feature-image

ချယ်လ်ဆီးကို ရွေးချယ်ရတဲ့ အကြောင်းရင်းကို ရှင်းပြခဲ့တဲ့ ‘မော်ဂန် ရော်ဂျားစ်’ နှဲ့ တွေ့ဆုံခြင်း..

ချယ်လ်ဆီးအသင်းမှာ အက်စ်တွန် ဗီလာအသင်းမှ အင်္ဂလန်လက်ရွေးစင် ကွင်းလယ် ဖန်တီးရှင် မော်ဂန် ရော်ဂျားစ် အား အသင်း၏စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၁၁၇) သန်းဖြင့် ခေါ်ယူနိုင်ခဲ့သည်..။ ချယ်လ်ဆီးအသင်းနှင့် (၆) နှစ်သက်တမ်းစာချုပ် လက်မှတ်ရေးထိုးရန်အတွက် စတန်းဖို့ဒ် ဘရစ်ချ်နှင့် ကော့ဘ်ဟမ် လေ့ကျင့်ကွင်းသို့ ရောက်ရှိလာသည့် အသက် (၂၃) နှစ်အရွယ် ကစားသမားမှာ ချယ်လ်ဆီးအသင်းကို ရွေးချယ်ရခြင်း အကြောင်းရင်း၊ မန်နေဂျာ ဇာဘီ အလွန်ဆို နှင့် လက်တွဲရမည့်အပေါ် သူ၏ခံစားချက်နှင့် ၂၀၂၆/၂၇ ဘောလုံးရာသီအတွက် ရည်မှန်းချက်များကို ယခုလိုပြောကြားခဲ့ပါသည်..။

မေး - မော်ဂန် ရေ.. ချယ်လ်ဆီးအသင်းကနေ ကြိုဆိုပါတယ်ဗျာ..။ နောက်ဆုံးတော့ ဒီကိုရောက်လာခဲ့ပြီပေါ့..

Yes.. ကျွန်တော်အရမ်းကို စိတ်လှုပ်ရှားနေပါတယ်..။ အရမ်းလည်း ပျော်ရွှင်ရပါတယ်..။ အခုလို ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့နိုင်ဖို့ အခွင့်အရေး ရရှိတဲ့အပေါ် ကျေးဇူးတင်မိသလို အသင်းနဲ့အတူ မြက်ခင်းစိမ်းပေါ် ခြေချရမယ့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေရပါတယ်..။

မေး - ဘယ်လိုအကြောင်းတွေကြောင့် ချယ်လ်ဆီးအသင်းကို ရွေးချယ်ဖြစ်ခဲ့တာလဲ..?

အများကြီးပြောပြနေစရာ မလိုဘူး ထင်ပါတယ်..။ ဒီအသင်းရဲ့ အရှိန်အဝါ၊ ဒီအသင်းရဲ့ ကြီးကျယ်ခမ်းနားမှု၊ အစဉ်အလာ သမိုင်းကြောင်းတွေအပြင် အသင်းရဲ့ ဆက်လက်တိုးတက်ချင်တဲ့ စိတ်န္ဒတွေဟာ အင်မတန်မှ အားရ၊ ကျေနပ်ဖို့ကောင်းပါတယ်..။ ဒီလိုခမ်းနားတဲ့ အောင်မြင်မှုကြီးတွေ ဆွတ်ခူးနိုင်မယ့် လမ်းကြောင်းမှာ တစိတ်တပိုင်းအဖြစ် ပါဝင်ခွင့်ရရှိချင်ပါတယ်..။

ကျွန်တော်ဟာ ဒီအသင်းမှာ အလွယ်တကူ အထိုင်ကျနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်..။ ဒါ့ကြောင့်အသင်းနဲ့အတူ ရှေ့ဆက်ခွင့်ရမယ့် ခရီးလမ်းကြောင်းဟာ ကျွန်တော်တို့တွေအတွက် ကောင်းမွန်တဲ့ အတွေ့အကြုံကောင်းတွေ ရရှိလာလိမ့်မယ်.. လို့လည်း ယုံကြည်ထားပါတယ်..။ အခုဆိုရင် အသင်းနဲ့အတူ စတင်ခွင့်ရမယ့် အချိန်အတွက် အရမ်းကိုစိတ်လှုပ်ရှား နေရသလို ကျွန်တော့်အတွက် ပြီးပြည့်စုံတဲ့ အခွင့်အရေးတစ်ခု ဖြစ်လာပါလိမ့်မယ်..။



မေး - ကော့ဘ်ဟမ် လေ့ကျင့်ကွင်းကိုရော.. သေသေချာချာ လေ့လာကြည့်ဖို့ အခွင့်အရေး ရခဲ့ပြီလား..?

Yeah..! ဒီနေ့မှာပဲ ရောက်ခဲ့ပါတယ်..။ ဒါပေမယ့် လူငယ်ကစားသမားဘဝ.. ချာတိတ်အရွယ်တုန်းကလည်း ရောက်ဖူးပါတယ်..။ ဒီနေရာကတော့ ဘယ်အချိန်ရောက်ရောက် အဆင်ပြေနေတာပါပဲ..။ ကစားသမားတိုင်းအတွက် လေ့ကျင့်ဖို့အဆင်ပြေလှတဲ့ နေရာတစ်ခု ဖြစ်သလို ကျွန်တော်တို့ လိုအပ်တဲ့အရာတိုင်း အပြည့်အစုံ ဖြည့်ဆည်းထားတဲ့ လေ့ကျင့်ကွင်းတစ်ခု ဖြစ်ပါတယ်..။ အခြေခံ အဆောက်အဦးပိုင်းမှာ လိုလေသေးမရှိတာကြောင့် ကစားသမားတွေအတွက် အစစအရာရာ ပြည့်စုံနေပြီး အဲဒီပစ္စည်းကိရိယာတွေနဲ့ ကိုယ့်ရဲ့စွမ်းဆောင်ရည် အကောင်းဆုံး ဖြစ်လာအောင် ကြိုးစား၊ လေ့ကျင့်ဖို့ပဲ လိုအပ်ပါတယ်..။

မေး - မန်နေဂျာ ဇာဘီ အလွန်ဆို နဲ့ရော စကားပြောဖို့ အခွင့်အရေးရခဲ့သေးလား..?

Yes.. သူနဲ့ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်..။ ကျွန်တော့်အတွက်က မန်နေဂျာရဲ့ဆန္ဒ ဘယ်လိုရှိတယ်..၊ ဘယ်လိုပုံစံနဲ့ အသင်းကို မောင်းနှင်မယ်.. ဆိုတာကို သိရှိနိုင်ဖို့ အရေးကြီးပါတယ်..။ သူ့ရဲ့ပြောကြားချက်တွေဟာ ပွဲတစ်ပွဲပေါ်မှာ ကျွန်တော့်ရဲ့ ရှုမြင်ပုံနဲ့ ကျွန်တော့်ရဲ့ ကစားဟန်နဲ့ ထပ်တူကျနေပါတယ်..။ ဒါမှလည်း ကျွန်တော်ဟာ ကိုယ့်ရဲ့စိတ်တိုင်းကျ ကစားနိုင်မှာဖြစ်ပြီး အသင်းကို အကောင်းဆုံး အကျိုးပြုနိုင်မှာပါ..။ မန်နေဂျာ ဇာဘီ အလွန်ဆို ဟာ ချယ်လ်ဆီးအသင်းကို ရွေးချယ်ခဲ့တဲ့ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ အဓိကကျတဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့ပါတယ်..။



မေး - ဒီနေ့ဆိုရင် ခင်ဗျားဟာ ချယ်လ်ဆီးအသင်းရဲ့အင်္ကျီကို ပထမဆုံးအကြိမ် ဆင်မြန်းခဲ့ရပြီပေါ့ဗျာ..။ ဘယ်လိုခံစားရလဲ..?

သိပ်ကိုကောင်းမွန်တာပေါ့ဗျာ..။ အပြာရင့်ရောင်အင်္ကျီကို အရင်တုန်းက တခါမှ မဝတ်ဆင်ဖူးပါဘူး..။ ချယ်လ်ဆီးအသင်း ဝတ်စုံဟာ ကြည့်လို့ကောင်းပါတယ်..။ လှပတဲ့ ဝတ်စုံပါပဲ..။

မေး - ခင်ဗျားရဲ့အကြောင်း..၊ ခင်ဗျားဟာ ဘယ်လိုမျိုး စွမ်းဆောင်ပေးနိုင်တယ်.. ဆိုတာ အားလုံးသိပါတယ်..။ ဒါပေမယ့် ခင်ဗျားဟာ ဘယ်လိုပုံစံ ကစားသမားဖြစ်တယ်.. ကိုယ့်ကိုယ်ကို ပြောပြပေးနိုင်မလား..?

ကျွန်တော်ဟာ လွတ်လွတ်လပ်လပ် တွေးခေါ်တတ်တဲ့၊ လွတ်လွတ်လပ်လပ် ကစားရတာကို နှစ်သက်တဲ့ ကစားသမား ဖြစ်ပါတယ်..။ စွန့်စားမှု ရယူရတာကို နှစ်ခြိုက်တယ်..၊ ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ အခိုက်အတန့်တွေ ဖန်တီးပေးနိုင်တဲ့သူ ဖြစ်ချင်ပါတယ်..။ တခြားသူတွေနဲ့ မတူညီတဲ့ ကစားသမား ဖြစ်လာဖို့အတွက် ဘယ်လိုအရာတွေကိုမဆို ပေးဆပ်ဖို့ အသင့်ရှိပါတယ်..။ ပါဝင်ကစားခွင့်ရတဲ့ ပွဲစဉ်တိုင်းမှာ ဂိုးသွင်း.. ဒါမှမဟုတ် ဂိုးဖန်တီးမှု ရရှိချင်ပါတယ်..။ 

ကျွန်တော်ဟာ တိုက်စစ်ပိုင်းကို အားသန်တဲ့ ကစားသမား ဖြစ်ပေမယ့် ခံစစ်ပိုင်းကို ကူညီပေးဖို့လည်း ဝန်မလေးပါဘူး..။ အရေးကြီးဆုံးကတော့ ပွဲအဖြေကို ပြောင်းလဲပေးနိုင်ဖို့နဲ့ အသင်းအတွက် အကျိုးရှိတဲ့ ကူညီမှုတွေ ပေးစွမ်းနိုင်ဖို့ပါပဲ..။ ချယ်လ်ဆီးအသင်းအတွက် အမြဲတမ်းအစွမ်းကုန် ပေးဆပ်၊ ကြိုးစားသွားမှာပါ..။ အသင်းမှာ ပါဝင်ခွင့်ရရုံနဲ့ ကျေနပ်နေမယ့် ကစားသမားတစ်ယောက် မဟုတ်ပါဘူး..။ ကျွန်တော့်ရဲ့ခြေစွမ်းကို ထင်ပေါ်နေအောင် ပြသနိုင်မှသာ ကိုယ့်ကိုယ်ကို စိတ်ကျေနပ်မှု ရရှိမှာပါ..။



မေး - ငယ်သူငယ်ချင်းဖြစ်တဲ့ ကိုးလ် ပါးမား နဲ့ ခင်ဗျားရဲ့ကြားက ဆက်ဆံရေးအကြောင်း ပြောပြပေးပါလား..?

ကျွန်တော်ဟာ ကိုးလ် နဲ့ အသက် (၁၄) နှစ်အရွယ် ကတည်းက ခင်မင်၊ ရင်းနှီးခဲ့တာပါ..။ အင်္ဂလန်လူငယ် အသင်းမှာ အတူတူကစားခဲ့ကြီး နောက်ပိုင်းမှာ မန်ချက်စတာ စီးတီး အသင်းကို ရောက်သွားကြပါတယ်..။ ဒါ့ကြောင့်ကျွန်တော်တို့ နှစ်ယောက်စလုံးဟာ ထိပ်တန်းအသင်းကြီးတစ်သင်းမှာ အတူတူတွဲဖက် ကစားခွင့်ရမယ့်အကြောင်းကို ငယ်ငယ်လေးကတည်းက အမြဲတမ်း ပြောခဲ့ကြသလို အခုလိုအခွင့်အရေးရရှိဖို့ စောင့်စားနေခဲ့တာ နှစ်ပေါင်းများစွာ ကြာလှပါပြီ..။ Yeah..! အခုဆိုရင် အဲဒီအချိန်အတွက် ကျွန်တော်တို့နှစ်ယောက်စလုံး မစောင့်နိုင်အောင် စိတ်စောနေရပါပြီ..။ ချယ်လ်ဆီးအသင်းနဲ့ သတင်းထွက်လာကတည်းက သူဟာကျွန်တော့်ဆီကို တချိန်လုံး ဖုန်းတွေခေါ်တယ်..၊ မက်ဆေ့ချ်တွေ ပို့နေပါတယ်..။ ဒါ့ကြောင့်ကျွန်တော့်ရဲ့ အရင်းနှီးဆုံး ငယ်သူငယ်ချင်း တစ်ယောက်နဲ့ အတူတူတွဲဖက် ကစားခွင့်ရဖို့၊ သူ့ရဲ့အနားမှာ နေ့တိုင်းလိုလို ရှိနေခွင့် ရတော့မှာ ဖြစ်တဲ့အပေါ် အထူးကျေနပ်မိပါတယ်..။

မေး - ချယ်လ်ဆီးအသင်းက ခင်ဗျားကိုခေါ်ယူနိုင်ဖို့ စတင်ကြိုးစားနေပြီ.. ဆိုပြီး သူ့ကိုပြောလိုက်တဲ့အချိန် ခင်ဗျားကို ဘယ်လိုများ တုံ့ပြန်ခဲ့လဲ..?

အရမ်းကိုပျော်ရွှင်နေတဲ့ပုံပါပဲ..။ ကျွန်တော့်ဆီကို အဲဒီလောက် များပြားလှတဲ့ မက်ဆေ့ချ်တွေ အရင်တုန်းက တခါမှမပို့ခဲ့ဖူးပါဘူး..။ တကယ်တော့ သူဟာဖုန်းသုံးတဲ့နေရာမှာ သိပ်ပြီးကျွမ်းကျင်လှတာ မဟုတ်ပါဘူး..။ ဒါပေမယ့် အခုအပါတ်ထဲမှာတင် သူ့ရဲ့ဖုန်းသုံးနိုင်တဲ့စွမ်းရည်.. skills တွေ အတော်လေးကို အဆင့်တက်သွားပါတယ်.. ဟားဟား..။ သူဟာအရမ်းကိုပျော်ရွှင်ပြီး အရမ်းကို စိတ်လှုပ်ရှားနေပါတယ်..။ ကျွန်တော်လည်း အလားတူပါပဲ..။

 
မေး - ခင်ဗျားရဲ့ဂိုးသွင်းအပြီး အောင်ပွဲခံတဲ့ပုံစံ (celebration) အကြောင်း မေးချင်ပါသေးတယ်..။ အဲဒီ Cold Celebration ပုံစံနဲ့ အောင်ပွဲခံတဲ့ အချိန်တုန်းက နောင်တစ်ချိန်မှာ နာမည်ကြီးဦးမယ့် အောင်ပွဲခံပုံစံ ဖြစ်လာလိမ့်မယ်.. လို့ တွေးမိခဲ့ရဲ့လား..?

အဲဒီမေးခွန်း မေးလိမ့်မယ်.. ဆိုတာ သိပြီးသားပါ..။ ဒါပေမယ့် အဲဒီအချိန်တုန်းက မပြောမိပါဘူး..။ ရယ်ဖို့တော့ အကောင်းသားဗျ..။ အခုလိုနာမည်ကျော် အောင်ပွဲခံတဲ့ပုံစံ ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ပါဘူး..။ ကျွန်တော်ကတော့ ချယ်လ်ဆီးအသင်းမှာ နှစ်ယောက်စလုံး ဂိုးတွေအများကြီး သွင်းပေးနိုင်လိမ့်မယ်…၊ ကျွန်တော်တို့နှစ်ယောက်အတူတူ မကြာခဏ အောင်ပွဲခံနိုင်လိမ့်မယ်.. လို့ပဲ မျှော်လင့်ထားပါတယ်…။

မေး - မှန်တာပေါ့..။ ကျွန်တော်တို့တွေကလည်း ချယ်လ်ဆီးပရိသတ်တွေပီပီ ခင်ဗျားတို့နှစ်ယောက် အတူတူ အောင်ပွဲခံမယ့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေပါပြီဗျာ..။ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခင်ဗျားဟာ အင်္ဂလန်အသင်းနဲ့အတူ ပါဝင်ခွင့်ရခဲ့တာဆိုတော့ ချယ်လ်ဆီးအသင်းရဲ့အကြောင်းကို ရိစ် ဂျိမ်းစ် နဲ့ ဆွေးနွေးဖြစ်ခဲ့သေးလား..?

ရိစ် နဲ့ ပြောဖြစ်ပါတယ်..။ သူဟာချယ်လ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်နေတဲ့အပြင် အပြာရောင်တွေရဲ့ အသွေးအသားတွေ စီးဝင်နေတဲ့ အပြာရောင်တစိတ်တပိုင်းလူ ဖြစ်နေပါတယ်..။ သူကချယ်လ်ဆီး အသင်းရဲ့အကြောင်း၊ ချယ်လ်ဆီး ကစားသမား တစ်ယောက်ရဲ့ ခံယူချက်တွေကို ရှင်းပြပါတယ်..။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုအပြာရောင်သွေး၊ အပြာရောင်ခံစားချက်တွေကို မျှဝေခံစား.. ရရှိချင်ပါတယ်.။ ဒါ့ကြောင့်မကြာသေးခင်ကပဲ ချယ်လ်ဆီးကို ရွေးချယ်ခဲ့တဲ့ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ခဲ့ရဲ့လား..? ဆိုပြီး မေးမိပါတယ်…။



ဒါပေမယ့် ချယ်လ်ဆီးအသင်းရဲ့အကြောင်း၊ ချယ်လ်ဆီးအသင်းရဲ့ အနိုင်မခံ အရှုံးမပေးတဲ့ အပြာရောင်စိတ်ဓါတ်ရဲံ အကြောင်းတွေ ရှင်းပြတာကို နားထောင်လိုက်ရတဲ့ အခိုက်အတန့်၊ မန်နေဂျာ အလွန်ဆို နဲ့ သူနဲ့ဆွေးနွေးထားတဲ့ အကြောင်းတွေ၊ အသင်းရဲ့အနာဂတ်လမ်းကြောင်းတွေကိုပါ သိလိုက်ရအချိန်မှာ ဒီအသင်းနဲ့အတူ စတင်ရမယ့်အချိန်ကို မစောင့်နိုင်အောင် ဆန္ဒတွေ စိတ်စောနေမိပါတယ်..။

ကျွန်တော်ကတော့ အသင်းတစ်သင်းက အသင်းခေါင်းဆောင် တစ်ယောက်က အသင်းရဲ့အကြောင်းကို အခုလိုသေသေချာချာ ရှင်းပြတာဟာ လက်ဆင့်ကမ်း သယ်ဆောင်သင့်တဲ့ အလေ့အထကောင်း ဖြစ်ပါတယ်..။ အထူးသဖြင့် ရိစ် ဟာ အသင်းနဲ့အတူ အောင်မြင်မှုတွေ အများကြီးရရှိထားတဲ့ အရှိန်အဝါ ကြီးမားတဲ့ အသင်းခေါင်းဆောင်ကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်..။ ဒါ့အပြင်ရိစ် ဟာ သူ့ရဲ့ထင်မြင်ချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တဲ့သူဖြစ်တယ်.. ဆိုတာ သိထားခဲ့တာ ကြာပါပြီ..။ ဒါ့ကြောင့်သူနဲ့ပြောဆို၊ ဆွေးနွေးခဲ့ရတဲ့ အခိုက်အတန့်တွေဟာ သိပ်ကိုကျေနပ်ဖို့ ကောင်းပါတယ်..။

မေး - တခြားအသင်းဖော်တွေဆီက အကြံပေးချက်တွေ ရခဲ့သေးလား..?

ကိုယ့်ရဲ့ပုံစံအတိုင်း ယုံကြည်မှုအပြည့်ရှိနေဖို့ အကြံပေးကြပါတယ်..။ အဲဒီအချက်ဟာ အရေးအကြီးဆုံး ဖြစ်လိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်..။ အသင်းတစ်သင်း.. ဒါမှမဟုတ် အသင်းက ကစားသမားတွေက ကျွန်တော့်ကို အလိုရှိနေတယ်.. ဆိုတာဟာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ကစားပုံတစ်ခု ရှိနေလို့ ဖြစ်ပါတယ်..။



ဒါ့ကြောင့်ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ကိုယ်ပိုင် ကစားဟန်ကို မပျက်ရွင်းသွားအောင် ထိန်းသိမ်းရင်း အသင်းနဲ့အတူ အသားကျနိုင်ဖို့၊ အသင်းနဲ့ဟန်ချက်ကောင်းတစ်ခု တည်ဆောက်နိုင်ဖို့ လိုအပ်ပါတယ်..။ တချိန်တည်းမှာပဲ ကစားပုံ မတူညီတဲ့ အသင်းဖော်တွေနဲ့လည်း တစ်သားတည်းကျနေဖို့၊ စုစည်းညီညွတ်မှု ရှိနေဖို့.. ဆိုတာဟာလည်း ကျွန်တော့်အပေါ်မှာပဲ မူတည်နေတာပါ..။ ကျွန်တော်ဟာ အသင်းနဲ့အတူ အမြန်ဆုံး အသားကျပြီး အသင်းကို ထိထိရောက်ရောက် အကျိုးပြုနိုင်မယ့်အချိန်ကို အမြန်ဆုံးရောက်ရှိလိမ့်မယ်လို့ ယုံကြည်ထားပါတယ်..။

မေး - နောက်ဆုံးအနေနဲ့ ချယ်လ်ဆီးအသင်း ပရိသတ်ကြီးကို ပေးချင်တဲ့ သတင်းစကား…?

Yeah..! စတန်းဖို့ဒ် ဘရစ်ချ်ကွင်းကြီးမှာ ခင်ဗျားတို့အားလုံးနဲ့အတူ ဆုံစည်းခွင့်ရမယ့်အချိန်ကို မစောင့်နိုင်အောင်ပါပဲ..။ ကျွန်တော်ဟာ ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမား ဖြစ်လာဖို့၊ အဆုံးအဖြတ် အခိုက်အတန့်တွေကို ဖန်တီးပေးနိုင်ဖို့ အသင်းအတွက် အစွမ်းကုန် ပေးဆပ်၊ ကြိုးစားသွားပါမယ်.. လို့ ကတိပြုပါတယ်..။ ဒါ့အပြင်အသင်းရဲ့ ရေရှည်အနာဂတ် စီမံကိန်းကြီးဟာလည်း အောင်မြင်မှုတွေအလီလီ ဆွတ်ခူးနိုင်လိမ့်မယ်.. လို့ ယုံကြည်မိပါတယ်ဗျာ..။