အက်စတွန် ဗီလာအသင်းက မော်ဂန် ရော်ဂျားစ် ကို အသင်းရဲ့စံချိန်တင် ပြောင်းရွှေ့ကြေး စတာလပေါင် (၁၁၇) သန်းအထိ အသုံးပြုပြီး ခေါ်ယူခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ ဆုံးဖြတ်ချက်ဟာ အင်္ဂလန် ဘောလုံးလောက တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်..။ တဆက်တည်းမှာပဲ အဲဒီလျှပ်တပြတ်လှုပ်ရှားမှုဟာ စတန်းဖို့ဒ် ဘရစ်ချ်က အဓိကဆုံးဖြတ်ချက်ချသူတွေရဲ့ ကစားသမား အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့ မူဝါဒတွေပါ ပြောင်းလဲမှု ဖြစ်သွားပြီလား..? ဆိုတဲ့ မေးခွန်း အပါအဝင် အခြားအရေးကြီးတဲ့ မေးခွန်းတွေပါ ဖြစ်ပေါ်စေခဲ့ပါတယ်။
ပထမဆုံးအနေနဲ့ ချယ်လ်ဆီးအသင်းဟာ ဒီလိုမြင့်မားပြောင်းရွှေ့ကြေးကို ဘယ်လိုတတ်နိုင်ခဲ့တာပါလဲ? အသင်းက နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ ဘဏ္ဍာရေးစာရင်းတွေအရ ပရီးမီးယားလိဂ်သမိုင်းမှာ အခွန်မဆောင်မီ အများဆုံးအရှုံး ပြသနေခဲ့ပါတယ်..။ ဒါ့အပြင် စတန်းဖို့ဒ် ဘရစ်ချ်အသင်းဟာ လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် မရရှိခဲ့ပါဘူး။
ဒုတိယအချက်ကတော့ ရော်ဂျားစ်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပြောင်းရွှေ့ကြေးအမြင့်ဆုံး ဗြိတိန်ကစားသမားအဖြစ် စံချိန်တင်စေခဲ့တဲ့ အပြောင်းအရွှေ့ဟာ ကိုးလ် ပါးမား ရဲ့ အနာဂတ်အပေါ် သက်ရောက်မှု ရှိလာနိုင်မလား? ဆိုပြီး မေးခွန်းထုတ်စရာ ရှိလာပါတယ်..။ အကြောင်းကတော့ သူတို့နှစ်ဦးစလုံးဟာ တိုက်စစ်လိုက်ပါရတဲ့ ကွင်းလယ်ဖန်တီးရှင်တွေအဖြစ် အဓိက ကစားကြသူတွေ ဖြစ်နေလို့ပါပဲ..။
တတိယအချက်အနေနဲ့ ရော်ဂျားစ် ကို ခေါ်ယူလိုက်တာဟာ နည်းပြ ဇာဘီ အလွန်ဆို ရဲ့ ပွဲထွက်လူစာရင်းအပေါ် ဆက်စပ်သက်ရောက်မှုတွေ ဘယ်လိုဖြစ်ပေါ်လာနိုင်မလဲ? ရော်ဂျားစ် ရောက်ရှိလာမှုရဲ့ နောက်ဆက်တွဲအဖြစ် ဘယ်သူတွေ အသင်းကနေ ထွက်ခွာသွားရဖွယ် ရှိနေလဲ?

ချယ်လ်ဆီးအသင်းက ရော်ဂျားစ် ရဲ့ ပြောင်းရွှေ့ကြေးကို ဘယ်လိုနည်းနဲ့ တတ်နိုင်ခဲ့တာလဲ?
BlueCo အသင်းပိုင်ရှင်တွေ လက်ထက်မှာ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကစားသမား ရောင်းဝယ်ဖောက်ကားသူတွေ ဖြစ်လာခဲ့ပါတယ်။ ၂၀၂၅/၂၆ ဘောလုံးရာသီတစ်ခုတည်းမှာတင် သူတို့ဟာ ပထမအသင်းကြီး တစ်ခုတည်းရဲ့ ကစားသမားအငှားနဲ့ ရောင်းချမှုတွေ အပါအဝင် အပြောင်းအရွှေ့ (၃၅) ခုထက်မက အပြီးသတ်နိုင်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ ချယ်လ်ဆီးအသင်းကို BlueCo အုပ်စုက လွှဲပြောင်းရယူခဲ့ပြီးနောက်ပိုင်း ကစားသမားသစ် ခေါ်ယူမှုတွေမှာ မကြုံစဖူး အများအပြား ရင်းနှီးမြှုပ်နှံခဲ့တဲ့ ပမာဏတွေကို အများစုက အာရုံစိုက်နေကြပေမယ့် သူတို့တွေဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကစားသမား ရောင်းချမှုတွေကတစ်ဆင့် ပိုက်ဆံအမြောက်အမြား ပြန်လည်ရှာဖွေနိုင်ခဲ့တယ်ဆိုတာ သတိပြုရမှာပါ။
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ကစားသမား ရောင်းချမှုတွေကနေ စတာလင်ပေါင်သန်း (၃၀၀) နီးပါး ပြန်လည်ရရှိခဲ့ပြီး အဲဒီပမာဏဟာ သူတို့ရဲ့ကစားသမားသစ် ခေါ်ယူရာမှာ အသုံးပြုခဲ့တဲ့ ပမာဏနီးပါးာ တူညီနေခဲ့ပါတယ်။
အခုနွေရာသီမှာလည်း ကစားသမား ရောင်းချမှုအရှိန်အဟုန် ဆက်လက်ကောင်းမွန်နေပြီး ဘယ်နောက်ခံလူ မာ့စ် ကူကူရယ်လာ ကို စတာလင်ပေါင် (၅၂) သန်းနဲ့ ရီးရဲလ် မက်ဒရစ်အသင်းဆီ..၊ ကွင်းလယ်လူ အန်ဒရေ ဆန်းတို့စ် ကို စတာလင်ပေါင် (၄၈) သန်းနဲ့ မန်ချက်စတာ ယူနိုက်တက်၊ လူငယ်အကယ်ဒမီ တိုက်စစ်မှူး တိုင်ရစ်ခ် ဂျော့ချ် ကို စတာလင်ပေါင် (၂၄) သန်းနဲ့ အဲဗာတန်ဆီ အသီးသီး ရောင်းချနိုင်ခဲ့ပါတယ်..။ ဒါဟာ လက်ရှိအချိန်အထိ ပထမအသင်းကြီး ကစားသမားသုံးဦး ရောင်းချမှုကနေ စုစုပေါင်း စတာလင်ပေါင် (၁၂၄) သန်း ရရှိထားတယ်လို့ အကြမ်းဖျင်း တွက်ချက်လို့ရပါတယ်။

အရေးကြီးတဲ့ အချက်ကတော့ ဘဏ္ဍာရေးစည်းမျဉ်း တွက်ချက်မှုတွေအရ ကလပ်အသင်းတွေဟာ ကစားသမား ရောင်းချလို့ ရလာတဲ့ ပြောင်းရွှေ့ကြေးတစ်ခုလုံးကို စာရင်းဇယားမှာ ချက်ချင်းအပြည့်အဝ ဖော်ပြခွင့်ရှိပြီး ကစားသမားအသစ် ဝယ်ယူရာမှာ ကုန်ကျခဲ့တဲ့ ပြောင်းရွှေ့ကြေးတွေကိုတော့ စာချုပ်သက်တမ်းအလိုက် အများဆုံး (၅) နှစ်အထိ ခွဲဝေပြီး စာရင်းတွက်ချက် ခွင့်ပြုထားပါတယ်။
အဓိပ္ပါယ်ကတော့ စာရင်းဇယားတွေအရ ရော်ဂျားစ် အတွက် ချယ်လ်ဆီးအသင်း ပေးချေရမယ့် စတာလင်ပေါင် (၁၁၇) သန်း တန်ကြေးရှိ အပြောင်းအရွှေ့ဟာ အခုဘောလုံးရာသီမှာ စတာလပေါင် (၂၃.၄) သန်းပဲ ကုန်ကျစရိတ် ပြပေးရမှာပါ။ အခြားတစ်ဖက်မှာတော့ ကူကူရယ်လာ ကို ရီးရဲလ် မက်ဒရစ်အသင်းဆီ ရောင်းချခဲ့တဲ့အပေါ် အခုနှစ် ဘဏ္ဍာရေးစာရင်းထဲမှာ စတာလင်ပေါင် (၅၂) သန်း ချက်ချင်း ဝင်ငွေတိုးလာတာကို ပြသနေမှာပါ။
သေချာတာတစ်ခုကတော့ ချယ်လ်ဆီးအသင်း ရရှိခဲ့တဲ့ ကစားသမား ရောင်းချငွေတွေဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း သူတို့ခေါ်ယူခဲ့တဲ့ ကစားသမား အများအပြားအတွက် ပေးချေဖို့ကျန်ရှိနေသေးတဲ့ ပြောင်းရွှေ့ကြေး အကြွေးကျန်တွေနဲ့ ပြန်လည်ခုနှိမ် (offset) ခံရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမား ရောင်းချမှုတွေဟာ ရေတိုမှာ ကြီးမားတဲ့ ဘဏ္ဍာရေး အထောက်အကူကို ပေးနိုင်ပြီး၊ ဝယ်ယူမှု ကုန်ကျစရိတ်တွေကို ကာလရှည် ခွဲဝေ၊ ဖြန့်ကြက်ထားနိုင်တယ်ဆိုတဲ့ အချက်ကတော့ ထင်ရှားနေဆဲပါတယ်။
ချယ်လ်ဆီးအသင်းဟာ လာမယ့်ဘောလုံးရာသီမှာ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် မရရှိခဲ့တာကြောင့် အခုနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မပိတ်ခင် တန်ဖိုးကြီးမားတဲ့ ကစားသမား ရောင်းချမှုတွေကို ပိုမိုလုပ်ဆောင်သွားဖို့ လိုအပ်နိုင်ပါတယ်။ ရော်ဂျားစ် ကို အပိုင်ခေါ်ယူခဲ့တဲ့ လုပ်ဆောင်ချက်ကို ကြည့်မယ်ဆိုရင် သူတို့အနေနဲ့ အဲဒီလို ရောင်းချမှုတွေ ထပ်မံပြုလုပ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်မှုအပြည့်ရှိနေတယ်ဆိုတာ ပြသနေတာပါပဲ..။

တခြား ဘယ်သူတွေ ထွက်ခွာသွားနိုင်သေးလဲ?
အစောက ဖော်ပြခဲ့သလို လာမယ့်ဘောလုံးရာသီမှာ ဥရောပပြိုင်ပွဲယှဉ်ပြိုင်ခွင့် မရခဲ့တဲ့ ချယ်လ်ဆီးအသင်းအနေနဲ့ အလွန်ဆို အတွက် ပုံမှန်ရာသီတစ်ခုလို အရန်လူအင်အား အများအပြား လိုအပ်တော့မှာ မဟုတ်ပါဘူး။ အထူးသဖြင့် ရက်သတ္တပါတ်တစ်ခုရဲ့ ကြားရက်တွေမှာ ယှဉ်ပြိုင်ရလေ့ရှိတဲ့ ဥရောပပွဲစဉ်တွေ မရှိတော့တာကြောင့် ကစားသမားတွေကို အလှည့်ကျပွဲထွက် စေလွှတ်တာမျိုး (rotation) လုပ်ဆောင်ဖို့ လိုအပ်ချက်လည်း နည်းပါးသွားပါလိမ့်မယ်..။
ဒါကြောင့်သင့်တော်တဲ့ ဝယ်သူတွေကိုသာ ရှာဖွေတွေ့ခဲ့မယ်ဆိုရင် ချယ်လ်ဆီးအသင်းမှာ ပုံမှန်နေရာ ရဖို့မရှိတဲ့ ကစားသမား အများအပြားဟာ လာမယ့်သီတင်းပါတ်တွေအတွင်း အသင်းကနေ ထွက်ခွာသွားရဖွယ် ရှိနေပါတယ်။
အလီဂျန်ဒရို ဂါနာချို ဟာ အသင်းကနေ ထွက်ခွာသွားဖို့ မျှော်လင့်ရပြီး ချယ်လ်ဆီးအသင်းကတော့ အသက် (၂၂) နှစ်အရွယ် ကစားသမားအတွက် စတာလင်ပေါင်သန်း (၄၀) ထက်မက ရရှိဖို့ မျှော်လင့်နေပါတယ်။ (အခုနောက်ဆုံး ရရှိထားတဲ့ သတင်းတွေအရ ဂါနာချို ဟာ အက်စ်တွန် ဗီလာအသင်းကို အဌားစာချုပ် + ခြေစွမ်းအပေါ် မူတည်ပြီး အပြီးသတ်ခေါ်ယူနိုင်ခွင့် (conditional option to buy) အပါအဝင်နဲ့ ရောက်ရှိနိုင်ဖို့ နီးစပ်နေပါတယ်..။) ဒါ့အပြင်စတန်းဖို့ဒ် ဘရစ်ချ်က သူ့ရဲ့အနာဂတ်ကို ပြန်လည်စဉ်းစားနေတယ်လို့ ယူဆရတဲ့ ပြင်သစ်လက်ရွေးစင် ညာနောက်ခံလူ မာလို ဂူစ်တို အတွက်ဆိုရင် အဲဒီထက်မကတဲ့ ပြောင်းရွှေ့ကြေး ပမာဏတစ်ခု ပိုပြီးရရှိဖို့ မျှော်လင့်ထားပါလိမ့်မယ်..။

ထရေဗာ ချာလိုဘာ၊ နီကိုးလပ်စ် ဂျက်ဆင်၊ အက်ဆဲလ် ဒီဆာစီ၊ လီယမ် ဒီးလက်ပ်၊ မာ့စ် ဂီယူ နဲ့ ဖိလစ် ဂျော်ဂန်ဆန် တို့လို ကစားသမားတွေလည်း အခုနွေရာသီမှာ စတန်းဖို့ဒ် ဘရစ်ချ်ကနေ ထွက်ခွာသွားကြဖွယ် ရှိနေပါတယ်။ သူတို့တွေရဲ့နေရာမှာ အစားထိုး ကစားသမားသစ်တွေ ပြန်လည်ခေါ်ယူဖို့လည်း လိုအပ်ဦးမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာသွားနိုင်တယ်လို့ သတ်မှတ်ခံထားရတဲ့ အဓိက ကွင်းလယ်လူ အင်ဇို ဖာနန်ဒက်ဇ် လည်း ရှိနေပါသေးတယ်။ သူကိုယ်တိုင်ကလည်း အသင်းကနေ ထွက်ခွာချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြထားဖူးပါတယ်..။
သတင်းတွေမှာ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ ဖာနန်ဒက်ဇ် အတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၁၂၀) အထိ ဈေးနှုန်းသတ်မှတ်ထားပါတယ်။ ဒီလိုပမာဏမျိုး ရရှိနိုင်ဖို့ မလွယ်ကူနိုင်ပေမယ့် အဲဒီပမာဏနဲ့ နီးစပ်ပမာဏတစ်ခုဟာ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကို အများကြီး ပြောင်းလဲသွားစေမှာ ဖြစ်ပါတယ်။ စပိန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အနီကတ် ပြသခံခဲ့ရတဲ့ ဖာနန်ဒက်ဇ် ရဲ့ အပြာရောင်အနာဂတ်ဟာ ဆက်လက်ပြီး မသေချာ၊ မရေမရာ ဖြစ်နေဆဲပါ။
ရီးရဲလ် မက်ဒရစ်အသင်းနဲ့ ဟိုလေးတစ်ကျော် သတင်းတွေထွက်ခဲ့ပေမယ့် စပိန်ဘီလူးကြီးတွေကတော့ အသက် (၂၅) နှစ်အရွယ် ကွင်းလယ် ကစားသမားကိုခေါ်ယူဖို့ "ရည်ရွယ်ချက် လုံးဝမရှိပါ" ဆိုပြီး ဒီလအစောပိုင်းမှာပဲ ပုံမှန်မဟုတ်တဲ့ သတင်းထုတ်ပြန်ချက်တစ်ခုနဲ့ လူသိရှင်ကြား ငြင်းဆိုခဲ့ကြပါတယ်။
ရော်ဂျားစ် ကို ခေါ်ယူမှုဟာ ပါးမားအတွက် ဘယ်လိုအဓိပ္ပါယ် သက်ရောက်နိုင်ပါလဲ?
အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် လူစာရင်းထဲမှာ ပါဝင်ခွင့်မရခဲ့ပဲ နွေရာသီအားလပ်ရက် အပြည့်အဝ ရရှိခဲ့တဲ့ ပါးမား ဟာ ရော်ဂျားစ် ရောက်ရှိလာတာကြောင့် အသင်းကနေ ထွက်ခွာရတော့မယ်ဆိုတဲ့ အထောက်အထား လုံးဝမရှိပါဘူး။ Telegraph Sport သတင်းဌာနရဲ့ ဖော်ပြချက်အရ ပါးမား ဟာ ချယ်လ်ဆီးအသင်းရဲ့ ‘ရောင်းရန်မဟုတ်၊ ထိတွေ့ခြင်းမပြုရ (untouchable)’ ဆိုတဲ့ ကစားသမား အနည်းငယ်ထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်..။

ပါးမား နဲ့ ရော်ဂျားစ် တို့ တွဲဖက်ကစားမယ့် အယူအဆဟာ ချယ်လ်ဆီးပရိသတ်တွေအတွက် တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းလှပြီး တကယ်လက်တွေ့မှာလည်း ဖြစ်နိုင်ခြေရှိပါတယ်..။ အလွန်ဆို ဟာ လေဗာကူဆင်အသင်းကို တာဝန်ယူခဲ့စဉ်က တိုက်စစ်အားသန် ကွင်းလယ် ဖန်တီးရှင် နှစ်ဦးအတွက် နေရာလွတ်တွေ ဖန်တီးပေးနိုင်တဲ့ ၃-၄-၂-၁ ကစားကွက် ပုံစံကို အများဆုံးအသုံးပြုခဲ့ပါတယ်။
ရော်ဂျားစ် နဲ့ ပါးမား တို့ နှစ်ဦးစလုံးဟာ တောင်ပံအစွန်တွေမှာရော၊ ကွင်းလယ်ဗဟိုချက်မှာ ကစားကွက် ဖန်တီးရှင် (central playmakers) အဖြစ်ပါ ကစားနိုင်စွမ်းရှိတဲ့ စွယ်စုံသုံး တိုက်စစ်ကစားသမားတွေ ဖြစ်ကြပါတယ်။ တကယ်လို့ ၄-၂-၃-၁ ကစားကွက် အခင်းအကျင်းကို အသုံးပြုခဲ့မယ်ဆိုရင် အလွန်ဆို အနေနဲ့ ရော်ဂျားစ် ကို တိုက်စစ်နေရာ သုံးခုစလုံး (ညာတောင်ပံ၊ ‘No.10’၊ ဘယ်တောင်ပံ) မှာ ပွဲထုတ်နိုင်ပြီး ပွဲစဉ်အတွင်းမှာတင် ပါးမား နဲ့ နေရာချင်း အပြန်အလှန် လဲလှယ်ကစားစေနိုင်ပါတယ်။ သီအိုရီအရဆိုရင်တော့ ပါးမား နဲ့ ရော်ဂျားစ် တို့ နှစ်ဦးစလုံး ရှိနေတာဟာ ချယ်လ်ဆီးအသင်းကို ဥရောပဘောလုံးလောကမှာ ပြောင်းလွယ်ပြင်လွယ်အဖြစ်ဆုံး တိုက်စစ်တွဲလုံးတွေထဲကတစ်ခု ဖြစ်လာနိုင်ပါတယ်။
ဒီကစားသမားနှစ်ဦးဟာ ကွင်းထဲမှာ တွဲဖက်ညီပြီး အံဝင်ခွင်ကျ ဖြစ်နိုင်ပါ့မလား? သေချာတာကတော့ သူတို့နှစ်ဦးဟာ အရင်တုန်းကလည်း အတွဲအညီညီ၊ နားလည်မှုရှိရှိ ကစားခဲ့ဖူးပါတယ်။ သူတို့နှစ်ဦးစလုံးဟာ မန်ချက်စတာ စီးတီး အကယ်ဒမီမှာ အသင်းဖော်တွေ ဖြစ်ခဲ့ကြပြီး ကွင်းပြင်ပမှာလည်း ရင်းနှီးတဲ့ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားခဲ့ကြပါတယ်။ ပါးမား ရဲ့ နာမည်ကျော် အထိမ်းအမှတ် အောင်ပွဲခံဟန် (shivering celebration) ကို ရော်ဂျားစ်ဆီကနေ ယူသုံးခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ မူပိုင်ခွင့်ပါ တင်သွင်းခဲ့ပါတယ်..။
၂၀၂၄ ခုနှစ်တုန်းက ပါးမား က သူ့ရဲ့အောင်ပွဲခံတဲ့ဟန်ကို အသုံးပြုနေတာနဲ့ ပတ်သက်ပြီး TNT Sports သတင်းဌာနက မေးမြန်းခံရတဲ့အခါ ရော်ဂျားစ် က "အင်မတန် အစအနောက်သန်တဲ့ ကောင်လေးပဲ မဟုတ်လား? သူကဒါကို ဆက်သုံးနေတာပဲ။ယူသုံးပါစေဗျာ..- သူဟာဂိုးပေါင်း (၄၀) လောက် ဒါမှမဟုတ် အဲဒီလို ရူးသွပ်စရာ ကောင်းလောက်တဲ့ သွင်းဂိုးပမာဏကို ရရှိထားတာလေ။ အဲဒါကို ကျွန်တော့်ဘက်က ပြန်ပြီးငြင်းဆန်စရာ မရှိပါဘူး.. ဟုတ်တယ်မလား?" လို့ တုံ့ပြန်ခဲ့ပါတယ်။ အခုဘောလုံးရာသီမှာ ရော်ဂျားစ် သာ ချယ်လ်ဆီးအသင်းရဲ့ အပြာရောင်အင်္ကျီနဲ့ အဲဒီအောင်ပွဲခံဟန် လုပ်ပြခဲ့မယ်ဆိုရင်တောင် ပါးမား ဟာ သူ့ရဲ့အင်္ဂလန်အသင်းဖော်၊ ငယ်သူငယ်ချင်းကို တရားစွဲလိမ့်မယ်လို့ မထင်ပါဘူး။
ပါးမား ဟာ ပွဲတွေပြီးတိုင်း သူ့ဆီ "မက်ဆေ့ချ် (text) ပို့တဲ့ ပထမဆုံးလူ" ဖြစ်တယ်လို့ ရော်ဂျားစ် က ပြောဖူးသလို၊ ပါးမား ကလည်း "ကျွန်တော်တို့ နေ့တိုင်းလိုလို FaceTime နဲ့ စကားပြောဖြစ်ကြပါတယ်။ ဘဝအကြောင်းပေါ့ဗျာ..။ သူဟာ ကျွန်တော့်ရဲ့ အကောင်းဆုံး သူငယ်ချင်းပါ။ ကျွန်တော်တို့အချင်းချင်း ဘောလုံးအကြောင်းချည်းပဲ တချိန်လုံးပြောနေတာ မဟုတ်ပါဘူး..။ အကြောင်းအရာကို ဆွေးနွေးဖြစ်ကြပါတယ်,," လို့ ပြောဖူးပါကြောင်း တင်ဆက်လိုက်ပါတယ်။
(The Telegraph သတင်းဌာနမှ ဆောင်းပါးရှင် Sam Dean ၏ ‘How Chelsea can sign Morgan Rogers without selling Cole Palmer’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)