feature-image

ချယ်လ်ဆီးအသင်း အတွက်အရာရာ ပေးဆပ်သွားမယ်..’ ဆိုတဲ့ မက်ဆင်း လာခရော့စ် နှင့် တွေ့ဆုံခြင်း

ပရီးမီးယားလိဂ်ပြိုင်ပွဲ၊ မြို့ခံပြိုင်ဘက် ခရစ္စတယ် ပဲလေ့စ်အသင်းမှ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၅၂) သန်းဖြင့် ရောက်ရှိလာခဲ့သည့် ပြင်သစ်နောက်ခံလူ မက်ဆင်း လာခရော့စ် မှာ ချယ်လ်ဆီးအသင်း Official Website နှင့် ပြုလုပ်ခဲ့သော ပထမဆုံး တွေ့ဆုံခန်း အစီအစဉ်တွင် အပြာရောင်ခြင်္သေ့များကို ရွေးချယ်ခဲ့ရခြင်း အကြောင်းရင်း၊ စတန်းဖို့ဒ် ဘရစ်ချ်အသင်းနှင့် သူ၏အနာဂတ် ရည်မှန်းချက်၊ ချယ်လ်ဆီးပရိသတ်များအတွက် သူ၏သတင်းစကား လက်ဆောင်များကို အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်။

မေး - ချယ်လ်ဆီးကစားသမား တစ်ယောက် ဖြစ်လာပြီဆိုတာကို သိလိုက်ရတဲ့အချိန်မှာ ဘယ်လို ခံစားရလဲ?

အများကြီးပါပဲ။ အဲဒီအခွင့်အရေးအတွက် ကျွန်တော် တကယ်ကို ဂုဏ်ယူမိသလို ဒီလိုလှပတဲ့ စီမံချက်တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရတဲ့ အပေါ်မှာလည်း အရမ်းကိုဝမ်းသာမိပါတယ်။ Yeah..! အသင်းနဲ့အတူ အမြန်ဆုံး စတင်ခွင့်ရချင်နေပါပြီ။

မေး - ဇာဘီ အလွန်ဆို နဲ့ စကားပြောဖို့ အခွင့်အရေး ရခဲ့သေးလား? ဘယ်လိုအကြောင်းတွေ ပြောဖြစ်ခဲ့ပါလဲ?

Yes.. သူနဲ့ ဖုန်းပြောဖြစ်ခဲ့ပါတယ်။ နည်းစနစ်တွေအကြောင်း ပြောဖြစ်ခဲ့ကြတယ်။ ကစားပွဲအပေါ် သူ့ရဲ့ရှုမြင်၊ သုံးသပ်ပုံ၊ သူ့ရဲ့နည်းဗျူဟာတွေကို ဘယ်လိုပုံစံနဲ့ အကောင်အထည် ဖော်ချင်တာလဲ? ဆိုတဲ့အချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ပထမဦးဆုံးအနေနဲ့ သူ့နဲ့ဘောလုံးအကြောင်း ဆွေးနွေးခွင့်ရတာကိုက တကယ့်ကို ဝမ်းသာစရာပါ။ ပြီးတော့ ဒီအသင်းအပေါ်မှာ ကျွန်တော်တို့တွေရဲ့ တူညီတဲ့ ရည်မှန်းချက်နဲ့ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့ ပြင်းပြတဲ့ဆန္ဒတွေ ရှိနေကြတယ် ဆိုတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

မေး - လေ့ကျင့်ကွင်းထဲမှာ သူနဲ့အတူ လက်တွဲရမယ့် အချိန်အတွက် အရမ်းကိုစိတ်လှုပ်ရှားနေပြီလား..?

Yeah..! မှန်ပါတယ်..။ အရမ်းကို စိတ်လှုပ်ရှားနေရပါတယ်။ အသင်းဖော်တွေကို တွေ့ရမယ့်အပြင် - အထူးသဖြင့် သူ့ကိုပေါဗျာ..။ ရာသီသစ်ကို စတင်ဖို့၊ အရာအားလုံးကို အသစ်ကနေ ပြန်လည်စတင်ဖို့လည်း ဖြစ်နေပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ ဒီအသင်းမှာ ရေးထိုးစရာ၊ ဖန်တီးစရာတွေ ရှိသေးတယ်လို့ ခံစားရပြီး ကျွန်တော်ကိုယ်တိုင်ကလည်း အဲဒီအသင်းရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်နေလို့ပါပဲ။ ဒါဟာ တကယ်ကို ကောင်းမွန်၊ လှပတဲ့ခံစားချက် ဖြစ်ပါတယ်..။



မေး - သိပ်ကောင်းပါတယ်..။ ချယ်လ်ဆီးအသင်းနဲ့ တရားဝင် ဖြစ်သွားတဲ့အခါ ခင်ဗျား ပထမဆုံး ဖုန်းခေါ်ပြီး အကြောင်းကြားခဲ့တာ ဘယ်သူလဲ?

ကျွန်တော့်ရဲ့ သူငယ်ချင်းတစ်ယောက်ကို ပထမဆုံး ဖုန်းခေါ်ခဲ့ပါတယ်..။ သူက ချယ်လ်ဆီးပရိသတ် တစ်ယောက်လေ။ အသင်းနဲ့သဘောတူညီမှုမရခင် သတင်းတွေ တက်လာတိုင်း သူက "မင်း ဘာတွေ လုပ်နေတာလဲ? မင်း ဘာလုပ်နေတာလဲ?" ဆိုပြီး လှမ်းလှမ်းမေးနေခဲ့တာဗျ..။ ဒါပေမယ့် အဲဒီတုန်းက ဘာမှပြန်ပြောပြလို့ မရသေးဘူးလေ။ အဲဒါကြောင့် သေချာသွားတဲ့အခါမှသာ သူ့ကို ဖုန်းခေါ်ပြီး "ကဲ... မင်းက ချယ်လ်ဆီးကို ငါလာမယ်ဆိုတာ ပထမဆုံးသိရမယ့် လူပဲကွ" လို့ ပြောလိုက်ပါတယ်.. ဟားဟား..။

မေး - ကြည်နူးစရာပဲဗျ..။ ခင်ဗျားရဲ့မိသားစုဟာ ခင်ဗျားအတွက် ဘယ်လောက်အထိ အရေးပါတယ်ဆိုတာ မကြာခဏ ထုတ်ပြောခဲ့ဖူးပါတယ်။ အခုလိုအခိုက်အတန့်မျိုးက သူတို့အတွက်ရော ဘယ်လိုအဓိပ္ပာယ်ရှိခဲ့လဲ?

ဘုရားသခင်ပြီးရင် ကျွန်တော့်ရဲ့ မိသားစုဟာ ကျွန်တော့်အတွက်တော့ အရာရာအားလုံးပါပဲ။ ဟုတ်ပါတယ်..။ အမေ့ရဲ့မျက်လုံးထဲမှာ ဂုဏ်ယူ၊ ဝမ်းမြောက်နေတာကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ဇနီးသည်၊ ကျွန်တော့်ရဲ့ဘေးနားမှာ အရင်ကတည်းက အမြဲတမ်း ပံ့ပိုးပေးခဲ့ကြသူတွေ အတွက်တော့ အခုခြေလှမ်းဟာ တကယ့်ကိုကြီးမားတဲ့ ခြေလှမ်းတစ်ခု ဖြစ်ခဲ့ပါတယ်..။ ကျွန်တော်ဟာ အခုဆိုရင် ကမ္ဘာ့အကြီးကျယ်ဆုံး အသင်းကြီးတစ်သင်းမှာ ကစားခွင့်ရနေပြီး ဒီလိုအခိုက်အတန့်မျိုးကို ပိုင်ဆိုင်နိုင်ဖို့ အမြဲတမ်းကြိုးစား၊ အားထုတ်ခဲ့တာ ဖြစ်တဲ့အတွက် အခုအချိန်ဟာ ကျွန်တော့်အတွက် အင်မတန်မှ ဂုဏ်ယူ၊ ဝံ့ကြွားရတဲ့ အချိန်ပါပဲ။



မေး- ဘုရားသခင်ဟာလည်း ခင်ဗျားရဲ့ ခရီးစဉ်မှာ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အခုလို အခြေအနေဆီ ရောက်ရှိလာဖို့ ဘာသာတရားနဲ့ ဘုရားသခင်အပေါ် ယုံကြည်ကိုးစား၊ ဆည်းကပ်မှုက ဘယ်လောက်အထိ အရေးပါခဲ့လဲ?

ဒါဟာလည်း အရာရာပါပဲ။ ကျွန်တော်က ခရစ်ယာန် မိသားစုထဲမှာ ကြီးပြင်းလာခဲ့တာ မဟုတ်ပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကိုယ်တော် ယေရှု နဲ့ ဆုံတွေ့ခဲ့ရပြီး သူ့ရဲ့အလိုတော်အတိုင်း အသက်ရှင်နေထိုင်ဖို့ ကျွန်တော့်ရဲ့ဘဝကို လုံးဝပြောင်းလဲခဲ့ပါတယ်။ ဒါဟာ တကယ်ကို လှပတဲ့ ခရီးစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီသသရာခရီးစဉ်ဟာ မပြီးဆုံးသေးပါဘူး၊ ဒါပေမယ့် ကိုယ်တော်ယေရှု ကို ယုံကြည်၊ သက်ဝင်ခြင်းဟာ ကျွန်တော့်ဘဝရဲ့ အခြေခံအုတ်မြစ်ဖြစ်ပြီး နေ့စဉ်နေ့တိုင်း၊ အခိုက်အတန့်တိုင်းမှာ ဘုရားသခင်က ကျွန်တော့်ကို ကူညီပေးပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးလောကမှာ အတက်အကျ၊ အနိမ့်အမြင့်တွေ အများကြီးရှိတာကြောင့် သာမန် လူသားတစ်ယောက်အနေနဲ့ ခံယူတာထက် ပိုမိုနက်ရှိုင်းတဲ့ အရာတစ်ခုရှိနေဖို့ အလွန်ပဲအရေးကြီးပါတယ်။ ကျွန်တော် ကြုံတွေ့ခဲ့ရဖူးတဲ့ အခက်အခဲတွေနဲ့ မေးခွန်းတွေ အားလုံးအတွက် ယေရှုဟာ အဖြေတစ်ခု ဖြစ်ခဲ့ပါတယ်..။ ဒါ့ကြောင့် ဘုရားသခင်နဲ့အတူ ဒီခရီးစဉ်ကို လျှောက်လှမ်းနိုင်ခဲ့တဲ့အပေါ် အလွန်ပဲ ဂုဏ်ယူ၊ ဝမ်းမြောက်မိပါတယ်။

မေး- အခုလက်ရှိ ချယ်လ်ဆီးအသင်းမှာ ပြင်သစ်စကားပြောတဲ့ ကစားသမား အများအပြား ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းက ဘယ်ကစားသမားနဲ့ အတူတူ တွဲဖက်ကစားရဖို့ စိတ်အလှုပ်ရှားဆုံး ဖြစ်နေလဲ?

အများကြီး ရှိပါတယ်။ ကျွန်တော်ဟာ မာလို ဂူစ်တို နဲ့ အတူတူတွဲဖက် ကစားခဲ့ဖူးပါတယ်..။ ထရေဗာ ချာလိုဘာ နဲ့လည်း ကစားဖူးပါတယ်။ သူတို့အားလုံးနဲ့ တွေ့ဆုံချင်နေပါပြီ။ ဒီအသင်းမှာရှိတဲ့ ကစားသမားတွေရဲ့ အရည်အသွေးနဲ့ သူတို့တွေရဲ့ကစားဟန်ကို တွေ့မြင်ရမယ့်အချိန်ဟာ တကယ်ကို ရင်ခုန်စရာပါပဲ။



မေး - ဒါဆိုရင် ခင်ဗျားရဲ့ကစားဟန်ကို အပါတ်စဉ်စောင့်ပြီး မကြည့်ဖူးသေးတဲ့ ချယ်လ်ဆီးပရိသတ်တွေအတွက် ခင်ဗျားရဲ့ ဘယ်လို အရည်အသွေးမျိုးကို ဘယ်လိုပုံစံနဲ့ ရှင်းပြစေချင်မိလဲ?

ကျွန်တော်ဟာ အသင်းရဲ့ အမှတ်တံဆိပ် (badge) အတွက် အရာရာကို ပေးဆပ်သွားမယ်ဆိုတာ သူတို့သိထားဖို့ လိုပါတယ်။ ကျွန်တော်ဟာ အသင်းအတွက် အစွမ်းရှိသမျှ ပုံအော၊ ပေးဆပ်သွားမှာဖြစ်ပြီး အဲဒီအချက်ဟာ အရေးကြီးဆုံး ဖြစ်ပါတယ်..။ ကျွန်တော့်မှာ အရည်အသွေးတချို့ ရှိပေမယ့် ကျွန်တော်ပြောနိုင်တဲ့ အရာကတော့ ဒီအသင်းကို ရောက်ရှိခဲ့တဲ့ ပထမဆုံးနေ့ကနေ နောက်ဆုံးနေ့အထိ ကျွန်တော့်ဆီမှာ ရှိသမျှအားလုံးကို ထုတ်သုံးပြီး ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းရဲ့ ဗဟိုခံစစ်မှူး တစ်ယောက်နဲ့ ထိုက်တန်တယ်ဆိုတာကို သက်သေပြသွားရမှာပါ။

မေး - ခံစစ်မှူး တစ်ယောက်အနေနဲ့ ဘယ်လိုအရာတွေကို အနှစ်သက်ဆုံးလဲဗျ?

ခံစစ်ကစားရတာကို နှစ်သက်၊ မြတ်နိုးပါတယ်။ ခံစစ်မှူးတစ်ယောက်အတွက် အဲဒီအချက်ဟာ သိပ်ကိုအရေးကြီးတယ်လို့ ထင်ပါတယ်။ ကျွန်တော်ဟာ ခံစစ်ကာကွယ်၊ ဖျက်ထုတ်နေရတာကို နှစ်ခြိုက်သလို အသင်းရဲ့ ခံစစ်ပိုင်းမှာ ဦးဆောင်မှုပေးရတာကိုလည်း သဘောကျပါတယ်။ ကျွန်တော့်ရဲ့နေရာကို နှစ်ခြိုက်မိသလို ပရိသတ်တွေနဲ့အတူ ပျော်ရွှင်ခွင့်ရတာကိုလည်း မြတ်နိုးပါတယ်။    

မေး - ခုနကခင်ဗျားပြောခဲ့တဲ့ ခံစစ်ပိုင်းကို ဦးဆောင်နိုင်စွမ်း..၊ ခေါင်းဆောင်နိုင်မှုစွမ်းရည် ဆိုတဲ့အပေါ် ခင်ဗျားအနေနဲ့ တကယ်ပဲ ဂုဏ်ယူမိပါလား?

ဟုတ်ပါတယ်။ တကယ့်ကိုနှစ်နှစ်ကာကာ ဂုဏ်ယူမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခံစစ်မှူးတစ်ယောက်ဟာ ကိုယ့်အသင်းရဲ့နောက်ဆုံးတန်းမှာ ရှိနေတာကြောင့် ကွင်းအတွင်း အရာရာကို မြင်တွေ့နိုင်ပါတယ်..။ ဒါ့ကြောင့်အသင်းတစ်သင်းအတွက်ရော၊ ခံစစ်မှူးတစ်ယောက်အတွက်ပါ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ တကယ်ကို အရေးကြီးတယ်လို့ ထင်ပါတယ်။ အဲဒါကြောင့် ဒီတာဝန်ကို ရဲရဲဝံ့ဝံ့ လက်ခံယူနိုင်ဖို့က ကျွန်တော်တို့အတွက် အလွန်အရေးကြီးပါတယ်။



မေး - ကောင်းလိုက်တာဗျာ..။ ခင်ဗျားဟာ ပရီးမီးယားလိဂ်မှာ ဘောလုံးရာသီ နှစ်ရာသီလောက် ဖြတ်သန်းခဲ့ပြီးပါပြီ။ အဲဒီအတွေ့အကြုံကနေ ဘယ်လိုအရာတွေ အများဆုံးသင်ယူခဲ့ရလဲ?

‘အမြဲတမ်း အကောင်းဆုံးအသင်း ဖြစ်နေရုံနဲ့ မနိုင်နိုင်ဘူး’ ဆိုတဲ့အချက်ကို သင်ယူခဲ့ရပါတယ်..။ ပရီးမီးယားလိဂ်ဟာ တကယ်ကို ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ လိဂ်ပြိုင်ပွဲတစ်ခုဖြစ်ပြီး ပွဲစဉ်တိုင်းဟာ ရေကုန်ရေခမ်း ယှဉ်ပြိုင်ရတဲ့ ‘တိုက်ပွဲတွေ’ ပါပဲ။ ဒါကြောင့်အရမ်းကို ရင်ခုန်စရာ ကောင်းတာပါ၊ ဘာဖြစ်လို့လဲဆိုတော့ နည်းပြကြီးရဲ့ပြင်းပြတဲ့ စိတ်ဆန္ဒ၊ မြင့်မားလှတဲ့ အောင်ပွဲဆာလောင်စိတ်ဟာ ကျွန်တော်တို့အသင်းကို တည်ဆောက်ရုံတင်မကပဲ ပွဲတွေကို အနိုင်ရဖို့နဲ့ ဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့ လိုအပ်တဲ့ မိသားစုကြီးတစ်ခုနဲ့ အလားသဏ္ဍန် တူညီတဲ့ အစုအဖွဲ့ကြီးတစ်ခု (group) ကို တည်ဆောက်ဖို့ ဖြစ်နေတာကြောင့်ပါပဲ။

မေး - အဲဒီလို ‘အစုအဖွဲ့’ ပတ်သက်ပြီး မေးချင်တာက ခင်ဗျားက အဝတ်လဲခန်းထဲမှာ ဘယ်လိုအကျင့်စရိုက်မျိုး ရှိတဲ့သူ ဖြစ်မလဲ?

အတော်လေး တည်ငြိမ်တဲ့သူ တစ်ယောက် ဖြစ်ပါတယ်..။ ကျွန်တော် ရင့်ကျက်တယ်လို့ ပြောရမလား.. ကျွန်တော်ကတော့ ကိုယ့်ရဲ့အသင်းမှာ အကောင်းဆုံး ကစားသမားပဲ ဖြစ်စေချင်တာပါ။ ကျွန်တော်ကိုယ်တိုင်ရော၊ အသင်းဖော်တွေကိုပါ မြက်ခင်းစိမ်းပေါ်မှာတင်မကဘဲ အဝတ်လဲခန်းထဲအထိ ကိုယ်ကိုယ်တိုင်ရော အခြားသူတွေကိုပါ တိုးတက်အောင် တွန်းအားပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ပြီးတော့ အသင်းနဲ့အတူ အမြန်ဆုံးအသားကျအောင်နဲ့ ပရီးမီးယားလိဂ်အပြင် အခြားလိဂ်ပြိုင်ပွဲတွေက အတွေ့အကြုံတွေ၊ ကျွန်တော် သင်ယူခဲ့ရတာတွေကို ပြန်လည်မျှဝေပေးနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ၊

မေး - ဒီနေ့မှာတော့ ခင်ဗျားဟာ ချယ်လ်ဆီးအသင်းရဲ့ အပြာရောင်အင်္ကျီကို ပထမဆုံးအကြိမ် ဆင်မြန်းနိုင်ခဲ့ပါပြီ။ အဲဒီအခိုက်အတန့်လေးကိုရော.. ဘယ်လို ခံစားရလဲ?

တကယ်ကို ဂုဏ်ယူမိပါတယ်။ အိမ်မက်တစ်ခု အကောင်အထည် ဖော်လိုက်ရသလိုပဲလို့ ပြောချင်ပါတယ်။ ချယ်လ်ဆီးရဲ့ သမိုင်းအစဉ်အလာကောင်းတွေကို လူတိုင်းသိရှိကြပြီးသား ဖြစ်ပါတယ်..။ ဒါ့အပြင်အခုဆိုရင် ကျွန်တော်ကိုယ်တိုင်ကလည်း အစိတ်အပိုင်းတစ်ခု ဖြစ်လာတဲ့အခါ ပိုလို့တောင် ကောင်းမွန်လှပါတယ်။ အဲဒါကြောင့် တကယ်ကိုပဲ ဂုဏ်ယူမိပါတယ်။



မေး - ဟုတ်ပါပြီ။ ဒါဆိုရင်ကွင်းပြင်ပ လူနေမှုဘဝမှာ ခင်ဗျားနဲ့ပတ်သက်ပြီး ချယ်လ်ဆီးပရိသတ်တွေ အံ့အားသင့်သွားရမယ့် အချက်တစ်ချက်က ဘာဖြစ်မလဲ?

အများကြီးရှိပါတယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကစလို့ လူတွေက ကျွန်တော့်ကို ကော်ဖီဖျော်စပ်တဲ့သူ (barista) တစ်ယောက်လို့ ထင်နေကြပြီး ဆိုရှယ်မီဒီယာပေါ်မှာ မက်ဆေ့ခ်ျတွေ အများကြီး ရရှိခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကာပူချီနို (cappuccino) အပါအဝင် ကော်ဖီဖျော်စပ်တဲ့ အရာတွေကို ကျွန်တော် အထူးနှစ်သက်သလို စနစ်တကျ မှန်မှန်ကန်ကန် ဘယ်လိုဖျော်စပ်ရမလဲ? ဆိုတာကိုလည်း တတ်မြောက်အောင် အစွမ်းကုန်ကြိုးစားနေလို့ပါပဲ။ အဲဒီအချက်ဟာ ချယ်လ်ဆီးပရိသတ်တွေအတွက် အံ့အားသင့်စရာအချက် ဖြစ်လာနိုင်ပါတယ်။

မေး - ချယ်လ်ဆီး ကစားသမားတစ်ယောက်အနေနဲ့ ခင်ဗျားရဲ့ရည်မှန်းချက်တွေက ဘာတွေလဲ?

အနိုင်ရရှိဖို့ပါ။ ယှဉ်ပြိုင်သမျှ ပွဲစဉ်တိုင်းကို အနိုင်ရချင်ပါတယ်။ ကျွန်တော် အပါအဝင် ကစားသမားတိုင်းဟာ အနိုင်ရချင်ကြတာ သဘာဝပါ..။ ဒါပေမယ့် ဒီအသင်းမှာရှိနေတဲ့ ကစားသမားတွေရဲ့ အရည်အသွေးနဲ့ အသင်းရဲ့ပတ်ဝန်းကျင်မှာ ပြည့်စုံနေတဲ့ အနေအထားတွေကို ကြည့်လိုက်မယ်ဆိုရင် ပွဲစဉ်တိုင်း အနိုင်ရဖို့.. ဆိုတာဟာ အိပ်မက်တစ်ခုတည်းမဟုတ်ပဲ ကျွန်တော်တို့ အကောင်အထည်ဖော်၊ ရယူနိုင်တဲ့ အရာတစ်ခု ဖြစ်နိုင်တယ်.. လို့ ယုံကြည်မိပါတယ်..။ ကျွန်တော်ဟာ အနိုင်ရဖို့အတွက် ဒီကို လာခဲ့တာပါ။ အရင်အသင်းတွေမှာတုန်းကလည်း ကျွန်တော့်ရဲ့ ရည်မှန်းချက်ဟာ အဲဒီအတိုင်း အတိအကျ ဒီအတိုင်းပါပဲ။ ဒါ့ကြောင့် ချယ်လ်ဆီးမှာလည်း ထပ်မံ အနိုင်ရရှိချင်ပြီး ဆုဖလားတွေကို ဆွတ်ခူးသွားချင်ပါတယ်။

မေး - နောက်ဆုံးအနေနဲ့ ရာသီကုန်တဲ့အခါ ချယ်လ်ဆီး ပရိသတ်တွေ ခင်ဗျားနဲ့ ပတ်သက်ပြီး ဘာပြောကြလိမ့်မယ်လို့ မျှော်လင့်ထားလဲ?

ပွင့်ပွင့်လင်းလင်း ပြောရရင် ခင်ဗျားရဲ့မေးခွန်းဟာ အတော်လေးကို ကောင်းပါတယ်..။ ကျွန်တော်ပြောချင်တာတွေ အများကြီးရှိပေမယ့် ကျွန်တော့်ကိုခေါ်ယူခဲ့တာနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ကျေနပ်ပျော်ရွှင်စေချင်သလို ကျွန်တော်အပါအဝင် ချယ်လ်ဆီးအသင်း ကစားသမားတွေနဲ့ နောက်ထပ်ရာသီတွေကိုပါ ပျော်ပျော်ရွှင်ရွှင် ဆက်လက် လျှောက်လှမ်းချင်ပါတယ်။ ပြီးတော့ လန်ဒန်မြို့နဲ့ ချယ်လ်ဆီးမှာ ကျွန်တော့်ရဲ့နာမည်ကို လူတွေအမှတ်ရနေကြဖို့ တကယ်ကို လိုလားပါတယ်။