ချယ်လ်ဆီးရဲ့ ရာသီကြို ခရီးစဉ်ဟာ နည်းပြသစ် ဇာဘီ အလွန်ဆို အပေါ်ကိုပဲ အဓိက အာရုံစိုက်ခဲ့ကြတာ ဖြစ်ပေမယ့် အမှန်တော့ မိုင်ပေါင်း (၂၄,၅၆၁) မိုင်၊ နာရီပေါင်း (၅၆) နာရီကြာ ခရီးနှင်ခဲ့ရတဲ့ လေယာဉ်ခရီးစဉ် အဲဒီအစီအစဉ်ဟာ လွန်ခဲ့တဲ့မေလ သူ့ကိုရာထူး မခန့်အပ်ခင် ကတည်းက ပြင်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။
အပြာရောင်တွေဟာ အခုရာသီကြို ပြင်ဆင်မှုတွေ ပြုလုပ်ကြတဲ့ ပရီးမီးယားလိဂ် အသင်းတွေထဲမှာ ခရီးအဝေးဆုံး သွားရောက်ခဲ့တာ ဖြစ်သလို ပြီးခဲ့တဲ့ရာသီက နည်းပြဟောင်း အင်ဇို မာရက်စ်ကာ လက်ထက် အမေရိကန် ခရီးစဉ်ထက် ပိုမိုဝေးကွာတဲ့ခရီးဆန့်ခဲ့တာ ဖြစ်ပါတယ်…။ ချယ်လ်ဆီးအသင်းဟာ ဆစ်ဒ်နီ၊ ဟောင်ကောင် နဲ့ ဂျကာတာ တို့ကို သွားရောက်ခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာ မလေးရှားနိုင်ငံ၊ အစ်စ်ကန်ဒါ ပူထရီ မှာ ခရီးစဉ်ကို အဆုံးသတ်ခဲ့ပါတယ်..။
အဲဒီခရီးစဉ်ဟာ အင်မတန်မှ မောပန်းစရာကောင်းတဲ့ ခရီးရှည်ကြီးတစ်ခု ဖြစ်ခဲ့ပေမယ့် နည်းပြအလွန်ဆို ကတော့ လေယာဉ်ပေါ်က ဆင်းဆင်းချင်း အသင်းဝန်ထမ်းတွေနဲ့အတူ အပြေးလေ့ကျင့်ခန်း ပြုလုပ်ရာမှာ (၁) ကီလိုမီတာကို (၄) မိနစ် (၃၀) စက္ကန့်ဆိုတဲ့ အံ့ဩဖွယ်အရှိန်နှုန်းနဲ့ ပြေးလွှားပြနိုင်ခဲ့ပါတယ်..။ ဒါဟာ လေယာဉ်ခရီးစဉ် မထွက်ခွာမီကလည်း ဝန်ထမ်းတွေရဲ့ ဘောလုံးပွဲမှာ သူပါဝင် ကစားပေးခဲ့သလို ဆင်ခြေဆင်လက် မပေးတဲ့ ယဉ်ကျေးမှုတစ်ခုကို စတင် စိုက်ထူပေးခဲ့တာ ဖြစ်ပါတယ်။
အသက် (၄၄) နှစ်အရွယ် ကမ္ဘာ့ဖလား ချန်ပီယံဟောင်း စပိန်နည်းပြကြီးဟာ အနိုင်ရသွားတဲ့ အသင်းဘက်မှာ ပါဝင်ခဲ့ပြီး သွင်းဂိုးအများစုကို ဖန်တီးပေးခဲ့ပါတယ်..။ ကစားသမားတွေအတွက်ကတော့ အာရှ ခရီးစဉ်မစတင်မီ သီတင်းပါတ်တွေတုန်းက ကော့ဘ်ဟမ် လေ့ကျင့်ရေးကွင်းမှာ တစ်နေ့ကိုနှစ်ကြိမ် ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့တာတွေ အပါအဝင် သူတို့တွေရဲ့ ကြံ့ခိုင်မှုမြှင့်တင်တဲ့အပိုင်းကို အသင်းကိုရောက်လာကတည်းက အကြိမ်ပေါင်းမြောက်မြားစွာ ပြုလုပ်ထားပြီး ဖြစ်ပါတယ်..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းဟာ ခရီးပန်းတာနဲ့ မောပန်းမှုတွေ ရှိနေလင့်ကစား အာရှခရီးစဉ်အတွင်းမှာတော့ နည်းစနစ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေကိုပဲ အဓိကထား လေ့ကျင့်သွားခဲ့ပါတယ်။

လက်ထက် သင်ကြားပေးမှုများနှင့် တစ်ဦးချင်း လေ့ကျင့်ခန်းများ..
ချယ်လ်ဆီးအသင်းဟာ အခုခရီးစဉ်မှာ ခရီးပန်းမယ့်ဒဏ် သက်သာစေဖို့ ကြိုတင်ပြင်ဆင်မှုတွေ အများကြီး ပြုလုပ်ခဲ့ပါတယ်။ အဲယားဘတ်စ် ၃၄၀ လေယာဉ်တစ်စီးကို သီးသန့်ငှားရမ်းခဲ့ရုံ မကဘဲ၊ သြစတြေးလျကို မဆင်းသက်မီ သီရိလင်္ကာနိုင်ငံ၊ ကာတူနာယာက ရှိ ဘန်ဒါရာနိုက်ခ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခေတ္တရပ်နားခဲ့ချိန်မှာလည်း ကစားသမားတွေကို ဆစ်ဒ်နီ စံတော်ချိန်နဲ့ ချက်ချင်းအသားကျစေခဲ့ပြီး အစားအသောက် စားသောက်ပြီးတာနဲ့ အိပ်စက်နားယူဖို့ ညွှန်ကြားခဲ့ပါတယ်။
Sydney FC အသင်းအိမ်ကွင်းဖြစ်တဲ့ Sky Park လေ့ကျင့်ကွင်းဟာ သပ်ရပ်ပြီး အရည်အသွေးမြင့်တဲ့ လေ့ကျင့်ရေး စခန်းတစ်ခု ဖြစ်ခဲ့သလို Allianz ကစားကွင်း မှာ ပြုလုပ်ခဲ့တဲ့ ပရိသတ်တွေရှေ့မှောက် လေ့ကျင့်ရေး အစီအစဉ်ကတော့ အတော်လေး ပေါ့ပေါ့ပါးပါး ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလေ့ကျင့်ရေး အစီအစဉ်မှာ အလွန်ဆို ရဲ့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်သင်ပြတတ်တဲ့ နည်းပြဟန်ကို မီးမောင်းထိုး ပြသသွားခဲ့တာပါ။ ဇာဘီ ဟာ သူ့ရဲ့ဘောလုံးပေးပို့မှု အရည်အသွေးတွေကို ပုံမှန်ပြသနိုင်ခဲ့သလို အက်စ်တီဗာအို ဝီလီယံ ကိုပါ သူအားနည်းတဲ့ ညာခြေနဲ့ ဖြတ်တင်ဘောတွေ ခုတ်တင်ပေးပို့ဖို့ တိုက်တွန်းရင်း စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
ဒါ့အပြင် အလွန်ဆိုဟာ အဲဒီလေ့ကျင့်ရေး အစီအစဉ်အပြီးမှာ (၂၅) ကိုက် အကွာကနေ မြေမကျအဝေးကန်ချက်နဲ့ ဂိုးထဲအပြင်း ကန်သွင်းပြခဲ့သေးတာကြောင့် လီဗာပူးလ်၊ ရီးရဲလ် မက်ဒရစ် နဲ့ ဘေယန် မြူးနစ် တွေမှာ ကျင်လည်ခဲ့စဉ်က ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ယောက်အဖြစ် အသိအမှတ်ပြုစေခဲ့တဲ့ အရည်အသွေးတွေကို ပြန်လည် အမှတ်ရစေခဲ့ပါတယ်။

အင်္ဂလန် နောက်ခံလူ လီဗိုင်း ကိုဝဲလ် ကတော့ အလွန်ဆို ရဲ့ "ဘောလုံးတွေကို အနီးအဝေး တိတိကျကျ ပေးပို့နိုင်စွမ်း" အပေါ် အတော်လေး "မနာလို ဖြစ်ရပါတယ်" လို့ ဝန်ခံခဲ့ပါတယ်။
"မန်နေဂျာဟာ သူ့ခေတ်သူ့အခါမှာ အကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်ခဲ့တဲ့ ထိပ်တန်းကစားသမားကြီး တစ်ဦး ဖြစ်ပါတယ်..။" လို့ ကွင်းလယ်လူ ရိုမီယို လာဗီယာ က ထပ်လောင်း ပြောကြားခဲ့ပါတယ်။ "လေ့ကျင့်ရေး အစီအစဉ်ထဲကို သူဝင်လာတာနဲ့ အဲဒီအရည်အသွေးတွေကို မြင်တွေ့နေရတယ်ဗျ..။
သူဟာ ထိပ်တန်းအဆင့်မှာ ကစားခဲ့ဖူးသူတွေပဲ လုပ်နိုင်တဲ့ပုံစံနဲ့ ဘောလုံးတွေကို အတိအကျ ပေးပို့ပြပါတယ်..။ အထူးသဖြင့် ကွင်းလယ်ကစားသမား တစ်ယောက်အနေနဲ့ သူ့ဆီကနေ သင်ယူခွင့် ရနေတာဟာ အခွင့်အရေးကောင်း တစ်ခုပါပဲ။"
ဒီခရီးစဉ်မှာ အသက် (၁၆) နှစ်၊ (၁၇) နှစ်အရွယ် လူငယ်အများအပြား ပါဝင်ခဲ့ပြီး အထူးသဖြင့် ဆစ်ဒ်နီမှာ မွေးဖွားခဲ့တဲ့ မာဒီ နီကိုးလ်-ဂျာဇူလီ ဟာ ကွင်းလယ်မှာ အထင်ကြီးလောက်တဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြသခဲ့တာကြောင့် အခုရာသီကြိုခရီးစဉ်ရဲ့ အတောက်ပဆုံး လူငယ်ကစားသမားတွေထဲက တစ်ယောက်အဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။
သူဟာ အင်္ဂလန်လူငယ် (အသက် ၁၇ အောက်) အသင်းမှာ ကစားနေပေမယ့် မိခင်ဖြစ်သူရဲ့ ဆစ်ဒ်နီမြို့နဲ့ ဆက်နွှယ်မှုတွေအပြင် အနာဂတ်မှာ သြစတြေးလျ လက်ရွေးစင်အသင်းကို ကိုယ်စားပြု ယှဉ်ပြိုင်လာနိုင်ခြေ ရှိတာကြောင့် သြစတြေးလျ မီဒီယာတွေရဲ့ အကြီးအကျယ် စိတ်ဝင်စားမှု ရရှိခဲ့ပါတယ်။
လူငယ်ကစားသမားတွေကိုတော့ ရုပ်ရှင်ကြည့်ဖို့၊ စက်လှေစီးဖို့နဲ့ ဒေသတွင်းယဉ်ကျေးမှုကို လေ့လာဖို့ အနားယူချိန် ပေးခဲ့သလို ဒါလင်း ဆိပ်ကမ်းကို အပေါ်စီးက မြင်တွေ့ရတဲ့ အဆင့်မြင့်ဟိုတယ်ပေါ်မှာ စားပွဲတင်တင်းနစ်၊ မြှားပစ်နဲ့ ကွန်ပျူတာဂိမ်းတွေ ဆော့ကစားနိုင်အောင် ပြင်ဆင်ပေးထားခဲ့ပါတယ်။

စနေနေ့မှာ ပရိသတ် (၈၀,၀၀၀) ရှေ့မှောက် ယှဉ်ပြိုင်ခဲ့ရတဲ့ စပါးအသင်းနဲ့ ပွဲစဉ်မတိုင်မီ ချယ်လ်ဆီးနဲ့ စပါး ကစားသမားတွေကို လွတ်လွတ်လပ်လပ် လည်ပတ်ခွင့် ပေးခဲ့တဲ့အချိန်ဟာ ဒီခရီးစဉ်ရဲ့ အေးဆေးငြိမ်းချမ်းတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။
ဘွန်ဒိုင်း ကမ်းခြေအနီးမှာ စပွန်ဆာကုမ္ပဏီတွေအတွက် မိတ်ဆက်ပွဲတွေ ပြုလုပ်ခဲ့သလို အခြား လှုပ်ရှားမှုတစ်ခုကတော့ ဟာဘာ တံတားအောက်မှာရှိတဲ့ မြောက်ပိုင်း ဆစ်ဒ်နီ ရေကူးကန်ဆီကို အသင်းလိုက် သွားရောက်ခဲ့တာ ဖြစ်ပါတယ်..။ ကစားသမားတွေဟာ Gym ကစားတာကို အပြီးသတ်ခဲ့ပြီးမှ စပါး (Spa) နဲ့ အိုလံပစ်စံချိန်မီ ရေကူးကန်ကို အသုံးပြု ခွင့်ရခဲ့ကြပါတယ်။ ဂိုးသမား ရောဘတ် ဆန်းချက်ဇ် ကလည်း ပွဲမတိုင်ခင် မနက်ခင်း တီဗီအစီအစဉ်မှာ ပါဝင်ခဲ့ပါသေးတယ်။
အလွန်ဆို ရဲ့ အသင်းဟာ ဆစ်ဒ်နီမြို့မှာ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်နှစ်ပွဲမှာ Western Sydney Wanderers အသင်းကို ၆-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး စပါးအသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်..။ အဲဒီပွဲတွေက ခြေစွမ်းအရ သူ့ရဲ့အသင်းဟာ စတင်၊ တည်ဆောက်နေတဲ့အသင်း အဆင့်ပဲရှိသေးတယ်လို့ ညွှန်ပြနေပေမယ့် နောက်ခံလူ ကိုဝဲလ် ကတော့ ‘အသင်းလိုက် စည်းလုံးမှုကို ဖန်တီးပေးနိုင်ခဲ့တဲ့ စိတ်လှုပ်ရှားဖွယ် ခရီးစဉ်တစ်ခု ဖြစ်ခဲ့တယ်’ လို့ ပြောပြခဲ့ပါတယ်။
ဇာဘီ အလွန်ဆို ဟာ အစပိုင်းအချိန်တွေမှာ ကြံ့ခိုင်မှုကို အဓိကထား လေ့ကျင့်ခဲ့တာကြောင့် မော်ရီစီယို ပိုချက်တီနို ရဲ့ နည်းပြဟန်နဲ့ ဆင်တူခဲ့တယ်လို့ အသင်းတွင်း သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်..။ ဒါပေမယ့် လက်ရွေးစင်အသင်းတွေမှာ ပါဝင်ခဲ့တဲ့ စီနီယာကစားသမားတွေ ပြန်လည်ရောက်ရှိ လာချိန်မှာတော့ နည်းစနစ်ပိုင်းဆိုင်ရာ အယူအဆတွေကိုပါ စတင်မိတ်ဆက် လေ့ကျင့်ပေးခဲ့တယ်လို့ သိရပါတယ်။ စပိန်နည်းပြကြီးဟာ ပထမ (၃) ပွဲမှာ မာရက်စ်ကာ နဲ့ လီယမ် ရိုဆီးနား တို့ အဓိကထား သုံးစွဲခဲ့တဲ့ ၄- ၂- ၃- ၁ ကစားကွက်ပုံစံကို ကြီးကြီးမားမား အပြောင်းအလဲ မပြုလုပ်ခဲ့ပါဘူး။

ပူးတွဲပိုင်ရှင် ဘာဒတ် အဂ်ဘာလီ အပါအဝင် အားကစား ဒါရိုက်တာတွေ ဖြစ်ကြတဲ့ ပေါလ် ဝင်စတန်လေ နဲ့ ဂျိုး ရှီးလ်ဒ်စ် တို့လို အဓိကအရာရှိကြီးတွေဟာ သြစတြေးလျကို ရောက်ရှိနေခဲ့ကြပါတယ်။ အဲဒီကာလအတွင်းမှာ ချယ်လ်ဆီးအသင်းဟာ မက်ဆန့်စ် လာခရော့စ် ၊ ဒယ်နီ ဝဲလ်ဘက်ခ်၊ ဂျော်ဒန် ဟန်ဒါဆန် နဲ့ နောက်ပိုင်းမှာ စပိန် ဘယ်နောက်ခံလူ ပက်ပ် ချာဗာရီယာ တို့ရဲ့ အပြောင်းအရွှေ့ကိစ္စတွေကို လုပ်ဆောင်နေခဲ့တာကြောင့် အချိန်ကွာခြားချက် မတူညီတဲ့ကြားကနေ အပြောင်းအရွှေ့လုပ်ငန်းတွေ ဆက်လက် လည်ပတ်နေတာ ထင်ရှားခဲ့ပါတယ်။
ဒါ့အပြင် အလွန်ဆို ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီး နောက်ကျပြီးမှ ရောက်ရှိလာကြတဲ့ မွိုက်စ် ကိုင်ဆီဒို နဲ့ နီကိုလက်စ် ဂျက်ဆင် တို့ကို သီးသန့် ခွဲထုတ်ပြီး နည်းပြအဖွဲ့ဝင်တွေဆီက ဘောလုံးပေးပို့မှုတွေ လက်ခံယူရင်း ကြံ့ခိုင်မှုကို စမ်းသပ်တဲ့ တစ်ဦးချင်း လေ့ကျင့်ရေး အစီအစဉ်တွေကို ပြုလုပ်ပေးနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
သြစတြေးလျ ခရီးစဉ်အတွင်းမှာ ကိုးလ် ပါးမား ရဲ့ ပထမဆုံးအကြိမ် ပွဲကြိုသတင်းစာရှင်းလင်းပွဲနဲ့ စတင်၊ ဖွင့်လှစ်ပေးခဲ့ပြီး သူဟာပေါ့ပေါ့ပါးပါး ပြုံးပြုံးရွှင်ရွှင် တုံ့ပြန်ခဲ့ရင်း ပွင့်လင်းပြတ်သားတဲ့ နည်းလမ်းနဲ့ ဆွဲဆောင်နိုင်စွမ်း ရှိသူတစ်ဦး ဖြစ်တယ်ဆိုတာ ပေါ်လွင်စေခဲ့ပါတယ်။
အလွန်ဆို ဟာ ပါးမား ရဲ့ ကြံ့ခိုင်မှုနဲ့ နိုင်ပွဲဆာလောင်စိတ် ထက်သန်မှုတွေအပေါ် အထူးသဘောကျခဲ့ပြီး ခရီးစဉ်အတွင်း လူငယ်ကစားသမားတွေနဲ့ ဆက်ဆံပုံတွေမှာ သူ့ရဲ့ပြင်းပြတဲ့ စိတ်ဆန္ဒတွေကို ထင်ဟပ်၊ ပေါ်လွင်ခဲ့တာကြောင့် သူ့ကို "ခေါင်းဆောင်တစ်ဦး" အဖြစ် တင်စား ပြောကြားခဲ့ပါတယ်။

စူပါစတား ကစားသမားများနဲ့ တည်ကန်ဘော လေ့ကျင့်ခန်းများ..
ဟောင်ကောင်ကို နောက်ထပ် (၁၀) နာရီကြာ သီးသန့်လေယာဉ် ခရီးဆက်ခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းဟာ ကယ်ရီဟိုတယ်လ် မှာ တည်းခိုခဲ့ပါတယ်..။ ဒေသခံပရိသတ်တွေကတော့ သူတို့ရောက်လာချိန်မှာ ဓာတ်ပုံရိုက်ဖို့နဲ့ အမှတ်တရလက်မှတ် ရယူနိုင်ဖို့ မျှော်လင့်ချက်တွေနဲ့ ကြိုတင်၊ ရောက်ရှိ စုဝေးခဲ့ကြပါတယ်။
အသင်းသားတွေအပေါ် အဲဒီလိုဂရုစိုက် စိတ်ဝင်စားမှုတွေက အပြုသဘောဆောင်နေပေမယ့် လုံခြုံရေးတွေကို ပိုမို တိုးမြှင့်၊ ချထားခဲ့ရပြီး၊ တချို့ပရိသတ်တွေဆိုရင် ကစားသမားတွေကို ဓာတ်လှေကားတွေ၊ အများသုံးနေရာတွေမှာ တွေ့ဆုံနိုင်ဖို့ မျှော်လင့်ချက်တွေနဲ့ အဲဒီဟိုတယ်မှာ အခန်းကြိုတင်မှာယူ၊ စောင့်ဆိုင်းတာမျိုးအထိ ပြုလုပ်ခဲ့ကြပါတယ်..။
စပါးအသင်းနဲ့ပွဲမှာ အသေးစားဒဏ်ရာတွေကြောင့် မပါဝင်နိုင်ခဲ့တဲ့ ပါးမား နဲ့ ကိုဝဲလ် တို့ကို ဈေးဝယ်ထွက်ဖို့ လွတ်လပ်ခွင့် ပေးခဲ့ပေမယ့်၊ သူတို့တွေရဲ့နောက်ကနေ တကောက်ကောက် လိုက်ပါ၊ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို ကြည့်လိုက်မယ်ဆိုရင် သူတို့ကို ဘယ်လောက်အထိ လူသိများတယ်.. ဆိုတာ ပြသနေခဲ့ပါတယ်။ ဟောင်ကောင်မှာ ရှိနေစဉ် အချိန်အတွင်းမှာပဲ မိုင်ဟေးလ်လို မူဒရပ်ခ် ဟာ ဝဲလ်ဘက်ခ်၊ မိုက် ပန်ဒါးစ်၊ ဂျီယိုဗာနီ ကွန်ဒါ နဲ့ ဂါဘရီယယ် စလိုနီနာ တို့နဲ့အတူ အသင်းဆီ လာရောက် ပူးပေါင်းခဲ့တာပါ။
မူဒရပ်ခ် ရောက်ရှိတာဟာ ကြိုတင်၊ ပြင်ဆင်ထားတာ မဟုတ်ပါဘူး..။ ယူကရိန်း တောင်ပံ ကစားသမားဟာ တားမြစ်ဆေးဝါး စစ်ဆေးတွေ့ရှိခဲ့မှုကြောင့် လပေါင်း (၂၀) နီးပါး ပွဲပယ်ခံခဲ့ရပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းကတော့ သူ့ကိုအသင်းရဲ့ ကစားသမားတစ်ဦးအဖြစ်နဲ့ပဲ သတ်မှတ်ထားဖို့ ရွေးချယ်ခဲ့ပါတယ်။

ယူကရိန်း တောင်ပံ ကစားသမားရဲ့ ဟောင်ကောင်ကို ထွက်ခွာလာတဲ့ ခရီးစဉ်တစ်လျှောက်လုံးမှာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှုတွေ ရရှိခဲ့ပါတယ်..။ သူဟာ ပရိသတ်ရှေ့မှောက် ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဉ်အတွင်းမှာလည်း သောင်းသောင်းဖျဖျ ကြိုဆိုမှု ရရှိခဲ့သလို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဂျုဗင်တပ်စ်အသင်းနဲ့ ပွဲစဉ်မှာ လူစားဝင် ကစားသမားအဖြစ် ပြန်လည် ပါဝင်ခဲ့ပါတယ်..။ ဒါ့အပြင် ဂျိုဟိုး ဒါရု တာဇင် အသင်းနဲ့ ၃-၃ ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ နောက်ကျ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ရာသီကြို ခရီးစဉ် ရှုထောင့်ကနေကြည့်ရင် မူဒရပ်ခ် ထက်ပိုပြီး အရေးပါခဲ့သူကတော့ တည်ကန်ဘောတွေကို သီးသန့် တာဝန်ယူမယ့် နည်းပြသစ် အော်စတင် မက်ခ်ဖီး ပါ ဟောင်ကောင်ကို ရောက်ရှိလာခဲ့ပြီး လေ့ကျင့်ရေး အစီအစဉ်တွေမှာ အဓိကအခန်းကဏ္ဍကနေ ချက်ချင်းပါဝင်ခဲ့တာ ဖြစ်ပါတယ်။
အက်စတွန် ဗီလာ အသင်းမှာ အောင်မြင်တဲ့ ကာလတစ်ခုကို ဖြတ်သန်းခဲ့တဲ့ စကော့တလန်သား နည်းပြဟာ လေ့ကျင့်ရေး မှတ်စုစာအုပ်ကို လက်ကကိုင်၊ အကူနည်းပြတွေကို ခံစစ်တံတိုင်းတွေအဖြစ် အသုံးပြုပြီး လေ့ကျင့်ရေး အစီအစဉ် တစ်လျှောက်လုံး ညွှန်ကြားချက်တွေကို မနားတမ်း အော်ဟစ် ညွှန်ကြားခဲ့ပါတယ်။ အဲဒီလိုအားဖြည့်နိုင်မှုဟာ အလွန်ဆို ရဲ့ တိုက်စစ် ကစားကွက် ပုံစံတွေကို ပိုမိုပေါ်လွင် လာတာနဲ့အမျှ နည်းစနစ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေကို သိသိသာသာ ဇောင်းပေး၊ တိုးမြှင့်လာကိုလည်း မြင်တွေ့ခဲ့ရပါတယ်..။
ဟောင်ကောင်မြို့ရဲ့ ကမ္ဘာ့အဆင့်မီ Kai Tak ကစားကွင်းကြီးအတွင်းမှာ ဂျုဗင်တပ်စ်အသင်းကို ၁- ၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အလွန်ဆို ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အယူအဆတွေကို ကစားသမားတွေရဲ့ နားလည်လာမှု ပိုမိုကောင်းမွန်လာတာ ထင်ရှားခဲ့ပါတယ်..။ အဲဒီပွဲစဉ်မှာ ကွင်းထဲက မြက်ခင်းရဲ့မျက်နှာပြင် မကောင်းမွန်မှုကြောင့် နှစ်သင်းစလုံး ကစားရတာ ခက်ခဲခဲ့ပါတယ်..။

သတ်မှတ်ထားတဲ့ အနားယူရက်မှာတော့ အလွန်ဆို၊ အသင်းဝန်ထမ်းတွေနဲ့ ကစားသမားအချို့ဟာ ဂေါက်သီးရိုက် အပန်းဖြေခဲ့ကြသလို၊ အချို့ကတော့ အပြင်ထွက်ပြီး စားသောက်ခြင်း၊ Virtual Reality ဂိမ်း ကစားကြခြင်းနဲ့ အချို့ကတော့ Tian Tan ဗုဒ္ဓရုပ်ပွားတော်ကြီးဆီ သွားရောက်ဖူးမျှော်၊ လည်ပတ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။
"ကျွန်တော်တို့ဟာ ဒီနှစ်ပါတ်အတွင်း ဘောလုံးမှာတင်မကဘဲ ပုဂ္ဂိုလ်ရေးပိုင်းအရပါ တစ်ယောက်နဲ့တစ်ယောက် ပိုမို ရင်းနှီးကျွမ်းဝင်ခဲ့တယ်..၊ အများကြီး သင်ယူခဲ့ရပါတယ်။" လို့ အလွန်ဆို က ပြောကြားခဲ့ပါတယ်။
စိုထိုင်းဆကြောင့် (၃၉) ဒီဂရီ စဲလ်စီးယပ်စ်လောက်အထိ ပူပြင်းတယ်လို့ ခံစားရတဲ့အပူချိန်ကို ရှောင်ရှားဖို့အတွက် လေ့ကျင့်ရေး အစီအစဉ်တွေကို ညနေပိုင်းရောက်မှပဲ ပြုလုပ်ခဲ့ရပါတယ်။ ဟောင်ကောင်ဟာ အင်ဒိုနီးရှားနဲ့ မလေးရှားတွေဆီကို တိုတောင်းတဲ့ခရီးစဉ်တွေ မသွားရောက်မီ ဒုတိယမြောက် စခန်းချရာနေရာ ဖြစ်ခဲ့ပါတယ်။
စနေနေ့က အေစီ မီလန်အသင်းနဲ့ ပွဲစဉ်မှာတော့ ရာသီကြို ခရီးစဉ်အတွင်း ချယ်လ်ဆီးရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမားဖြစ်တဲ့ ဂျာအို ပီဒရို က (၂) ဂိုးသွင်းပြီး ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်..။ ဘရာဇီးလ် တိုက်စစ်မှူးဟာ ကွင်းပိတ်လေ့ကျင့်ရေး ပွဲစဉ်တွေ အပါအဝင် ကစားခွင့်ရတဲ့ (၆) ပွဲမှာ (၆) ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
အခုနွေရာသီရဲ့ အကောင်းဆုံး ရလဒ် ဖြစ်ခဲ့တဲ့ ဒီပွဲမှာ တည်ကန်ဘော နည်းပြသစ် မက်ခ်ဖီး ရောက်ရှိလာပြီး တစ်ပတ်အကြာမှာပဲ ထောင့်ကန်ဘောကနေ (၂) ဂိုး ရရှိခဲ့ပါတယ်..။ ဒါ့အပြင်အလွန်ဆို ဟာ ၂၀၂၄ ခုနှစ်တုန်းက ဘေယာ လေဗာကူဆင်အသင်းနဲ့ ဘွန်ဒက်စ်လီဂါ ဖလားကို ဆွတ်ခူးစဉ်က အသုံးပြုခဲ့တဲ့ နောက်ခံ (၃) ယောက်နဲ့ Wing-backs တွေကို အသုံးပြု ကစားခဲ့တဲ့ ကစားကွက် အခင်းအကျင်းကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ပါတယ်။

တနင်္ဂနွေနေ့က မလေးရှားချန်ပီယံ ဂျိုဟိုး ဒါရု တာဇင် အသင်းနဲ့ ပွဲမှာတော့ ကစားသမား အပြောင်းအလဲ အများကြီး ပြုလုပ်ခဲ့ပါတယ်..။ လူငယ် ကစားသမား အများအပြား ပါဝင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လီယမ် ဒီလပ်ရဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောတွေကနေ သွင်းယူပေခဲ့တဲ့ (၂) ဂိုး အပါအဝင် ပွဲပြီးခါနီး (၈၉) မိနစ်မှာ အန်တိုနီယို ဂလော်ဒါ က ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာကြောင့် ချယ်လ်ဆီးအသင်း သရေရလဒ် ရရှိခဲ့ပါတယ်။
ခြုံပြောရရင်တော့ ချယ်လ်ဆီးအသင်းဟာ အခုရာသီကြိုခရီးစဉ်အတွင်း ခရီးမိုင်အဝေးကြီးသွားခဲ့ရတာ၊ စပွန်ဆာပွဲစဉ်တွေ များပြားခဲ့တာနဲ့ ကွင်းမြက်ခင်းမျက်နှာပြင် မကောင်းမွန်တာတွေ အပါအဝင် အပြည့်အဝ စိတ်တိုင်းမကျစရာ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အခုအချိန်မှာတော့ သူတို့ဟာ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းကြီးမှာ လာမယ့် သြဂုတ် ၁၅ ရက်၊ စနေနေ့ကျရင် အခုရာသီကြို ပြင်ဆင်မှုတွေရဲ့ နောက်ဆုံးခြေစမ်းပွဲအဖြစ် အလွန်ဆို ရဲ့အသင်းဟောင်း ရီးရဲလ် ဆိုစီဒက် အသင်းနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်..။ သြဂုတ် (၂၄) ရက်၊ တနင်္လာနေ့မှာတော့ ဖူလ်ဟမ် အသင်းဆီ သွားရောက်ပြီး ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ယှဉ်ပြိုင်ရမှာပါ..။ နည်းပြအလွန်ဆို နဲ့ ချယ်လ်ဆီးကစားသမားတွေဟာ အဲဒီပွဲစဉ်မကစားမီ ကော့ဘ်ဟမ်း လေ့ကျင့်ကွင်းမှာ အားပြန်ဖြည့်ဖို့ နှစ်ပါတ်အချိန်ရရှိမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့်ချယ်လ်ဆီးအသင်းရဲ့ အခုနွေရာသီ ဩစတြေးလျနဲ့ အာရှတိုက်ခရီးစဉ်ဟာ ပင်ပန်းမှုတွေ ရှိခဲ့လင့်ကစား၊ ပြီးခဲ့တဲ့ရာသီတုန်းက ကြုံခဲ့ရတဲ့ ပြဿနာတွေအပြီး ချယ်လ်ဆီးအသင်းရဲ့ ကံကြမ္မာကို ပြန်လည် မြှင့်တင်ပေးဖို့ ကြိုးပမ်းနေတဲ့ အလွန်ဆို အတွက် အသင်းရဲ့ယဉ်ကျေးမှုသစ်တစ်ရပ် ပြန်လည်တည်ဆောက်နိုင်ခဲ့တဲ့ ခရီးစဉ်တစ်ခု အဖြစ် သတ်မှတ်နိုင်ပါကြောင်း တင်ဆက်လိုက်ပါတယ်။
(BBC Sports မှ ဆောင်းပါးရှင် Nizaar Kinsella ၏ ‘Mudryk's emotional return and 'leader' Palmer - inside Chelsea's pre-season’ ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆို၊ ရေးသားပါသည်..။)