feature-image

ကစားသမား (၄၁) ယောက်ရှိနေတဲ့ အပြာရောင်အသင်းက ဘယ်သူတွေ ထွက်ခွာသွားနိုင်လဲ..?

ချယ်လ်ဆီးအသင်းဟာ အခုဘောလုံးရာသီမှာ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်မရှိတာကြောင့် နည်းပြသစ် ဇာဘီ အလွန်ဆို ဟာ အသင်းမှာရှိနေတဲ့ ကစားသမား အများအပြားကို အရောင်းစာရင်း ဒါမှမဟုတ် အငှားချ ပြီးတော့ပဲဖြစ်ဖြစ် သူ့ရဲ့လူစာရင်းကို သိသိသာသာ လျှော့ချဖို့ ဆန္ဒရှိနေပါတယ်..။

ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ကစားသမား (၂၅) ဦး ကန့်သတ်ချက်စည်းမျဉ်း ရှိပေမယ့် ချယ်လ်ဆီးအသင်းဟာ ကစားသမားအများစုကို အသက် (၂၁) နှစ်အောက်နဲ့ ပြည်တွင်းဖြစ် (Homegrown) ကစားသမားတွေအဖြစ် ထည့်သွင်းနိုင်တာကြောင့် အလိုရှိသလောက် ကစားသမားအရေအတွက် စာရင်းသွင်းစွမ်း ရှိပါတယ်..။ ဒါပေမယ့် ပွဲကစားခွင့်မရတဲ့ ကစားသမားတွေအများကြီး ရှိနေတာဟာ အသင်းရဲ့စည်းလုံး၊ ညီညွတ်မှုအတွက် မကောင်းနိုင်ဘူးဆိုတာ စပိန်လူမျိုးနည်းပြ သိရှိထားပါတယ်။

ဒါ့ကြောင့် အသင်းလူစာရင်းကို ကိုင်ရ၊ တွယ်ရ လွယ်ကူမယ့် (၂၅) ဦး အရေအတွက်အထိ လျှော့ချနိုင်ဖို့ ချယ်လ်ဆီးအသင်းဟာ စက်တင်ဘာလဆန်းမတိုင်မီ ကစားသမား (၁၆) ဦးအထိ ထုတ်ရောင်း ဒါမှမဟုတ် အငှားချ စေလွှတ်နိုင်ရမှာ ဖြစ်ပါတယ်။



စတန်းဖို့ဒ် ဘရစ်ချ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ရာဟင်း စတာလင်း နဲ့ အက်ဆယ်လ် ဒီဆာဆီ တို့လို ကစားသမားတွေကို 'Bomb Squad' ထဲမှာ ထည့်သွင်းခဲ့တဲ့ သာဓက၊ အစဉ်အလာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်အဲဒီလို လုပ်ဆောင်တာကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က တားမြစ်၊ ပိတ်ပင်လိုက်ပြီ ဖြစ်တာကြောင့် အသင်းလူစာရင်းကို သိသိသာသာလျှော့ချဖို့ ပိုပြီးအရေးကြီးလာခဲ့ပါတယ်။

ဒါပေမယ့် အပြာရောင်တွေဟာ အဲဒီလို ကစားသမား အများအပြားကို အရောင်း၊ အဝယ် ပြုလုပ်တာနဲ့ ရင်းနှီးပြီးသား ဖြစ်သလို မော်ဂန် ရော်ဂျားစ် ၊ မာကို ပါလက်စ်ထရာ၊ ဒယ်နီ ဝဲလ်ဘက်ခ်၊ ဂျော်ဒန် ဟန်ဒါဆန် နဲ့ မက်ဆန့်စ် လာခရော့စ် တို့ကို ခေါ်ယူခဲ့တာကြောင့် အလွန်ဆို ရဲ့ အသင်းဟာ ပိုမိုအင်အား တောင့်တင်းလာခဲ့ပါတယ်..။ ဒါ့အပြင် စပိန်လာလီဂါ ပြိုင်ပွဲဝင် ရာယို ဗာလာကာနို က စပိန်ဘယ်နောက်ခံလူ ပက်ပ် ချာဗာရီယာ ကိုလည်း ထပ်မံအားဖြည့်၊ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

ဒါပေမယ့် အသင်းရဲ့လူစာရင်း အဆမတန် ဖောင်းပွနေတာကို အရေးတကြီး ဖြေရှင်းနိုင်ဖို့ လိုအပ်နေပြီး ဗုဒ္ဓဟူးနေ့က ဟောင်ကောင်မှာ ဂျူဗင်တပ်စ် ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ လူစားဝင် ကစားသမား (၂၁) ဦးအထိ ရှိခဲ့ပြီး အဲဒီအထဲမှာ အကယ်ဒမီ ကစားသမား (၅) ဦးပဲ ပါဝင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ အာရှခရီးစဉ် နောက်ဆုံး ရက်ပိုင်းတွေအထိ ကစားသမား အရေအတွက် အများအပြား ခေါ်ဆောင်သွားမှာပါ..။ သူတို့ဟာ စနေနေ့ကျရင် အင်ဒိုနီးရှားမှာ အေစီ မီလန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ မလေးရှားချန်ပီယံ ဂျိုဟိုး ဒါရူး တာဇင်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် မတူညီတဲ့ ပွဲထွက် (၁၁) ဦးစီ ပွဲထုတ်သွားဖို့ ရှိပါတယ်။



ဒါတောင်မှ ကိုးလ် ပါမား နဲ့ လီဗိုင်း ကိုဝဲလ် တို့ကတော့ ပြီးခဲ့တဲ့ခြေစမ်းပွဲကို အသေးစား ဒဏ်ရာကြောင့် လွဲချော်ခဲ့သလို၊ တိုက်စစ်မှူး အီမန်နူအယ်လ် အီမေးဂါး ကလည်း ပေါင်ကြွက်သား ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ လေ့ကျင့်ရေးကွင်းမှာ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။ အဲဒီကစားသမားတွေအပြင် ပထမအသင်းမှာ ပါဝင်ခွင့်မရေသေးတဲ့ ကစားသမား (၅) ဦး ရှိနေပါသေးတယ်။ သူတို့တွေကတော့ ဘင်နွိုက် ဘာဒီယာရှီးလ်၊ အက်ဆယ်လ် ဒီဆာဆီ၊ မာခ် ဂီယူး၊ ဒေးဗစ် ဒတ်ထရို ဖိုဖာနာ နဲ့ ကာလက်ဘ် ဝီလီ တို့ ဖြစ်ကြပြီး သူတို့တွေဟာ အပြီးရောင်းချ ဒါမှမဟုတ် အငှားထွက်ခွာဖို့ အဆင်သင့် ရှိနေကြပါတယ်..။

ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်တွေအထိ ပါဝင်ယှဉ်ပြိုင်ခဲ့ရတဲ့ အင်ဇို ဖာနန်ဒက်ဇ်၊ ရီစ် ဂျိမ်းစ်၊ ရော်ဂျားစ်၊ ဟန်ဒါဆန်၊ လာခရော့စ်၊ ဗာလန်တင် ဘာကို နဲ့ မာလို ဂူစ်တို စတဲ့ ကစားသမား (၇) ဦးကတော့ နောက်အပါတ်အထိ အားလပ်ရက် ခံစားနေရဆဲဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင် နောက်ခံလူ ထရေဗာ ချာလိုဘာ ကတော့ အပိုဆုကြေးများ အပါအဝင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၃၁) သန်းနဲ့ ကိုမိုအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီး၊ ဂိုးသမား ဖိလစ် ဂျော်ဂျင်ဆန် ကတော့ မိတ်ဖက်အသင်းဖြစ်တဲ့ စထရာ့ဘာ့ဂ် ဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။



ဘယ်သူတွေ ရောက်လာပြီး ဘယ်သူတွေ ထွက်ခွာသွားဖို့ ရှိမလဲ?

အလွန်ဆို ဟာ ဂိုးသမားနေရာအတွက် ရွေးချယ်စရာ ရှိပြီးတဲ့ပုံရပြီး ရောဘတ် ဆန်းချက်ဇ် နဲ့အတူ စထရာ့ဘာ့ဂ်အသင်းမှာ လက်စွမ်းပြခဲ့တဲ့ အသက် (၂၁) နှစ်အရွယ် ဘယ်လ်ဂျီယံလူငယ် ဂိုးသမား မိုက် ပန်ဒါးစ် တို့ ပါဝင်လာမှာဖြစ်ကာ တယ်ဒီ ရှာမန်း-လိုဝဲလ်  ကတော့ တတိယ ဂိုးသမားအဖြစ် တာဝန်ယူဖို့ များပါတယ်။ နောက်ခံအစွန်လူ နေရာတွေမှာတော့ ကွင်းလယ်မှာပါ ကစားနိုင်တဲ့ အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ် နဲ့အတူ ညာဘက်အစွန်မှာ မာလို ဂူစ်တို နဲ့ မာကို ပါလက်စ်ထရာ တို့ ရှိနေပါတယ်။

မန်ချက်စတာ စီးတီး အသင်းက ဂူစ်တို ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်.. လို့ သတင်းများထွက်ပေါ်နေပြီး ချယ်လ်ဆီးအသင်းကတော့ သူ့အတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၇၅) သန်း သတ်မှတ်ထားပါတယ်။

ဘယ်ဘက်အစွန်မှာတော့  ဂျိုရယ်လ် ဟာတို ရှိနေပြီး ရာယို ဗယ်လာကာနို အသင်းက ပက်ပ် ချာဗာရီယာ ကို စတာလင်ပေါင် (၁၆.၃) သန်းနဲ့ ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်နေပြီ ဖြစ်ပါတယ်။ ဗဟိုခံစစ်မှာ ကစားသမား (၉) ဦးအထိ ရှိနေပြီး အလွန်ဆို ကတော့ "(၄) ယောက် ဒါမှမဟုတ် (၅) ယောက်" အထိ လျှော့ချဖို့ လိုအပ်တယ်လို့ ပြောကြားထားပါတယ်။

ဒီဆာဆီ နဲ့ ဘာဒီယာရှီးလ် တို့ကတော့ အရောင်းစာရင်း တင်ထားခြင်း ခံထားရသလို မာမာဒူ ဆားရ် ကလည်း အငှားထွက်ခွာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါဆိုရင် ကစားသမားသစ် ပြင်သစ်လက်ရွေးစင် နောက်ခံလူ လာခရော့စ် အနေနဲ့ လီဗိုင် ကိုဝဲလ်၊ ဂျော့ရှ် အာချီယမ်ပေါင်း ၊ ဝက်စလေ ဖိုဖာနာ နဲ့ တိုဆင် အဒါရာဘီယိုယို တို့ ယှဉ်ပြိုင်သွားရမှာပါ။



အာဂျင်တီးနား အသက် (၂၀) အောက် လူငယ်လက်ရွေးစင် နောက်ခံလူ အေရွန် အန်ဆယ်လ်မီနို ရဲ့ အနာဂတ်ကတော့ မသေချာသေးပါဘူး။ သူဟာပြီးခဲ့တဲ့ရာသီမှာ ဘိုရုရှား ဒေါ့မွန် နဲ့ စထရာ့ဘာ့ဂ် အသင်းတွေမှာ အဌားသွားရောက် ကစားခဲ့ပြီးနောက် အခြားတစ်နေရာဆီ အငှား ထပ်မံထွက်ခွာရဖို့ များနေပါတယ်။

ကွင်းလယ်ပိုင်းမှာတော့ မန်ချက်စတာ စီးတီးအသင်းက စိတ်ဝင်စားနေတဲ့ အင်ဇို ဖာနန်ဒက်ဇ် အတွက် အပြောင်းအရွှေ့ကြေး စတာလင်ပေါင်သန်း (၁၂၀) သတ်မှတ်ထားသလို အသင်းမှာ ဆက်ပြီးရှိနေရင်လည်း ကျေနပ်နေမှာပါ။

သူ့အပြင် အဓိက ဗဟိုကွင်းလယ်လူ မွိုက်စ် ကိုင်ဆီဒို၊ ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ ရိုမီယို လာဗီယာ၊ ကွင်းလယ် တာဝန်အများအပြားကို ယူနိုင်တဲ့ ကစားသမားသစ် ဘာကို၊ ဟန်ဒါဆန် နဲ့ ဒါရီယို အက်စ်ဆူဂို တို့လည်း ရှိနေပါတယ်။

အသက် (၂၁) နှစ်အရွယ် အက်စ်ဆူဂို ကတော့ အသင်းမှာဆက်ရှိနေမယ်လို့ အကြောင်းကြား ခံခဲ့ရပေမယ့် ဒဏ်ရာပြဿနာတွေ ကြုံတွေ့ခဲ့ရတဲ့ ရာသီအပြီးမှာ ပုံမှန်ပွဲထွက်ခွင့် လိုအပ်နေတာကြောင့် အငှားထွက်ခွာဖို့လည်း ဖြစ်လာနိုင်ပါတယ်။

တိုက်စစ်ပိုင်းမှာတော့ မိုင်ဟေးလ်လို မူဒရပ်ခ် ရဲ့ မမျှော်လင့်ဘဲ ပြန်လည်ကစားခွင့် ရရှိလာမှုဟာ ချယ်လ်ဆီး ကိုင်တွယ် ဖြေရှင်းရမယ့် နောက်ထပ်အခြေအနေတစ်ခု ဖြစ်လာပါတယ်။ အသင်းဘက်တော့ သူ့ရဲ့ကြံ့ခိုင်မှု အခြေအနေကို ဆန်းစစ်နေပြီး၊ ဖြစ်နိုင်ခြေ အားလုံးအတွက် လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။



ဘယ်တောင်ပံမှာ ဂျေမီ ဂစ်တန့်စ် ကို ရွေးချယ်နိုင်သလို ပီဒရို နက်တို၊ အက်စ်တီဗာအို နဲ့ ကစားသမားသစ် ဂျီအိုဗာနီ ကွမ်ဒါ တို့က ညာတောင်ပံမှာ အဓိက ကစားသူတွေ ဖြစ်လာပါတယ်။ ကိုးလ် ပါးမား နဲ့ ရော်ဂျားစ် တို့ကတော့ ကွင်းလယ်ဖန်တီးရှင် ‘No. 10’ နေရာမှာ ကစားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်..။

ချယ်လ်ဆီးဟာ ရာသီစတင်ချိန်မှာ တိုက်စစ်မှူး (၃) ဦး ထားရှိချင်နေပါတယ်။ ဂျာအို ပီဒရို နဲ့ တိုက်စစ်မှူးသစ် ဝဲလ်ဘက်ခ် တို့နဲ့အတူ နောက်ထပ် တိုက်စစ်မှူး တစ်ဦး အသင်းလူစာရင်းမှာ ဆက်ရှိနေဖို့ များပါတယ်။ အသင်းမှာ နီကိုလတ်စ် ဂျက်ဆင် နဲ့ လီယမ် ဒီလပ်ပ် တို့ ရှိနေသေးတာကြောင့် မသေချာမှုတွေ ရှိနေသေးပေမယ့် တတိယမြောက် တိုက်စစ်မှူးဟာ အီမေးဂါး ပဲ ဖြစ်လာဖို့ များနေပါတယ်။

လက်ရှိအချိန်အထိ BBC Sport သတင်းဌာနက စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ချယ်လ်ဆီးအသင်းရဲ့ ဖြစ်လာနိုင်ခြေအရှိဆုံး လူစာရင်းခန့်မှန်းချက်ကို ဖော်ပြလိုက်ပါတယ်။

ခန့်မှန်းထားသည့် ချယ်လ်ဆီးအသင်း လူစာရင်း - Sanchez, Penders, Sharman-Lowe, James, Palestra, Tosin, Fofana, Lacroix, Acheampong, Colwill, Hato, Chavarria, Caicedo, Fernandez, Barco, Lavia, Henderson, Quenda, Neto, Palmer, Estevao, Rogers, Gittens, Emegha, Joao Pedro, Welbeck.

အဌားထွက်ခွာနိုင်ခြေရှိသည့် ကစားသမားများ - Guiu, Wiley, Kellyman, Mheuka, Walsh, Kavuma-McQueen, Kendry Paez.

အရောင်းစာရင်း (သို့မဟုတ်) အနာဂတ်မသေချာသည့် ကစားသမားများ (ခန့်မှန်းတန်ကြေးကို ကွင်းအတွင်း ဖော်ပြထားသည်) - Badiashile (£30m), Disasi (£25m), Guiu (£25m), Datro Fofana, Delap, Jackson (£65m), Slonina, Gusto (£75m), Fernandez (£120m), Emegha, Neto, Essugo.



ချယ်လ်ဆီးအသင်းဟာ ဘာကြောင့်ကစားသမားတွေကို စုဆောင်းနေတာလဲ..?

ချယ်လ်ဆီးအသင်းဟာ ပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ချ် ရဲ့ လက်ထက်ကတည်းက ကစားသမားတွေကို စုဆောင်း၊ ဝယ်ယူထားတဲ့ အလေ့အထ ရှိခဲ့ပါတယ်..။ ရုရှဘီလျံနာ သူဌေးကြီးလက်ထက်FIFA က ကန့်သတ်ချက်တွေ မထုတ်ပြန်မီ စတန်းဖို့ဒ် ဘရစ်ချ်အသင်းဟာ ကစားသမား (၄၂) ဦးအထိ အငှားချ ထားခဲ့ဖူးပါတယ်။

၂၀၂၂ ခုနှစ်မှာ တော့ဒ် ဘိုလေး နဲ့ Clearlake Capital အဖွဲ့တို့ အသင်းကို လွှဲပြောင်းရယူခဲ့ပြီးနောက်မှာတော့ ချယ်လ်ဆီးအသင်းဟာ စထရာ့ဘာ့ဂ် အသင်းကိုဝယ်ယူခဲ့ပြီး ‘အသင်း အများအပြား ပိုင်ဆိုင်မှု (multi-club ownership)’ ပုံစံ ကျင့်သုံးခဲ့ပါတယ်။ ဒါ့အပြင် အလွယ်တကူ ခေါ်ယူ၊ ရောင်းချနိုင်အောင် ရည်ရွယ်ပြီး လစာနှုန်းထား သက်သာတဲ့ လူငယ် ကစားသမားတွေကို ခေါ်ယူတဲ့ ဗျူဟာကိုလည်း ကျင့်သုံးခဲ့ပါတယ်။

အဲဒီလိုခေါ်ယူခဲ့သူတွေထဲမှာ ကွင်းလယ်လူ အင်ဒရေ ဆန်းတို့စ် လည်း ပါဝင်ခဲ့ပြီး သူဟာစတာလင်ပေါင် (၁၂) သန်းနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ကာ နောက်ပိုင်းမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို စတာလင်ပေါင်သန်း (၅၀) နဲ့ ပြန်လည် ရောင်းချနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ လွန်ခဲ့တဲ့ (၄) နှစ်က BlueCo အဖွဲ့ရဲ့ လွှဲပြောင်း၊ ရယူခြင်း ခံခဲ့ရချိန်ကတည်းက ကစားသမားသစ်တွေ ခေါ်ယူဖို့ စတာလင်ပေါင် (၁.၈) ဘီလီယံအထိ သုံးစွဲခဲ့ပြီး၊ ဒါဟာ ဥရောပက အခြားဘယ်အသင်းထက်မဆို ပိုမိုများပြားနေပါတယ်။



ဒါပေမယ့် သူတို့ဟာ ပရီးမီးယားလိဂ်ရဲ့ စံချိန်တင် စတာလင်ပေါင်သန်း (၃၀၀) အပါအဝင် ကစားသမား ရောင်းချမှုတွေကနေ စတာလင်ပေါင် (၁) ဘီလီယံနီးပါး ပြန်လည် ရရှိခဲ့တာကြောင့် အဲဒီကာလအတွင်း ဥရောပမှာ အမြင့်မားဆုံး ကစားသမား ရောင်းချခဲ့ရတဲ့ ကိန်းဂဏန်းလည်း ဖြစ်ခဲ့ပါတယ်။

ချယ်လ်ဆီးဟာ အခုနွေရာသီမှာလည်း အလားတူ ကစားသမား ရောင်းချမှု အများအပြား ပြုလုပ်သွားမယ်လို့ မျှော်လင့်ရပြီး ကိုမို အသင်းဆီ ချာလိုဘာ ရဲ့ အပြောင်းအရွှေ့ အပါအဝင် စုစုပေါင်း စတာလင်ပေါင်သန်း (၁၅၀) ကျော် ပြန်လည်ရရှိဖို့ ရှိနေပြီး အလက်ဇန္ဒရို ဂါနာချို ရဲ့ အက်စတွန် ဗီလာ ဆီကို အငှားသွားရောက်မှုကနေ လာမယ့် နွေရာသီမှာ စတာလင်ပေါင်သန်း (၄၀) ဝန်းကျင်နဲ့ အပြီးသတ်ဝယ်ယူနိုင်ခွင့်လည်း ပါဝင်နေပါသေးတယ်။

ဒါပေမယ့် အနောက်လန်ဒန်အသင်းဟာ ပရီးမီးယားလိဂ်ထိပ်သီး 'Big Six' အသင်းတွေထဲမှာ ဝင်ငွေအနည်းဆုံး ရရှိတဲ့အသင်း ဖြစ်နေပါတယ်..။

ဒါဟာအိမ်ကွင်းစတန်းဖို့ဒ် ဘရစ်ချ်ကွင်းရဲ့ အရွယ်အစား၊ စီးပွားရေးပိုင်းဆိုင်ရာ အားနည်းမှု၊ ပြိုင်ဘက်တွေကို မယှဉ်နိုင်တဲ့ အင်္ကျီစပွန်ဆာစာချုပ်၊ အင်္ကျီရင်ဘတ် စပွန်ဆာ မရှိမှုနဲ့ လွန်ခဲ့တဲ့ (၄) ရာသီမှာ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့် (၃) ရာသီအထိ လွဲချော်ခဲ့တာတွေကြောင့် ပါဝင်ပါတယ်။

ဒါ့ကြောင့်ချယ်လ်ဆီးအသင်းဟာ ဆုဖလားတွေ ဆွတ်ခူးဖို့နဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိဖို့ ရည်မှန်းချက် ပိုမိုကြီးမား နေတာကလွဲရင် ဘရိုက်တန်၊ ဘရန့်ဖို့ဒ် နဲ့ ဘုန်းမောက် တို့လို လျော့နည်းနေတဲ့ ဝင်ငွေလိုအပ်ချက်ကို ကစားသမား အရောင်းအဝယ် ပြုလုပ်တာတွေနဲ့ပဲ ပြန်လည်ဖြည့်ဆည်း နေရတဲ့အသင်း ဖြစ်နေပါကြောင်း တင်ဆက်လိုက်ပါတယ်။

(BBC Sports မှ ဆောင်းပါးရှင် Nizaar Kinsella ၏ ‘Chelsea confirm MacPhee as Set Piece Coach as Alonso names staff’ ဆောင်းပါးကို ပြန်ဆိုပါသည်။)