feature-image

‘ရက်ဂီ ဝက်ဆင်’ ရဲ့ ဩစတြေးလျ ဒိုင်ယာရီ

ချယ်လ်ဆီးအသင်း၏ ဩစတြေးလျတိုက်နှင့် အာရှတိုက် ရာသီကြိုခရီးစဉ်တွင် လိုက်ပါခွင့်ရခဲ့ပြီး နည်းပြသစ် ဇာဘီ အလွန်ဆို ၏ ပထမဆုံးရာသီကြို ပြင်ဆင်မှုပွဲစဉ်ဖြစ်သော Western Sydney Wanderers အသင်းနှင့်ပွဲစဉ်တွင် ကွင်းလယ် ကစားသမား ရက်ဂီ ဝက်ဆင် မှာ ပွဲချိန်စဆုံး ပါဝင်ကစားခွင့်ရရှိခဲ့သည့် တစ်ဦးတည်းသော ကစားသမား ဖြစ်ခဲ့သည်..။ ထို့အပြင် အသက် (၁၆) နှစ်အရွယ် လူငယ်အကယ်ဒမီ ကစားသမား၏ ခြေစွမ်းအပေါ် နည်းပြဇာဘီ အလွန်ဆို နှင့် ချယ်လ်ဆီးပရိသတ်များ၏ နှစ်ခြိုက်၊ သဘောကျခဲ့ကြသည်..။ ချယ်လ်ဆီးအသင်းကြီးနှင့် ပထမဆုံးပွဲစဉ်တွင် တာထွက်လှပခဲ့သည့် လူငယ်ကစားသမားလေးမှာ ဩစတြေးလျခရီးစဉ်အတွင်း သူ၏ခံစားချက်များကို ချယ်လ်ဆီးအသင်း Official Website မှတဆင့် ယခုလိုဖွင့်ဟ၊ ပြောကြားခဲ့ပါသည်..။ 

Western Sydney Wanderers အသင်းနဲ့ပွဲမှာ မိနစ် (၉၀) အပြည့် ကစားခွင့်ရလိမ့်မယ်လို့ ကျွန်တော် လုံးဝမထင်မှတ် ထားခဲ့ပါဘူး။ ဒီနေ့မှာတော့ အဲဒီဒဏ်ကို သေချာပေါက် ခံစားနေရပြီ။ ကျွန်တော်ဟာ အတော်လေးကို ပင်ပန်း၊ နွမ်းနယ်နေပါတယ်..။ ဒါပေမယ့် တကယ်ကို မယုံနိုင်စရာကောင်းလှတဲ့ အတွေ့အကြုံတစ်ခုပါပဲ။

ပွဲကစားနေတုန်းမှာတော့ ပွဲကြည့်စင် ဒါမှမဟုတ် ပရိသတ်တွေအပေါ် အာရုံသိပ်ပြီး မရောက်ဖြစ်ခဲ့တာ အမှန်ပါပဲ။ ကျွန်တော်ဟာ ကိုယ့်ရဲ့ခြေစွမ်းအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားခဲ့ပြီး အသင်းကိုကူညီနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ ရာသီကြိုခြေစမ်းပွဲ ဖြစ်နေရင်တောင်မှ ကျွန်တော်တို့ အနိုင်ရချင်ကြလို့ပါပဲ။



ပွဲအပြီးမှာတော့ ကျွန်တော်ဟာ ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ခံစားမိပါတယ်။ ရာသီကြိုပြင်ဆင်မှုတွေရဲ့ အခုလိုအဆင့်မှာ ပွဲချိန်ကြာလာတာနဲ့အမျှ ပင်ပန်းလာတာ သဘာဝပါပဲ။ ဒါပေမယ့် လူစားဝင်လာတဲ့ ကစားသမားတွေရဲ့ ခြေစွမ်းဟာ တကယ်ကို မယုံနိုင်စရာ ကောင်းလှတာကြောင့် ကျွန်တော်တို့ဟာ ပွဲပြီးတဲ့အထိ အဆင်ပြေပြေနဲ့ ကျော်ဖြတ်၊ ကစားသွားနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ သြစတြေးလျနိုင်ငံကို ထွက်ခွာလာတဲ့ ရာသီကြိုခရီးစဉ်ကတော့ အခုအချိန်ထိ အလွန်ပဲ အဆင်ပြေ ချောမွေ့နေပါတယ်။ ကျွန်တော်က အသက် (၁၆) နှစ်ပဲ ရှိသေးတာကြောင့် အခုခရီးစဉ်မှာပါဝင်တဲ့ ဘယ်နိုင်ငံကိုမှ မရောက်ဖူးခဲ့ပါဘူး။ အခုလိုသြစတြေးလျကို ရောက်ရှိနေရတာဟာ အတွေ့အကြုံကောင်း တစ်ခုဖြစ်သလို၊ ချယ်လ်ဆီးအသင်းနဲ့အတူ ရောက်ရှိနေရတာဆိုတော့ ပိုပြီးတော့ ထူးခြား၊ အဓိပ္ပာယ်ရှိလှတယ်လို့ ခံစားနေရပါတယ်။

ကျွန်တော်တို့အသင်းက စီနီယာ ကစားသမား အတော်များများနဲ့ စကားပြောခဲ့ပါတယ်..။ အထူးသဖြင့် တိုဆင်၊ ကိုးလ် ပါးမား နဲ့ လီယမ် ဒီလက်ပ် တို့လို အင်္ဂလန် ကစားသမားတွေကို ပိုပြီးဆည်းကပ်၊ လေ့လာမိပါတယ်..။ သူတို့တွေကလည်း အစွမ်းကုန်ကူညီပေးကြပြီး အကြံဉာဏ်ကောင်းတွေ ပေးခဲ့ကြပါတယ်။ ပြီးတော့ နည်းပြကြီးကလည်း သိပ်ကိုထူးချွန်လှပါတယ်။

ကျွန်တော်ဟာ ကြီးပြင်းလာစဉ် ကလတစ်လျှောက် YouTube ပေါ်မှာ ဇာဘီ အလွန်ဆို ရဲ့ ကစားဟန် ဗီဒီယိုတွေကို ကြည့်ခဲ့ရပါတယ်..။ အခုတော့ လေ့ကျင့်ရေး ကွင်းထဲမှာ သူပေးပို့လိုက်တဲ့ ဘောလုံးတွေကို တိုက်ရိုက် လက်ခံရရှိနေပါပြီ။ သူဟာ အခုအချိန်ထိ မယုံနိုင်စရာကောင်းလောက်အောင် ထူးချွန်လှတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ကျွန်တော်ကစားနေရတဲ့ နေရာအပေါ် ကောင်းကောင်း နားလည်ထားတဲ့သူ ဖြစ်ပါတယ်။ ကျွန်တော်ဟာ အခုအချိန်တည်းက သူ့ဆီကနေ သင်ခန်းစာတွေအများကြီး သင်ယူခဲ့ရပြီး အဲဒီလို လေ့လာ၊ ဆည်းပူးခဲ့မှုတွေဟာ ကျွန်တော့်ကို ပိုပြီးထူးချွန်တဲ့ ကစားသမား တစ်ယောက်အဖြစ် တိုးတက်လာစေမှာပါ ဖြစ်ပါတယ်..။



လူအတော်များများ ကျွန်တော့်ရဲ့မိသားစုအကြောင်းကို သိပြီးသား ဖြစ်ကြပါလိမ့်မယ်။ ကျွန်တော်ဟာ ဘောလုံးနဲ့ နှီးနွယ်နေတဲ့ အသိုင်းအဝိုင်းထဲမှာ ပတ်သက်ကြီးပြင်းလာခဲ့တဲ့သူ ဖြစ်ပါတယ်..။ ကျွန်တော့်ရဲ့ဖခင် ဘင် ဝက်ဆန် ဟာ ပရိုဘောလုံးသမားတစ်ယောက် ဖြစ်ခဲ့ပြီး မန်ချက်စတာ စီးတီးနဲ့ FA ဖလား ဗိုလ်လုပွဲမှာ ဝီဂန်အသင်းရဲ့ သမိုင်းဝင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်..။ သူဟာကျွန်တော့်အပေါ်မှာလည်း အလွန်ကြီးမားတဲ့ ဩဇာသက်ရောက်မှု ရှိခဲ့ပါတယ်။

ကျွန်တော်ကြီးပြင်းလာစဉ် ကာလတစ်လျှောက်လုံး အိမ်ခြံဝင်းထဲမှာ သားအဖနှစ်ယောက်အတူတူ အမြဲတမ်း ဘောလုံးကစားလေ့ ရှိကြပါတယ်။ အဲဒီအချိန်တွေဟာ သိပ်ကိုပျော်စရာကောင်းခဲ့ပြီး အဖေဟာ ဘယ်တော့မှ အလွန်အမင်း တင်းကြပ်လွန်းတာမျိုး မရှိခဲ့ပါဘူး။ နှစ်ချက်ထိပဲ ကစားရတဲ့ (two-touch) အချိန်ကလွဲလို့ပေါ့ဗျာ..။ အမှန်အတိုင်း ပြောရရင် အခုအချိန်မှာတော့ ကျွန်တော်ဟာ သူ့ထက် နည်းနည်း ပိုပြီးအသာစီး ရလာခဲ့ပြီလို့ ထင်ပါတယ်..။

အဖေဟာ ကျွန်တော်ကစားသမျှ ပွဲစဉ်တိုင်းကို မပျက်မကွက်ကြည့်ရှုပြီး အမြဲတမ်း ကူညီပေးဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် စိတ်မသက်မသာ ဖြစ်ရတဲ့အထိ ဖိအား မပေးခဲ့ပါဘူး။ အဲဒီအတွက် အဖေ့ကိုကျွန်တော် အမြဲတမ်း ကျေးဇူးတင်မိပါတယ်။

ကျွန်တော့်ရဲ့ မိသားစုတစ်ခုလုံး ကလည်း အစွမ်းကုန်ပံ့ပိုး၊ ကူညီပေးကြပါတယ်။ သူတို့ကြောင့်ပဲ ကိုယ့်ကိုယ်ကို နေ့စဉ်စိုက်ထူ၊ ပျိုးထောင်ရမယ့် ပရော်ဖက်ရှင်နယ် စိတ်ဓာတ်နဲ့ စံချိန်စံညွှန်းတွေကို ကျွန်တော် နားလည်သဘောပေါက်ခဲ့ပါတယ်။ သူတို့ကပဲ အဲဒီစံချိန်စံညွှန်းတွေ ကျွန်တော့်ဆီ စီးဝင်၊ ကိန်းအောင်းလာအောင် ပျိုးထောင်ပေးခဲ့တာ ဖြစ်ပါတယ်။



ဒါ့အပြင် အခုခရီးစဉ်မှာ ဆစ်ဒ်နီမှာရှိနေတဲ့ ပရိသတ်တွေရဲ့ တခဲနက်၊ အားပေးထောက်ခံမှုကိုလည်း အံ့အားသင့်မိပါတယ်..။ တနင်္လာနေ့တုန်းက ပရိသတ်တွေကို ကြည့်ရှုခွင့်ပေးတဲ့ လေ့ကျင့်ရေး အစီအစဉ် (open training session) ပြုလုပ်ခဲ့ပြီး ကွင်းထဲကို ပရိသတ်တွေအများကြီး လာရောက်၊ ကြည့်ရှုအားပေးခဲ့ကြပါတယ်..။ သူတို့အားလုံးဟာ ရူးသွပ်မတတ် သောင်းသောင်းဖြဖြ အားပေးခဲ့ကြတာပါ! တကယ်ကို မယုံနိုင်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခုလို့ ပြောရမှာပါပဲ..။

ဒါပေမယ့် အဲဒီလိုသောင်းသောင်းဖြဖြ အားပေးမှုတွေဟာ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ အပြာရောင် ပရိသတ်တွေအတွက် ချယ်လ်ဆီးအသင်းဟာ ဘယ်လောက်အထိ အဓိပ္ပာယ်ရှိလဲ.. ဆိုတာ ပြသနေပါတယ်..။ ကျွန်တော်တို့ကတော့ ကွင်းထဲရောက်တဲ့အချိန်မှာ အပြာရောင်ခြင်္သေ့ အမှတ်တံဆိပ်ကို ဆင်မြန်းပြီး သူတို့တွေရဲ့ကိုယ်စား ယှဉ်ပြိုင်နေကြတာ ဖြစ်တယ်လို့ မှတ်ယူ၊ ခံယူချက် ထားရှိရပါမယ်..။

ဒါ့အပြင်ကျွန်တော်ဟာ အခုသြစတြေးလျနဲ့ အာရှတိုက်ခရီးစဉ်အတွင်းမှာ အသင်းအတွက် နောက်ထပ် ကိုယ်စားပြု ပါဝင်ခွင့်ရဖို့ အခွင့်အရေးတွေ ထပ်မံရရှိလိမ့်ဦးမယ်လို့လည်း မျှော်လင့်ထားပါတယ်။

(Chelsea Official website မှ တင်ဆက်သော ‘My first tour: Reggie Watson steps up’ ဆောင်းပါးကို ပြန်ဆိုပါသည်.။)