ကိုးလ် ပါးမား ဟာ သူ့ရဲ့ ‘cold’ ဂိုးအောင်ပွဲခံဟန်နဲ့ ပတ်သက်လို့ စကားစခဲ့ပြီး၊ မူပိုင်ခွင့်ဆိုင်ရာ မှတ်ပုံတင်ရုံး (Intellectual Property Office) မှာ သူ့ရဲ့မူပိုင်အဖြစ် ခွင့်ပြုချက် ရရှိထားတာကြောင့် ချယ်လ်ဆီးအသင်းကို ရောက်ရှိလာတဲ့ သူ့ရဲ့ဘောလုံးလောကထဲက အရင်းနှီးဆုံး သူငယ်ချင်းနဲ့ အသင်းဖော်သစ် မော်ဂန် ရော်ဂျားစ် ကို ဂိုးသွင်းပြီးချိန်မှာ အဲဒီပုံစံနဲ့ အောင်ပွဲခံခွင့်ပြု၊ မပြုဆိုတာနဲ့ ပတ်သက်လို့ ပြောကြားသွားခဲ့ပါတယ်။
"အဲဒီအောင်ပွဲခံတဲ့ဟန်ကို ကျွန်တော်ကပဲ မူပိုင်ခွင့်ယူထားတာမလို့ သူသာ အဲဒီပုံစံနဲ့အောင်ပွဲခံဖို့ ကြိုးစားရင်တော့ တရားရုံးအရာရှိတွေ သူ့အိမ်တံခါးဝဆီ ရောက်လာပါလိမ့်မယ်။" ဆိုပြီး ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမှာ သူနဲ့တွေ့ဆုံခန်း ပြုလုပ်နေကြတဲ့ သတင်းထောက်တွေကို ရယ်မောသွားစေခဲ့ပါတယ်။
သူ့ရဲ့ဖြေကြားချက်ဟာ ဒေသတွင်း ကလပ်အသင်းဖြစ်တဲ့ Sydney FC ရဲ့ လေ့ကျင့်ရေးကွင်းမှာ အေးအေးလူလူ ပေါ့ပေါ့ပါးပါး ပြောကြားခဲ့တဲ့ မူလပထမ Classic Palmer ရဲ့ ပုံစံဖြစ်နေပြီး သူကဆက်လက်ပြီးတော့ - "မဟန်ပါဘူးဗျာ၊ ကျွန်တော်တို့ အဲဒီအောင်ပွဲခံတဲ့ဟန်ကို အတူတူလုပ်ဆောင်ကြမှာပါ၊ အဲဒီလိုပဲ ဖြစ်ပါလိမ့်မယ်..။ ဒီအကြောင်းကို ကျွန်တော်တို့ မပြောဖြစ်ခဲ့ကြပါဘူး။ သူလည်း လုပ်တယ်၊ ကျွန်တော်လည်း လုပ်ပါတယ်။ ကျွန်တော်ဟာ သူ့နဲ့အမြဲတမ်း စကားပြောဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းက သူ့ကိုစာချုပ်ယူဖို့ ကြိုးစားနေတယ်လို့ ကြားလိုက်ရတဲ့အချိန်မှာ သူ့ဆီ စာတွ်ပိုပြီး ပို့ဖြစ်ခဲ့ပါတယ်’" လို့ အသက် (၂၄) နှစ်အရွယ် ကစားသမားက ပြောပြပါတယ်။

“အဲဒီလိုမက်ဆေ့ချ်တွေ ဆက်တိုက်ပို့နေလို့ သူကကျွန်တော့်ကို စိတ်ပျက်နေလောက်ပါပြီ..။ ဒါပေမယ့် အနည်းဆုံးတော့ အခုသူဒီကို ရောက်နေပါပြီ။ မော်ဂတ်စ် က သူဒီကိုလာတော့မယ်ဆိုတာ ကျွန်တော့်ကိုချက်ချင်း ပြောခဲ့ပါတယ်။ ဒါဟာလျှို့ဝှက်သတင်း ပေါက်ကြားခဲ့တာ မဟုတ်ပါဘူး။ ဘယ်သူမှ မသိခဲ့ပါဘူး။ ကျွန်တော်နဲ့သူ၊ ပြီးတော့ အသင်းရဲ့တာဝန်ရှိလူကြီးတွေပဲ သိခဲ့တာပါ။ ဒီသတင်းဟာ လျှို့ဝှက်ထားဖို့ ခက်ခဲတဲ့ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပေမယ့် ကျွန်တော်လျှို့ဝှက် ပေးခဲ့ပါတယ်။ သူဟာထိပ်တန်း ကစားသမား တစ်ယောက်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါ့အပြင် ကျွန်တော့်ရဲ့ အကောင်းဆုံး သူငယ်ချင်းတွေထဲက တစ်ယောက် ဖြစ်တာကြောင့် အပြောင်းအရွှေ့ အထမြောက်သွားတဲ့အချိန် ကျွန်တော် တကယ်ဝမ်းသာမိပါတယ်။
ကျွန်တော်တို့ဟာ မတူညီတဲ့ ကစားသမား နှစ်ယောက်ပါ။ သူဟာ with the ball မှာရော၊ without the ball မှာပါ ကျွန်တော့်ထက်ပိုပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှု ပိုကောင်းပါတယ်။ ဒါ့အပြင်သူဟာ ဘောလုံးနဲ့အတူ ဆွဲထွက်၊ ထိုးဖောက် ရတာကို နှစ်သက်ပါတယ်။ ကျွန်တော်ကတော့ ဘောလုံးပေးပို့မှုတွေ ပြုလုပ်ရတာ ပိုပြီးအားသန်ပါတယ်။ ကျွန်တော်တို့အတူတူ ကောင်းကောင်းတွဲဖက် ကစားနိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်..။ ငယ်ငယ်တုန်းကလည်း (မန်ချက်စတာစီးတီး အကယ်ဒမီမှာ) အတူတူ ကစားခဲ့ဖူးပါတယ်။"
ပါးမား ဟာ ရော်ဂျားစ် ကို အက်စတွန်ဗီလာ ဆီကနေ ပေါင် ၁၁၇ သန်းနဲ့ စာချုပ်ယူခဲ့ပြီးနောက်ပိုင်း သူ့ရဲ့အရင်းနှီးဆုံး သူငယ်ချင်းအကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော်၊ ပြောဆိုလိုက်တာဖြစ်ပြီး - ဒါဟာ ချယ်လ်ဆီးရဲ့ ‘နောက်ထပ်တစ်ဆင့်မြင့်’ ခေါ်ယူမှုတစ်ခုအဖြစ် သူကတင်စားခဲ့သလို - နွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သောမတ်စ် တူခယ်လ် ရဲ့ အင်္ဂလန်အသင်းမှာ ပါဝင်ခွင့်မရခဲ့တဲ့နောက်ပိုင်း ပထမဆုံး ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ သူမပါဝင်နိုင်ခဲ့တဲ့ အင်္ဂလန်အသင်းဟာ အကြိုဗိုလ်လုပွဲအဆင့်ထိ ရောက်ရှိခဲ့ပြီး အာဂျင်တီးနားအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။
" ‘မင်းဟာ အသင်းလူစာရင်းထဲ ပါဝင်နိုင်ဖို့အတွက် လုံလောက်တဲ့ ခြေစွမ်းမရှိသေးဘူး’ လို့ တစ်ယောက်ယောက်က ပြောလာရင် ကျွန်တော့်ဘက်ကလည်း ‘ကောင်းပြီလေ၊ ဒါဆိုရင်လည်း ဒီထက်မက ပိုပြီးကြိုးစားပြတာပေါ့လို့ တွေးမိမှာပါ’ ” လို့ လာမယ့်ရာသီသစ်အတွက် စိတ်ဓာတ်တက်ကြွမှုတွေ အထူးတက်ကြွနေလား? လို့ မေးမြန်းခံရချိန်မှာ ပါးမား က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကျွန်တော်တစ်ချို့ပွဲတွေကို ကြည့်ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲကျင်းပချိန်မှာ ကျွန်တော်ဟာ ခရီးထွက်နေခဲ့တာဖြစ်သလို အမေရိကမှာ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲချိန်တွေကလည်း ရူးချင်စရာ ကောင်းပါတယ်..။ ဒါပေမယ့် ကျွန်တော် ကြည့်ဖြစ်ခဲ့ပါတယ်။”
နောက်ဆုံး (၁၆) သင်းအဆင့်၊ ရှုံးထွက်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အင်္ဂလန်နဲ့ မက္ကဆီကို ပွဲကို ညမအိပ်ဘဲ စောင့်ကြည့်ဖြစ်ခဲ့လား? လို့ မေးမြန်းရာမှာတော့ - “ဟုတ်ပါတယ်။ ဒါပေမဲ့ ပထမပိုင်း ပြီးတော့ ကျွန်တော် အိပ်ပျော်သွားတယ်။” ဆိုပြီး ဗြိတိန် စံတော်ချိန် မနက် (၂) နာရီမှာ ယှဉ်ပြိုင်ခဲ့တဲ့ အဲဒီပွဲအကြောင်း သူက ပြောပြပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ အကျိုးစီးပွားသပ်သပ် ရှုထောင့်ကနေ တွေးကြည့်ရင်တော့ အခုနွေရာသီ အနားယူခွင့် ရရှိခဲ့တာဟာ အဆိုးဆုံးသတင်း မဟုတ်ခဲ့ပါဘူး။ အခုလိုပါဝင်ခွင့်မရခဲ့တာဟာ နှစ်အတော်ကြာ အားလပ်ရက် မရခဲ့တဲ့ ပါးမား အတွက် အနားယူဖို့၊ ခန္ဓာကိုယ် ပြန်လည်အားပြည့်စေဖို့နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြန်လည်ပြင်ဆင်နိုင်ဖို့ အခွင့်အရေးကောင်း ရရှိစေခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်တုန်းက သူဟာ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှိနေခဲ့သလို ၂၀၂၄ ခုနှစ်တုန်းက ယူရို ပြိုင်ပွဲ၊ ၂၀၂၃ မှာတော့ အသက် (၂၁) နှစ်အောက် ဥရောပလူငယ် တံခွန်စိုက်ပြိုင်ပွဲတွေမှာ ပါဝင်နေခဲ့ရတာ ဖြစ်ပါတယ်။"
အင်္ဂလန်အသင်းနည်းပြ သောမတ်စ် တူခယ်လ် ရဲ့ ချန်လှပ်ထားခြင်း ခံရအပြီးမှာ ပါးမား အနေနဲ့ အင်္ဂလန်အသင်းဆီ ပြန်သွားခွင့်ရဖို့ ပြင်းပြတဲ့ဆန္ဒတွေ ဖြစ်ပေါ်နေပါလား?
"ရိုးရိုးသားသား ပြောရရင် အဲဒီအကြောင်းကို ကျွန်တော် မတွေးသေးပါဘူး။” လို့ ပါးမား က ဖြည့်စွက် ပြောကြားခဲ့ပါတယ်။ "ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းနဲ့ ရာသီသစ်မှာ စတင်ဖို့ကိုပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်..။ အင်္ဂလန်အသင်းမှာ ပါဝင်ခွင့်မရခဲ့တဲ့အပေါ် သိပ်ပြီးစိတ်အနှောင့်အယှက် မရှိခဲ့ပါဘူး။
ကျွန်တော်ဟာ အခုနှစ်နွေရာသီမှာ (၇) ပါတ်လောက် အနားယူခွင့် ရခဲ့ပါတယ်..။ အဲဒီလိုအားလပ်ရက်ရှည် အခွင့်အရေး တစ်ခါမှ မရဖူးပါဘူး။ သိပ်ကိုကောင်းပါတယ်။ ကျွန်တော်ဟာ မိသားစုနဲ့အတူ အပန်းဖြေ ခရီးထွက်ခဲ့ပါတယ်။ အခုတော့ စိတ်ရော၊ ကိုယ်ပါ လန်းဆန်း ကြံ့ခိုင်နေပါပြီ။ ဆန်းတော့ ဆန်းတယ်ဗျ..။ ကိုယ့်ကိုယ်ကို ဘယ်တွေသွားလို့ သွားရမှန်းတောင် မသိခဲ့ပါဘူး။ ခရီးထွက်နေပေမယ့် နောက်ကနေပြီး ‘အခု နောက်ထပ် ဘယ်သွားရမလဲ?’၊ ဘယ်တော့ ပြန်လာမလဲ? စသဖြင့် တောက်လျှောက် လိုက်စစ်နေတာမျိုးပေါ့။ တကယ်ပြောရရင် အားလပ်ရပ် ရက်သတ္တပါတ် (၆) ပါတ်လောက်အကြာမှာ ကျွန်တော် ပျင်းလာခဲ့ပါတယ်။ မာဘယ်လာ မှာ ထိုင်နေရင်း ‘အသင်းဆီ ပြန်သွားချင်ပြီ’ လို့ တွေးမိနေခဲ့တာပါ၊ အဲဒီလို တွေးမိလိမ့်မယ်လို့ မထင်ထားမိခဲ့ပါဘူး။"

ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ် ဇာဘီ အလွန်ဆို ဟာ ပါးမား ရဲ့ နွေရာသီအားလပ်ရက်အတွင်း သူ့ဆီကို ဆက်သွယ်လာခဲ့ပါတယ်။ "‘ကျွန်တော် ကမ္ဘာ့ဖလား မသွားရတော့ဘူးလို့ အပြောခံရတဲ့အခါ သူသိသွားခဲ့တယ် ထင်ပါတယ်၊ ဒါကြောင့် ကျွန်တော့်ဆီ စာပို့ခဲ့တာပါ..။" လို့ ပါးမား က ပြောပါတယ်။ ‘သူဘာပြောခဲ့လဲ? အတိအကျ မမှတ်မိတော့ပါဘူး။ အဲဒီအတွက် မစိုးရိမ်ပါနဲ့ ဒါမှမဟုတ် ဒီလိုမျိုးဆိုတာ ပုံမှန်ပါပဲ.. အဲဒီလိုစကားတွေပဲ ဖြစ်ပါလိမ့်မယ်..။ သူနဲ့သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေဟာ တကယ်ကိုကောင်းမွန်ကြပြီး၊ သူ့ရဲ့ အယူအဆသစ်တွေနဲ့အတူ လတ်ဆတ်တဲ့ လေပြေလေညှင်း ရောက်ရှိလာသလို ခံစားရပါတယ်။”
ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် (၁၀) နဲ့ ပြီးဆုံးခဲ့ပြီး ဥရောပပြိုင်ပွဲဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်..။ ဒါ့အပြင်ပါးမား ရဲ့ ၂၀၂၅/ ၂၆ ရာသီဟာ ပေါင်ခြံဒဏ်ရာကြောင့် အဟန့်အတား ဖြစ်ခဲ့ရပါတယ်..။
သူဟာအရန်ခုံမှာ ထိုင်နေရတာ ဒါမှမဟုတ် သူ့ရဲ့‘cold’ ပုံစံအတိုင်း လွတ်လွတ်လပ်လပ် မကစားနိုင်ဘဲ ဖြစ်နေရတာမျိုးကို ယဉ်ပါးလေ့မရှိတာကြောင့် ခက်ခဲတဲ့ ကာလတစ်ခုနဲ့ ရင်ဆိုင်ခဲ့ပါတယ်။ “ဒါကို ဘယ်လို ကိုင်တွယ် ဖြေရှင်းရမလဲ? ကျွန်တော် တကယ်မသိခဲ့ပါဘူး။” လို့ ပါးမား က ရှင်းပြပါတယ်။ “ဒဏ်ရာရနေခဲ့တဲ့ ပထမပိုင်း လအနည်းငယ်တုန်းက ကျွန်တော် ကွင်းထဲမှာ ကစားချင်တဲ့ဆန္ဒပဲ ရှိနေခဲ့ပါတယ်..။ တကယ်တော့ အဲဒီလို မလုပ်ခဲ့သင့်ပါဘူး။
ဒဏ်ရာပြဿနာ အရှင်းမပျောက်ကင်းသေးတာကြောင့် ကျွန်တော်ကစားချင်သလို မကစားနိုင်ခဲ့ပါဘူး။ ဒဏ်ရာတွေအပြင် အခြားကိစ္စတွေကြောင့် ကျွန်တော့်ရဲ့ တစ်ကိုယ်ရည်အရကြည့်ရင် ဆိုးရွားတဲ့ ရာသီတစ်ခု ဖြစ်ခဲ့ပါတယ်..။ ဒါပေမယ့် အခုတော့ ကျွန်တော်ဟာ စိတ်ရော၊ ခန္ဓာကိုယ်ပါ အကောင်းဆုံးအခြေအနေ ရောက်ရှိနေပြီလို့ ခံစားနေရပါပြီ။ (၇) ပါတ်လောက် အနားယူခဲ့ရတာကလည်း ကျွန်တော့်ရဲ့ ကြံ့ခိုင်မှုအခြေအနေကို အကောင်းဆုံး ကူညီပေးခဲ့ပါတယ်။ ကျွန်တော် နောက်တစ်ကြိမ် ပြန်လည် စတင်ဖို့ အသင့်ဖြစ်နေပါပြီ။”

ပါးမား ဟာ စကင်ဒီနေးဗီးယား က အထူးကုဆရာဝန်နဲ့ သွားရောက်၊ တိုင်ပင်ခဲ့စဉ်တုန်းက ခွဲစိတ်ကုသမှုခံယူဖို့ စဉ်းစားခဲ့တယ်… ဆိုတဲ့အကြောင်းကိုလည်း ပထမဆုံးအကြိမ် ထုတ်ဖော်၊ ပြောပြခဲ့ပါသေးတယ်။ “ကျွန်တော်ဟာ ဆရာဝန်နဲ့ပြသဖို့ ဆွီဒင် ဒါမှမဟုတ် ဒိန်းမတ်၊ အဲဒီနိုင်ငံတွေထဲက တစ်နိုင်ငံဆီ သွားခဲ့ပါတယ်။ ကျွန်တော်တို့ ခွဲစိတ်ဖို့အတွက် စကားပြောဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ခွဲစိတ်မှု မလုပ်ဖြစ်ခဲ့ပါဘူး။”
အခုအခါမှာတော့ သူဟာကြံ့ခိုင်မှုအပြည့် ပြန်လည်ရရှိလာပြီဖြစ်သလို နည်းပြအလွန်ဆို ကလည်း သူ့ဆီကနေ ဘာတွေ လိုချင်လဲ? ဆိုတာ ပြောပြထားပြီး ဖြစ်ပါတယ်။ “ကျွန်တော်တို့ ဆွေးနွေးဖြစ်ခဲ့ကြပါတယ်..။” လို့ ပါးမား က ပြောပါတယ်။ "သူက ကျွန်တော့်ကို ကွင်းလယ်တိုက်စစ် ‘No. 10’ နေရာ၊ အထောင်တိုက်စစ်မှူးနဲ့ နီးနီးကပ်ကပ် တွဲဖက်ပြီး နေရာလွတ်တွေထဲ ဝင်ရောက်နေရာယူ၊ ကစားတာမျိုး မြင်တွေ့ချင်နေတာပါ။ ကျွန်တော်တို့ စောင့်ကြည့်ရပါဦးမယ်..။ အသင်းဆီကို ကစားသမားကောင်းတွေ ရောက်လာဦးမှာပါ..။ အဲဒီလိုအားဖြည့်မှုတွေကြောင့် ကျွန်တော်တို့အသင်းဟာ ပိုပြီးကောင်းမွန်တဲ့ အသင်းတစ်သင်း ဖြစ်လာမှာပါ။ ဒါမှာလည်း ကောင်းမွန်တဲ့ ရာသီတစ်ခု ဖြစ်လာပါလိမ့်မယ်။"
(Daily Mail မှ ဆောင်းပါးရှင် Kieran Gill ၏ ‘'I stayed up for England vs Mexico - then fell asleep at half-time!': Cole Palmer on World Cup heartache, feeling fresh after seven-week summer holiday and his bromance with new team-mate Morgan Rogers’ ဆောင်းပါးကို ပြန်ဆိုပါသည်။)