောက်ပြောင်ခဲ့တာကို ပြန်တွေးကြည့်ပါ…

ပြီးခဲ့တဲ့ အပတ်ထဲမှာတော့ ပါရမီရှင် ဘရာဇီးလ်လူငယ် ကစားသမားလေးဟာ ကော့ဘ်ဟမ် လေ့ကျင့်ရေးကွင်းထဲမှာ ဇာဘီ အလွန်ဆိုရဲ့ ဖန်တီးပေးမှုကတစ်ဆင့် ဂိုးသွင်းယူပေးခဲ့ပါပြီ။ အပြာရောင်တို့ရဲ့ မန်နေဂျာသစ်ဟာ Adidas Predator ဖိနပ်ကို စီးနင်းထားပြီး ဘောလုံးကို လေထဲမှာပဲ ဘယ်ပြန်၊ ညာပြန်ထိန်းပြခဲ့ပြီး အသက် (၁၉) နှစ်အရွယ် ကြယ်ပွင့်လေး ဂိုးကျဉ်းထဲကို ခေါင်းတိုက်ဂိုး သွင်းယူနိုင်အောင် အနုပညာဆန်ဆန် ဖန်တီးပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့၊ ချယ်လ်ဆီးအသင်းရဲ့ ရာသီကြိုပြင်ဆင်မှုတွေ စတင်ခဲ့တဲ့ ပထမဆုံးနေ့ မနက် (၉) နာရီမှာ ကစားသမားတွေအားလုံး ကော့ဘ်ဟမ် လေ့ကျင့်ရေးကွင်းဆီ တစုတဝေးတည်း ပြန်လည် ရောက်ရှိလာချိန် သူတို့အချင်းချင်း ဘယ်လိုစကားတွေ ပြောဆိုဖြစ်ကြမလဲ? မှန်းဆကြည့်လို့ရပါတယ်။ ‘နွေရာသီ ပိတ်ရက်က ဘယ်လိုလဲဗျာ?’ ‘ကောင်းကောင်း အနားယူခဲ့ရရဲ့လား?’ ‘မိသားစုတွေရော နေကောင်းကြလား?’ ‘ဘယ်နေရာတွေ သွားလည်ဖြစ်သေးလဲ?’ ‘ကမ္ဘာ့ဖလားပွဲတွေရော ကြည့်ဖြစ်လား?’ ‘ပြီးတော့... နည်းပြသစ်ကြီးအကြောင်း ဘာတွေ ကြားထားလဲ..?’ စတဲ့ အကြောင်းအရာတွေ ဖြစ်ပါလိမ့်မယ်..။

ကိုးလ် ပါးမား ဟာ ‘အေးစက်၊ တည်ငြိမ်သူ (Cold)’ တစ်ယောက်အဖြစ် ဂုဏ်သတင်း ကျော်စောပေမယ့် ဒီတစ်ခါမှာတော့ ဘယ်သူမှမျှော်လင့်မထားတဲ့ပုံစံ.. ရေခဲထုတ်တွေနဲ့အတူ အသင်းကိုရောက်ရှိလာခဲ့ပါတယ်။ ဟုတ်ပါတယ်.. သူ့ရဲ့ရေခဲထုတ်တွေကတော့ ‘COLE'D’ တံဆိပ် ရေခဲထုတ်တွေပဲ ဖြစ်ပါတယ်..။ အသက် (၂၄) နှစ်အရွယ် အင်္ဂလန်သားလေးဟာ သူ့ရဲ့ ကိုယ်ပိုင် ပရီမီယံ ရေခဲတုံးအမျိုးအစားသစ်ကို ဈေးကွက်ထဲ စတင်မိတ်ဆက်လိုက်တာဖြစ်ပြီး ဘောလုံးပုံစံ ပုံဖော်ထားတဲ့ ရေခဲလေးတုံးပါ တစ်ထုတ်ကို စတာလင်ပေါင် (၄) ပေါင်နဲ့ ရောင်းချတာပါ။



သူဟာ သောမတ်စ် တူခယ်လ် ရဲ့ အင်္ဂလန်လက်ရွေးစင်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာကို နည်းပြ အလွန်ဆို အနေနဲ့ သိပ်ပြီးစိတ်ဆိုး၊ ဝမ်းနည်းနေမှာ မဟုတ်ပါဘူး။ အပြာရောင်တို့ရဲ့ ကစားကွက်ဖန်တီးရှင်ဟာ သုံးရာသီဆက်တိုက် နွေရာသီအားလပ်ရက် အပြည့်အဝ မရခဲ့တာကြောင့် အနားယူဖို့နဲ့ စွမ်းအင်ပြန်ဖြည့်ဖို့ အခုလိုနွေရာသီ အားလပ်ရက်မျိုး သေချာပေါက် လိုအပ်နေတာပါ။ သူတို့နှစ်ဦးဟာ လေ့ကျင့်ရေးကွင်းထဲမှာ စကားစမြည် အနည်းငယ် ပြောဆိုဖြစ်ခဲ့ကြပေမယ့် အလွန်ဆို ဟာ ကစားသမားတွေကို ရုံးခန်းထဲခေါ်ယူ၊ တွေ့ဆုံတာမျိုး သိပ်မလုပ်ဘူးလို့ ကြားသိရပါတယ်။ ဒါဟာ ကစားသမားတစ်ဦးချင်းစီနဲ့ သီးသန့်ဆွေးနွေးပွဲ (one-on-one meeting) တွေကို အင်မတန်နှစ်သက်တဲ့ နည်းပြဟောင်း ရိုဆီနာ နဲ့ ကွာခြားချက် ဖြစ်ပါတယ်..။

ချယ်လ်ဆီးအသင်းဟာ အလွန်ဆို ရောက်ရှိလာတဲ့အပေါ် အရမ်းကို စိတ်လှုပ်ရှားနေကြပါတယ်။ အဲဒါကိုလည်း အပြည့်အဝ နားလည်ပေးလို့ရပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ အခုနွေရာသီမှာ အသင်းဘက်က ခန့်အပ်နိုင်ခဲ့တဲ့ အကြီးကျယ်ဆုံးနည်းပြ အမည်နာမတစ်ခု ဖြစ်နေခဲ့လို့ပါပဲ။ အသင်းရဲ့ မီဒီယာအဖွဲ့ (content team) ဟာ သူတို့ရဲ့ ဗီဒီယိုမှတ်တမ်းတွေကို ဒီအပါတ်အတွင်း အမြန်ဆုံးအချောသတ်၊ တင်ဆက်နိုင်ဖို့ အချိန်နဲ့တပြေးညီ အပြင်းအထန် ကြိုးစားခဲ့ရပြီး၊ အလွန်ဆို ကိုယ်တိုင်ကလည်း တစ်လျှောက်လုံးမှာ အကောင်းဆုံး ပူးပေါင်းပါဝင် ကူညီပေးခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းအင်္ကျီကို ကိုင်မြှောက်ပြတာ၊ စာချုပ်ပေါ်မှာ လက်မှတ်ရေးထိုးပြတာနဲ့ လေ့ကျင့်ရေးကွင်းဘေး ပွဲကြည့်စင်ပေါ်မှာ ထိုင်နေတဲ့ ပုံရိပ်တွေကို ဓာတ်ပုံရိုက်ကူး၊ တင်ဆက်ခဲ့ပါတယ်။ ဒါ့အပြင် acrylic ပြားပေါ်မှာ သူ့ရဲ့ လက်မှတ် ရေးထိုးတာ၊ အသင်းရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာတွေပေါ်မှာ ပရိသတ်တွေဆီ နှုတ်ခွန်းဆက် ဗီဒီယိုရိုက်ကူးတာနဲ့ အသင်းရဲ့ နာမည်ကျော် အစီအစဉ် တင်ဆက်သူ လီ ပါကာ (Lee Parker) နဲ့အတူ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းရဲ့ မြက်ခင်းစိမ်းထက်မှာ လမ်းလျှောက်ရင်း အင်တာဗျူး ဗီဒီယိုကိုပါ ရိုက်ကူးခဲ့ရပါတယ်။ အလွန်ဆို ဟာ ပထမဆုံးနေ့မှာတင် အတော်လေး အင်တိုက်အားတိုက် လုပ်ပေးခဲ့ရပါတယ်..။



ဒါ့အပြင် ကစားသမားတွေ  Gym ကစားနေတဲ့ ဗီဒီယိုတစ်ခုရဲ့ နောက်ခံမှာ မီဟေးလ်လို မူဒရစ်ခ် မတ်တပ်ရပ်နေသလို မြင်တွေ့ခဲ့ရပြီးတဲ့နောက် ချယ်လ်ဆီးပရိသတ်အချို့ဟာ အတော်လေး စိတ်လှုပ်ရှား သွားခဲ့ကြပါတယ်။ ယူကရိန်း တောင်ပံ ကစားသမားဟာ ဆီးနမူနာထဲမှာ တားမြစ်ဆေးဝါး တွေ့ရှိမှုကြောင့် ဘောလုံးအဖွဲ့ချုပ် (FA) ရဲ့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် (၄) နှစ် ပိတ်ပင် ခံထားရပါတယ်..။

တင်းနစ်ကစားနည်းကို ဝါသနာပါတဲ့ အသက် (၂၅) နှစ်အရွယ် မူဒရစ်ခ်ဟာ လန်ဒန်မြို့မှာပဲ ရှိနေခဲ့တာဖြစ်ပြီး ဝင်ဘယ်လ်ဒန်ပြိုင်ပွဲမှာ အဖြူရောင်ဝတ်စုံ အပြည့်အစုံနဲ့ရှိနေစဉ် Daily Mail Sport နဲ့ မတော်တဆ ဆုံတွေ့ခဲ့ပါသေးတယ်။ ဒါပေမယ့် သူဟာ အဲဒီပြစ်ဒဏ်ကို အားကစားဆိုင်ရာ ခုံသမာဓိရုံး (CAS) မှာ အယူခံဝင်ပြီး ကြားနာပွဲပြုလုပ်မယ့်ရက်စွဲကို စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။ အဲဒီဗီဒီယိုဖိုင်ထဲက ကစားသမားဟာ မူဒရစ်ခ် နဲ့ တစ်ပုံစံတည်း တူနေခဲ့တာ မှန်ပေမယ့် မူဒရစ်ခ် အစစ်အမှန် မဟုတ်ပါဘူး။ သူဟာအခုနွေရာသီမှာ အသင်းကနေ ပြန်လည်ရောင်းချဖို့ စာရင်းသွင်းထားတဲ့ ဂိုးသမား ဖိလစ် ဂျော်ဂန်ဆန် ဖြစ်ပါတယ်။

ဂျော်ဂန်ဆန် ဟာ နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာ မရမချင်း အသင်းနဲ့အတူ ဆက်လက်လေ့ကျင့် နေတာဖြစ်ပြီး ဒါဟာကောင်းမွန်တဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ အသင်းမှာမလိုချင်တဲ့ ကစားသမားတွေကို သီးသန့်ခွဲထုတ်လေ့ကျင့်စေတဲ့ ‘Bomb Squad’ မျိုး ဖွဲ့စည်းဖို့ တွန်းအားပေးမှုကို လက်ရှိအချိန်အထိ ငြင်းဆန်ထားဆဲလို့ ပြောရမှာပါပဲ။ Daily Mail Sport သတင်းဌာနရဲ့ ပြီးခဲ့တဲ့အပတ်က ဖော်ပြချက်အရ အလီဂျန်ဒရို ဂါနာချို ဟာ အသင်းမှာ တစ်ရာသီပဲ ဖြတ်သန်းပြီးနောက် လမ်းခွဲဖို့ နှစ်ဦးသဘောတူ ဆုံးဖြတ်ခဲ့ပြီးကတည်းက ကော့ဘ်ဟမ်ဆီ ပြန်ရောက်မလာခဲ့ပါဘူး။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက မန်ချက်စတာ ယူနိုက်တက်ကနေ ခေါ်ယူပေါင် (၄၀) သန်းအထိ အသုံးပြုခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ အငှားချတာ ဒါမှမဟုတ် အပြီးသတ်ဝယ်ယူရမယ့် စည်းကမ်းချက်ပါဝင်တဲ့ အပြောင်းအရွှေ့မျိုးထက်စာရင် အပြီးသတ်ရောင်းချမှုနဲ့တင် သန့်သန့်ရှင်းရှင်း လမ်းခွဲသွားဖို့ကိုပဲ ဦးစားပေး လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့မနက်ပိုင်းက နည်းပြ အလွန်ဆို ဟာ မီဒီယာပိုင်းဆိုင်ရာ တာဝန်တွေကို လုပ်ဆောင်နေချိန်အတွင်း ပါးမား ဟာ ဂျာအို ပီဒရို၊ ဝက်စလေ ဖိုဖာနာ၊ လီဗိုင်း ကိုဝဲလ် တို့အပါအဝင် တခြားကစားသမားတွေနဲ့အတူ ပုံမှန်ပြုလုပ်နေကျ ကြံ့ခိုင်မှုစစ်ဆေးခြင်း (fitness tests) တွေကို စတင် လုပ်ဆောင်ခဲ့ကြပါတယ်။



အဲဒီနောက်မှာတော့ အလွန်ဆို ဟာ သူ့ရဲ့တကယ့်လက်တွေ့ လေ့ကျင့်ခန်းတွေ စတင်ခဲ့ပါတယ်…။ မွန်းလွဲပိုင်း လေ့ကျင့်ရေးအစီအစဉ်မှာတော့ ဂိုးကျဉ်းကစားပွဲ (small-sided games) တွေနဲ့ ဂိုးသွင်းအဆုံးသတ် လေ့ကျင့်ခန်း (finishing drills) တွေလိုမျိုး ဘောလုံးနဲ့အတူ ချက်ချင်းတွဲဖက် လေ့ကျင့်ရတာတွေ ပါဝင်ခဲ့ပြီး၊ ကမ္ဘာ့ဖလားပြိုင်ပွဲ သွားရောက်နေကြတဲ့ လက်ရွေးစင်ကစားသမားတွေ မရှိတဲ့အချိန်မှာ အိုလူတာယို ဆူဘူလိုယီ၊ ရက်ဂျီ ဝပ်ဆန်၊ ရိုင်ယန် ကာဗူးမား-မက်ခ်ကွင်း နဲ့ လန်ဒန် အီမန်နာလို တို့လို လူငယ်အကယ်ဒမီ ကစားသမားတွေလည်း ဝင်ရောက်ပူးပေါင်း လေ့ကျင့်ခဲ့ကြပါတယ်။

အသက် (၁၇) နှစ်အရွယ် လူငယ်အကယ်ဒမီ ကွင်းလယ် ကစားသမား ရက်ဂီ ဝေါ့ရှ် ဟာ ကျွန်တော်တို့ နောက်ဆုံးမြင်တွေ့ခဲ့ရချိန်ကထက် ကြွက်သားထု တက်လာခဲ့ပြီး ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်း သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ သူဟာ ကစားသမားတိုင်း မဖြစ်မနေ ယှဉ်ပြိုင်ရတဲ့ ‘ခေါက်တုံ့ခေါက်ပြန် တာတိုပြေး ကြံ့ခိုင်မှုစမ်းသပ်မှု အစီအစဉ် (bleep test)’ မှာ ပထမရရှိခဲ့ပြီး၊ သူ့ရဲ့နောက်မှာတော့ ပါးမား နဲ့ အက်စ်တီဗာအို တို့ ကပ်လျှက် လိုက်ပါနိုင်ခဲ့ပါတယ်..။ ဒါဟာဒဏ်ရာပြဿနာတွေ ကြုံတွေ့ခဲ့ရတဲ့ ကြယ်ပွင့်ကစားသမားတွေဆီက ကောင်းမွန်တဲ့လက္ခဏာတွေ မြင်တွေ့နေရပြီ.. လို့ ပြောနိုင်ပါတယ်။ ရက်ဂီ ဝေါ့ရှ် ရဲ့ မိသားစုဝင်တွေကတော့ သူဟာအခုလာမယ့်ရာသီမှာ ပထမအသင်းကြီးဆီ တက်လှမ်းနိုင်ပြီး အသင်းကို ကူညီပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်မှုအပြည့် ရှိနေကြပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီ၊ ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲမှာ အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်နဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်တစ်ပွဲကလွဲရင် ကျန်တဲ့ပွဲစဉ်အားလုံးမှာ ပြိုင်ဘက်တွေရဲ့ အပြေးနှုန်း၊ အလုပ်နှုန်းထက် နည်းပါး.. အောက်ကျခဲ့တဲ့အပြင် ပြိုင်ပွဲဝင် အသင်း (၂၀) ထဲမှာ စုစုပေါင်း ပြေးလွှားမှုအကွာအဝေး (total distance) အနည်းဆုံး ဖြစ်ခဲ့ပါတယ်။ မန်နေဂျာ အလွန်ဆို ဟာ အသင်းရဲ့စွမ်းဆောင်ရည် အချက်အလက် အားလုံးကို အသေအချာ လေ့လာထားပြီး ဖြစ်တယ်လို့ ယူဆရပါတယ်။ သူရဲ့လက်အောက် လေဗာကူဆင်အသင်း ဘွန်ဒက်စ်လီဂါချန်ပီယံ ဖြစ်ခဲ့တဲ့ ၂၀၂၃-၂၄ ရာသီတုန်းမှာ ဂျာမန်ချန်ပီယံအသင်းထက် ပိုပြီးပြေးလွှားနိုင်ခဲ့တာ ဟော့ဖန်ဟိန်း တစ်သင်းပဲ ရှိခဲ့တာ ဖြစ်ပါတယ်။



ချယ်လ်ဆီးကစားသမားတွေရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု (physicality) တိုးတက်အောင်လုပ်ပေးဖို့ဟာ အလွန်ဆို အတွက် အရေးကြီးတဲ့ တာဝန်တစ်ရပ်ဖြစ်ပြီး လက်ရှိအချိန်မှာ အောင်မြင်မှုကို ဆာလောင်နေတဲ့ လူငယ်ကစားသမားကောင်းတွေကို အမွေဆက်ခံ ရရှိထားတာကတော့ ကောင်းမွန်တဲ့အချက်လို့ ပြောရမှာပါ..။ အသက် (၁၇) နှစ်အရွယ် ဒါစ်တန် ဆတ်ပါယက်ဗ် ၊ အသက် (၂၃) နှစ်အရွယ် အီမန်နျူရယ် အီမီဂါ နဲ့ အသက် (၁၉) နှစ်အရွယ် ဂျီယိုဗာနီ ကွမ်ဒါ တို့ဟာ သူတို့ရဲ့အရင်အသင်းတွေဆီကနေ ကြိုတင်သဘောတူညီချက် (pre-agreements) တွေရယူပြီး ချယ်လ်ဆီးအသင်းကို ရောက်ရှိ၊ ပူးပေါင်းနေကြပြီ ဖြစ်ပါတယ်။

ဆတ်ပါယက်ဗ် ရဲ့ ဖြစ်ရပ်မှာဆိုရင် စပိန်နည်းပြကြီးဟာ သူ့ရဲ့အနေအထားကို အကဲဖြတ် စစ်ဆေးနိုင်ဖို့အတွက် သတ်မှတ်ချိန်ထက်စောပြီး စေလွှတ်ပေးဖို့ ကိုင်ရတ်အသင်းဆီ အထူးခွင့်ပြုချက် တောင်းခံခဲ့တာပါ။ ကာဇတ်စ်တန် အသင်းဘက်ကလည်း ချယ်လ်ဆီးအသင်းရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးခဲ့ပြီး အသင်းပိုင်ရှင် ကိုင်ရတ် ဘိုရန်ဘေယက်ဗ် ကိုယ်တိုင် ကော့ဘ်ဟမ်လေ့ကျင့်ရေးကွင်းဆီ လာရောက်ခဲ့ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခဲ့ကြရတဲ့ ကစားသမားတွေကတော့ အနားယူကာလကို စောစောစီးစီးဖြတ်ပြီး ပြန်လာဖို့ မရွေးချယ်ခဲ့ဘူးဆိုရင် ထုံးစံဖြစ်တဲ့ ရက်သတ္တပါတ်သုံးပတ်ကြာ အနားယူချိန်ကာလ ပြီးဆုံးတာနဲ့ အသင်းဆီ ပြန်လည်ရောက်ရှိလာမှာပါ..။ အက်စ်တွန် ဗီလာအသင်းနဲ့ ဆွေးနွေးနေတယ်ဆိုပြီး သတင်းထွက်နေတဲ့ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် ကတော့ ချယ်လ်ဆီးအသင်းရဲ့ ဩစတြေးလျနဲ့ အာရှတိုက်ကို သွားရောက်မယ့် ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ အသင်းနဲ့လာရောက်၊ ပူးပေါင်းဖို့ စီစဉ်ထားပါတယ်..။ နည်းပြ အလွန်ဆို ကတော့ အသက် (၂)၅ နှစ်အရွယ် ဒီတိုက်စစ်မှူးနဲ့ အခြေအနေကို ပိုမိုပြီ အနီးကပ်စောင့်ကြည့် နေချင်ပါသေးတယ်..။ မွိုင်ဆက်စ် ကိုင်စီဒို လည်း အလားတူ အစီအစဉ်မျိုးပဲ ချမှတ်ထားတယ်လို့ ယူဆရပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအတွက် တက်ရောက်နိုင်ခဲ့တဲ့ အင်ဇို ဖာနန်ဒက်ဇ် စတာလင်ပေါင်သန်း (၁၂၀) တန်ကြေးရှိတဲ့ ကွင်းလယ် ကစားသမားဟာ အသင်းရဲ့ ပြည်ပရာသီကြို ခြေစမ်းခရီးစဉ်ကို လွဲချော်ဖို့ ရှိနေပါတယ်။ ဒါဟာ သူအသင်းမှာ ဆက်ရှိနေဦးမယ်ဆိုရင် ဖြစ်လာမယ့် အခြေအနေပါ။



ဖာနန်ဒက်ဇ် တစ်ယောက် နယူးယောက်မြို့က မက်လိုက်ဖ် ကစားကွင်းကြီးထဲမှာ ပရိသတ်ပေါင်း (၈၀,၀၀၀) ရှေ့မှောက် စပိန်အသင်းနဲ့ ရင်ဆိုင်ကစားဖို့ ပြင်ဆင်နေချိန်မှာ ကော့ဘ်ဟမ်က သူ့ရဲ့ချယ်လ်ဆီး အသင်းဖော်တွေကတော့ အသင်းတွေရဲ့ နည်းပြအဖွဲ့ဝင်တွေပဲ ကွင်းထဲဝင်ရောက်ကြည့်ရှုခွင့်ရမယ့် ခရော်လေ တောင်း၊ ဘရွမ်လေ အသင်းတွေနဲ့ ကွင်းပိတ်ခြေစမ်းပွဲစဉ်တွေ (behind-closed-doors friendlies) အတွက် ပြင်ဆင်နေကြပါတယ်။ အဲဒီ သီးသန့်ပွဲစဉ်တွေကိုတော့ ကြာသပတေးနေ့နဲ့ စနေနေ့တွေမှာ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားတာပါ။ ခရော်လေ တောင်းအသင်းနဲ့ တံခါးပိတ် ခြေစမ်းပွဲစဉ်မှာတော့ အလွန်ဆို ရဲ့ အသင်းဟာ ဂျေမီ ဂစ်တန်စ်၊ လီယန် ဒီလပ် နဲ့ အီမန်နူရယ် အီမေးဂါး တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၃ဂိုး- ၁ဂိုး ရလဒ်နဲ့ အနိုင်ရခဲ့တယ်လို့ သိရပါတယ်..။

မန်နေဂျာ အလွန်ဆို နဲ့ အသင်းသားတွေဟာ ဇူလိုင်လ သီတင်းပတ်ကုန်ပိုင်းမှာ လေကြောင်းခရီးစဉ် မိုင်ပေါင်းများစွာ ဖြတ်သန်းရပြီး ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ကို ဆိုက်ရောက်လာဖို့ ရှိနေပါတယ်။ သူတို့ဟာ ဆစ်ဒနီမြို့ (ဇူလိုင် (၂၈) ရက်မှာ ဝက်စတန် ဆစ်ဒနီ ဝမ်းဒါးရားစ်၊ ဩဂုတ် (၁) ရက်မှာ တော့တင်ဟမ် ဟော့စပါးတို့နဲ့ ကစားမယ့် ခြေစမ်းပွဲများ) ကနေ ဟောင်ကောင် (ဂျူဗင်တပ်စ် - ဩဂုတ် ၅ ရက်)၊ အဲဒီကနေတစ်ဆင့် ဂျာကာတာ (အေစီမီလန် - ဩဂုတ် ၈ ရက်) နဲ့ မလေးရှား (ဂျိုဟိုး ဒါရူး တက်ဇင်း - ဩဂုတ် ၉ ရက်) တို့ဆီ ဆက်လက် ထွက်ခွာသွားကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပါတ်မှာတော့ အသက် (၄၄) နှစ်အရွယ် စပိန်လူမျိုးနည်းပြကြီးဟာ ချယ်လ်ဆီးအသင်းရဲ့ အားကစားဒါရိုက်တာတွေနဲ့ ဆက်လက်ပူးပေါင်း ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး၊ အခုအချိန်မှာ သူကိုယ်တိုင်လည်း အသင်းကို ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် အလုပ်လုပ်ရတာ ပိုပြီးအဆင်ပြေ လွယ်ကူ၊ ချောမွေ့သွားခဲ့ပါပြီ။

အလွန်ဆို ဟာ ဇူလိုင်လ (၁) ရက်နေ့ တရားဝင်အလုပ်စတင်မယ့် ရက်မတိုင်ခင်ကတည်းက စပိန်နိုင်ငံကနေ အလုပ်လုပ်နေခဲ့တာဖြစ်ပြီး မာ့စ် ကူကူရယ်လာ ကို ရီးရဲလ် မက်ဒရစ်အသင်းဆီ စတာလင်ပေါင် (၅၁.၈) သန်းနဲ့ ရောင်းချဖို့ ခွင့်ပြုချက်ပေးခဲ့တာ၊ အင်ဇို ဖာနန်ဒက်ဇ်ကို အသင်းမှာ ဆက်နေဖို့ စည်းရုံးပြောဆိုခဲ့တာနဲ့ အတ္တလန်တာအသင်းကနေ စတာလင်ပေါင် (၄၇) သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အသက် (၂၁) နှစ်အရွယ် အီတလီလူငယ် နောက်ခံအစွန်လူ မာကို ပါလက်စ်ထရာ ကို အသင်းဆီရောက်လာအောင် စည်းရုံးဆွဲဆောင် (schmoozing) ခဲ့တာတွေလည်း ပါဝင်ပါတယ်။



ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်နေတဲ့ အင်္ဂလန်အသင်း တောင်ပံကစားသမား မော်ဂန် ရော်ဂျားစ် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၁၁၇) သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်..။ အသက် (၂၃) နှစ်အရွယ် ကစားသမားဟာ လာမယ့်တနင်္လာနေ့မှာ ချယ်လ်ဆီးအသင်းနဲ့ ဆေးစစ်မှု ခံယူသွားလိမ့်မယ်လို့ သိရပါတယ်..။

ပြီးခဲ့တဲ့ ရက်သတ္တပါတ်ထဲမှာ ကစားသမားတွေဟာ ရာသီကြိုပြင်ဆင်မှုတွေ ပြင်းပြင်းထန်ထန် လေ့ကျင့်နေခဲ့ကြပေမယ့် နားရက်တစ်ရက် ရခဲ့ပါသေးတယ်..။ ဂျာအို ပီဒရိုကတော့ အဲဒီနားရက်ကို ယာနစ် ဆင်နာ နဲ့ အလက်ဇန်းဒါး ဇဗဲရက်ဗ် တို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ ဝင်ဘယ်လ်ဒန် အမျိုးသားဗိုလ်လုပွဲကို သွားရောက် ကြည့်ရှုဖို့ အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် အလွန်ဆို ကတော့ အလုပ်ထဲမှာပဲ အပြည့်အဝ အာရုံစိုက်နေခဲ့ပါတယ်..။ သူ့ရဲ့ကြိုးပမ်းမှုတွေအားလုံးရဲ့ အဓိပေန်းတိုင်ကတော့ သူတာဝန်ယူ ကိုင်တွယ်ရမယ့် ပထမဆုံးရာသီမှာပဲ ချယ်လ်ဆီးအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ပြန်လည်ပို့ဆောင်ပေးနိုင်ဖို့ ဖြစ်ပါကြောင်း တင်ဆက်လိုက်ပါတယ်။

(Daily Mail သတင်းဌာနမှ ဆောင်းပါးရှင် Kieran Gill ၏ ‘Inside Xabi Alonso's first week at Chelsea: Key difference to Liam Rosenior, Cole Palmer's £4 ice cubes, positive sign for Estevao Willian, the academy players brought into the fold and a rare Mykhailo Mudryk sighting’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)