feature-image

‘ရော်ဂျားစ် + ပါးမား’ အတွဲအစပ်နဲ့ အလွန်ဆို ရဲ့ ချယ်လ်ဆီးအသင်း

မော်ဂန် ရော်ဂျားစ် ဟာ အက်စတွန် ဗီလာကနေ ချယ်လ်ဆီးအသင်းဆီကို စတာလင်ပေါင် (၁၁၇) သန်းနဲ့ ပြောင်းရွှေ့ပြီးပြီးချင်းမှာပဲ သူ့ရဲ့အရင်းနှီးဆုံး သူငယ်ချင်းတွေထဲက တစ်ဦးဖြစ်တဲ့ ကိုးလ် ပါးမား နဲ့ ပတ်သက်ပြီး "ကျွန်တော်တို့ အတူတူ ကစားချင်ကြတယ် လို့ ပြောဖြစ်နေခဲ့ကြတာ အတော်လေး ကြာပါပြီ။" လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

“သူကကျွန်တော့်ဆီကို ဆက်တိုက် ဖုန်းတွေခေါ်၊ မက်ဆေ့ချ်တွေ ပို့နေခဲ့ပြီး ကျွန်တော်ကလည်း သူနဲ့အတူ တွဲဖက်၊ ကစားရမယ့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေပါတယ်..။ ကိုယ့်ရဲ့အကောင်းဆုံး သူငယ်ချင်းတွေထဲက တစ်ယောက်နဲ့အတူ တွဲဖက်၊ ကစားခွင့်ရတာ၊ သူ့ဘေးမှာ နေ့စဉ်နေ့တိုင်း ရှိနေခွင့်ရတာဟာ တကယ့်ကို ထူးခြားတဲ့အရာတွေ ဖြစ်ပါတယ်..။ အဲဒီအခွင့်အရေးအတွက် ကျွန်တော်ဟာ တကယ်ကို မစောင့်နိုင်အောင် ရင်တွေခုန်နေရပါတယ်..။”

သူတို့နှစ်ဦးစလုံးဟာ အတူတူ ကစားခွင့်ရဖို့ ဆန္ဒပြင်းပြနေကြပေမယ့် နည်းပြသစ် ဇာဘီ အလွန်ဆို  အနေနဲ့ အခုလိုပုံစံတူ ကစားသမားနှစ်ဦးကို ကောင်းကောင်း အံဝင်ခွင်ကျဖြစ်စေမယ့် ကစားကွက်ပုံစံတစ်ခု ရှာဖွေနိုင်ပါ့မလား?

ပထမဆုံးအနေနဲ့ ရော်ဂျားစ် ရဲ့ အားသာချက်၊ သူ့ရဲ့အရည်အသွေးတွေကို အသေးစိတ် လေ့လာပြီးမှသာ နည်းပြအလွန်ဆို အနေနဲ့ သူ့ရဲ့အသင်းကို ဘယ်လိုပုံစံ ပွဲထုတ်၊ ပြင်ဆင်လာနိုင်မလဲ? ဆန်းစစ်၊ သုံးသပ်ကြည့်ပါမယ်။



မော်ဂန် ရော်ဂျားစ် ရဲ့ ကစားဟန်…

အသက် (၂၃) နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် တိုက်စစ်အားသန် ကွင်းလယ် ဖန်တီးရှင်ရဲ့ ကစားဟန်ကို နေရာတစ်ခုတည်းမှာ သတ်သတ်မှတ်မှတ် ဖော်ပြနိုင်ဖို့ ခက်ခဲပါတယ်။ တခြားကစားသမားတွေနည်းတူ သူတို့ဆီက အကောင်းဆုံး စွမ်းဆောင်ရည် ရရှိဖို့ဆိုရင် ကစားသမားတိုင်းဟာ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် စွမ်းဆောင်နိုင်စွမ်း ရှိတယ်ဆိုတာကို နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ကစားသမားတစ်ယောက်ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်.. ဆိုတာကလည်း သူ့ရဲ့အနားမှာ ဝန်းရံနေကြတဲ့ အသင်းဖော်တွေရဲ့  သက်ရောက်မှုအပြင် ပြိုင်ဘက်တွေရဲ့ ကစားကွက် အခင်းအကျင်း၊ ပွဲချဉ်းကပ်ပုံတွေအပေါ် မူတည်ပြီးတော့လည်း ပြောင်းလဲသွားနိုင်ပါတယ်..။

အက်စတွန် ဗီလာ နည်းပြ အူနိုင်း အမ်မရီ ဟာ ပြီးခဲ့တဲ့ရာသီမှာ သူတို့ရရှိခဲ့တဲ့ အောင်မြင်မှုတွေမှာ ရော်ဂျားစ် ကို အဓိကအရေးပါတဲ့ အခန်းကဏ္ဍကနေ သုံးစွဲခဲ့ပြီး အဲဒီအချက်ဟာ အခုလို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ဖြစ်ပေါ်လာစေဖို့ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။

အမ်မရီ ရဲ့ ကစားကွက်ဟာ မာကျော၊ ကျစ်လျစ်တဲ့ ခံစစ်အထိုင်ပေါ်မှာ အခြေခံ၊ တည်ဆောက်ထားတာဖြစ်ပြီး ဘောလုံးခြေထဲမရှိချိန် (off the ball) ခံစစ်ထိုင်တဲ့အခါမှာ ၄- ၄- ၂ ပုံစံ ခပ်ဆင်ဆင် ပြောင်းလဲလေ့ရှိပါတယ်။ ဗီလာအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုကို ဦးစားမပေးပဲ အချိန်အတော်ကြာ ခံစစ်ပိတ်ကစားလေ့ရှိပြီး ဘောလုံးရလာတာနဲ့ နေရာလွတ် အကျယ်ကြီးတွေဆီ လျှင်မြန်လှတဲ့အရှိန်နဲ့ ထိုးဖောက်၊ တိုက်စစ်ဆင်လေ့ ရှိပါတယ်။

အဲဒီကစားဟန်ဟာ လျှင်မြန်မှု၊ ကြံ့ခိုင်မှု ကောင်းမွန်ပြီး အဝေးကန်ချက်တွေ ထူးချွန်လှတဲ့ ရော်ဂျားစ် နဲ့ အင်မတန် ကိုက်ညီမှုရှိပါတယ်..။ ပြီးခဲ့တဲ့ရာသီမှာ သူဟာ ၄-၂-၃-၁ ကစားကွက်ရဲ့ ဘယ်တောင်ပံမှာ အများဆုံးကစားခဲ့ပြီး တောင်ပံကနေ အတွင်းဘက်ဆီ ချိုးဝင်ကာ ဘယ်နောက်ခံလူကို တောင်ပံကနေ ဘောလုံးအရယူ၊ ထိုးဖောက်စေဖို့ နေရာလွတ် ချန်ထားပေးခဲ့ပါတယ်။



အပေါ်ကပူးတွဲပုံမှာ ပြထားတဲ့အတိုင်း သူဟာဂိုးပေါက်ရဲ့ရှေ့ ညာဘက်ခြမ်းကို ရောက်လာတာနဲ့ သူ့ရဲ့အားသန်တဲ့ ညာခြေနဲ့ အဝေးဂိုးထောင့်ဆီကို ကွေ့ဝှိုက်ကန်သွင်းလေ့ ရှိသလို၊ နောက်ဆုံးစက္ကန့် ရောက်တော့မှ အနီးထောင့်ထဲကိုချိုးပြီး ရုတ်တရက် ကန်သွင်းယူတာမျိုးကိုလည်း လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်စွမ်း ရှိတဲ့ခဲ့သူ ဖြစ်ပါတယ်..။

ဘောလုံးခြေထဲမရှိချိန် ခံစစ်ကစားတဲ့အခါမှာတော့ ရော်ဂျားစ် ဟာ အမ်မရီ ရဲ့ ၄- ၄- ၂ ကစားကွက်ထဲမှာ ဘယ်တောင်ပံ ကွင်းလယ် ကစားသမားအဖြစ် နေရာယူပေးလေ့ရှိပေမယ့် တိုက်စစ်မှူးနှစ်ယောက်နဲ့အတူ ဖိအားပေး၊ လိုက်လံလုယူတာကို (pressing) လည်း ပြုလုပ်နိုင်စွမ်း ရှိပါတယ်။

သူ့ရဲ့ နေရာစုံမှာ လိုက်လျောညီထွေ ကစားနိုင်မှု (positional versatility) ကြောင့် အတွင်းကို ချိုးဝင်လေ့ရှိတဲ့ တောင်ပံကစားသမား (narrow winger) အဖြစ် ဘယ်တောင်ပံရော၊ ညာတောင်ပံ တိုက်စစ်နှစ်ဖက်လုံးမှာပါ ကစားနိုင်ပါတယ်..။ အဲဒီကနေတစ်ဆင့် အထောက်တိုက်စစ်မှူးတစ်ယောက် ပုံစံအတိုင်း တိုက်စစ်လမ်းကြောင်းဖွင့်၊ ပြေးဝင်မှုတွေကိုပါ လုပ်ဆောင်ပေးနိုင်သူ ဖြစ်ပါတယ်..။ သူဟာ ဘောလုံးခြေထဲရှိချိန်မှာရော၊ ကိုယ့်အသင်းရဲ့ခြေထဲ ဘောလုံးမရှိချိန်မှာပါ အရှိန်အဟုန်အပြည့် တိုက်ရိုက် ပြေးလွှား.. ထိုးဖောက်မှုနဲ့အတူ အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ပေးနိုင်တဲ့သူ ဖြစ်ပါတယ်..။

မော်ဂန် ရော်ဂျားစ် ကို ချယ်လ်ဆီးအသင်းမှာ အံဝင်အောင် ဘယ်လိုနေရာချထားမှာလဲ..?

အလွန်ဆို ရဲ့ ကစားကွက်စနစ်မှာ အဓိက လွှမ်းမိုးထားတဲ့ နည်းစနစ်ပိုင်း ဒဿနတွေရှိနေပြီး စပိန်နည်ပြဟာ ဘောလုံး ပိုင်ဆိုင်မှု အသားစီးနဲ့ ပွဲကိုစိုးမိုးထားချင်သလို ပွဲချိန်အများစုကို ပြိုင်ဘက်အသင်းရဲ့ ကွင်းဘက်ခြမ်းထဲမှာပဲ တိုက်စစ်ဆင် ထိုးဖောက်သွားဖို့ ကြိုးစားလေ့ရှိပါတယ်။ အဲဒီနည်းစနစ် အယူအဆဟာ ဗီလာအသင်းမှာ ရော်ဂျားစ် ဆီက အကောင်းဆုံး စွမ်းဆောင်ရည် ထွက်ပေါ်လာစေခဲ့တဲ့ ကစားဟန် ပုံစံနဲ့တော့ ကွဲပြား၊ ခြားနားနေပါတယ်။

အဲဒီအချက်ဟာ စိုးရိမ်စရာ သတိပေးခေါင်းလောင်းသံ ဖြစ်လာနိုင်ပေမယ့် ပြီးခဲ့တဲ့ရာသီတုန်းမှာ ပြိုင်ဘက်အသင်းရဲ့ ခံစစ်ဇုန်ထဲအထိ တစ်ဦးချင်းလူကပ် အတင်းလိုက် ဖိအားပေးလုယူမှု (man-to-man pressure) တွေကို အသုံးပြုတာ ပိုမိုများပြားလာခဲ့တာကြောင့် ကစားကွက်ကို ခံစစ်ကြောင်းကနေ စတင်တည်ဆောက်ရတာ (playing out from the back) ပိုပြီးခက်ခဲ လာခဲ့ပါတယ်။

အဲဒီလို man-to-man press ကို တုံ့ပြန်တဲ့အနေနဲ့ လိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းတွေဟာ Hold up play ကောင်းမွန်တဲ့သူတွေ၊ ဘောလုံးဆွဲယူ သယ်ဆောင်သွားစွမ်း ရှိသူတွေနဲ့ ပြိုင်ဘက် ကစားသမားတွေကို တစ်ဦးချင်း ကျော်ဖြတ်နိုင်စွမ်း ရှိသူတွေကို ဦးစားပေး ခေါ်ယူခဲ့ကြပါတယ်..။

ပြိုင်ဘက်အသင်းတွေက တစ်ဦးချင်း လူကပ်ကစားတာကို ဦးစားပေးလာတာနဲ့အမျှ ဘောလုံးပွဲတစ်ပွဲဟာ ကစားသမားတွေ တစ်ဦးချင်း ရင်ဆိုင်ပွဲတွေလို (one-against-one duels) ဖြစ်လာခဲ့တာကြောင့် နောက်ခံလူတွေကို တစ်ဦးချင်း ကျော်ဖြတ်နိုင်တဲ့ ကစားသမားတွေဟာ အလွန်ပဲတန်ဖိုး ရှိလာခဲ့ပါတယ်။



ဒါ့အပြင် တစ်ဘက်အသင်းရဲ့ အတင်းလိုက်.. ပြင်းထန်တဲ့ ဖိအားပေးမှုတွေကို ရင်ဆိုင်ရတဲ့အခါ အသင်းတွေဟာ ခံစစ်ကြောင်းကနေ ကစားကွက်ကို စတင်တည်ဆောက်တဲ့ (build-up) ပုံစံကို အသုံးမပြုတော့ပဲ တိုက်စစ်မှူးတွေဆီကို အဝေးပေးစနစ်နဲ့ တိုက်ရိုက်ပေးပို့ဖို့ကို ရွေးချယ်လာခဲ့ ကြပါတယ်။ ရော်ဂျားစ်  ဟာ ခံစစ်ကြောင်းကနေ တိုက်ရိုက်ပေးပို့လိုက်တဲ့ ဘောလုံးတွေကို လက်ခံရယူနိုင်စွမ်း ကောင်းမွန်တဲ့သူ ဖြစ်ပါတယ်..။

အလွန်ဆို ဟာ ဘောလုံးပိုင်ဆိုင်မှုကို အခြေခံတဲ့ နည်းပြတစ်ဦး ဖြစ်ပေမယ့် တစ်ဦးချင်း လူကပ်ပြီး ဖိအားပေးမှုတွေ (man-to-man pressure) ကို ဖြေရှင်းနိုင်ဖို့ ပြောင်းလွယ်ပြင်လွယ်ရှိမှုနဲ့ ပါးနပ်လိမ္မာမှု ရှိကြောင်း ပြသထားခဲ့သူ ဖြစ်ပါတယ်။

ချယ်လ်ဆီး နည်းပြဟာ အနီးပေးပို့မှုတွေကို ဦးစားပေးလေ့ရှိတဲ့ နည်းပြတစ်ဦးအဖြစ် သတ်မှတ်ခံရပေမယ့် တစ်ကွင်းလုံးအနှံ့ အနီးကပ်ဖိအားပေး၊ ကစားလေ့ရှိတဲ့ အတ္တလန်တာအသင်းကို ၂၀၂၄ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ လက်တွေ့ကျကျ သုံးသပ်မှု၊ အမြင်တစ်ခုကို အခုလိုပြောပြခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ first phase အဆင့်မှာ ပေးပို့မှုတွေ အများကြီးနဲ့ ကစားကွက်တည်ဆောက်ဖို့ ကြိုးစားခဲ့တာ ဖြစ်နိုင်ပါတယ်။ တကယ်တော့ သူတို့အသင်းက first phase မှာ အတင်းလိုက် pressing လုပ်လာမယ့် ကစားသမားကို ဆွဲထုတ်ပြီးရင် အဝေးဘောတွေကို ပိုပြီးသုံးခဲ့သင့်ပါတယ်..။” လို့ သူက ပြောခဲ့ပါတယ်။

တစ်ဦးချင်း အတင်းလိုက် ဖိအားပေးမှု (man-to-man pressing) ကို အဓိက အသားပေးလာတဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ အပြောင်းအလဲတွေကြောင့်ကစားကွက်ခင်းကျင်းဖို့ အကျပ်အတည်း ကြုံလာချိန်မှာ ရော်ဂျားစ်ဟာ အလွန်ဆို အတွက် ထိရောက်တဲ့ ဖြေရှင်းမှုတစ်ခု ပေးစွမ်းနိုင်ပါလိမ့်မယ်။



ရော်ဂျားစ် နဲ့ ပါးမား ကို ဘယ်လိုပုံစံနဲ့ တွဲဖက်ကစားမလဲ..?

ရော်ဂျားစ် နဲ့ ပါးမား တို့ နှစ်ဦးစလုံးဟာ ချယ်လ်ဆီးအသင်းမှာ ဘယ်လိုအကြောင်းတွေကြောင့် အတူတူ တွဲဖက်ခြေစွမ်းပြပြီး ပွဲကိုစိုးမိုးနိုင်မလဲ? ဆိုတဲ့ မေးခွန်းကို ဖြေဆိုနိုင်ဖို့ အလွန်ဆို ရဲ့ ကစားကွက် ပြင်ဆင်ပုံ သဘောတရားကို နားလည်သဘောပေါက်ဖို့ လိုအပ်နိုင်ပါတယ်။

စပိန်နည်းပြဟာ နောက်တန်း (၄) ယောက်စနစ်ပဲဖြစ်ဖြစ်၊ (၅) ယောက်တန်းစနစ်နဲ့ပဲဖြစ်ဖြစ် ခင်းကျင်းနိုင်ပေမယ့် တိုက်စစ်ဆင် ဘောလုံးပိုင်ဆိုင်ထားချိန်မှာ ၃- ၂- ၂- ၃ ဒါမှမဟုတ် ၃- ၂- ၅ ပုံစံနဲ့ပဲ ကစားကွက် တည်ဆောက်သွားမှာပါ။ ဗီလာအသင်းမှာတုန်းက ရော်ဂျားစ် ရဲ့ အကောင်းဆုံး အခိုက်အတန့် အများစုကို ဘယ်တောင်ပံအတွင်းဘက် တိုက်စစ်နေရာ (inside-left channel) မှာ တွေ့မြင်ခဲ့ရပါတယ်..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်း ဘောလုံးခြေထဲရှိချိန် (in possession) တွေမှာ အလွန်ဆို ဟာ သူ့ကိုအဲဒီနေရာမှာပဲ နေရာချထား ပြင်ဆင်လာဖွယ် ရှိပါတယ်။



ဒါဆိုရင် ဘယ်တောင်ပံ ဘေးစည်းတစ်လျှောက် (width) အတက်အဆင်းလုပ်ဖို့ အခြားကစားသမား တစ်ယောက်ကို တာဝန်ပေးရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ..။ ဒါ့ကြောင့်နောက်တန်း (၅) ယောက်စနစ်နဲ့ ခံစစ်ကစားခဲ့ရင် Wing back ဟာ တောင်ပံတစ်လျှောက် အတက်အဆင်း ပြုလုပ်ရမှာဖြစ်ပြီး နောက်တန်း (၄) ယောက်စနစ် ဆိုရင်တော့ တောင်ပံတိုက်စစ်မှူး (winger) က အဲဒီတာဝန်ကို ရယူရပါလိမ့်မယ်.. ။ ဒါ့ကြောင့် ရော်ဂျားစ် ဟာ  နောက်တန်း (၄) ယောက်စနစ် မှာဆိုရင် အလယ်ဗဟို တိုက်စစ်ကို ပိုပြီးဦးစားပေးတဲ့ နေရာကနေ တာဝန်ယူရဖို့ များပါတယ်။

အလွန်ဆို ဟာ ရော်ဂျားစ် ကို ခေါ်ယူဖို့ အပြည့်အဝ ထောက်ခံခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ တိုက်စစ်နေရာစုံမှာ ကစားနိုင်တဲ့စွမ်းရည်ကြောင့်ဖြစ်ပြီး သူဟာအာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ အင်္ဂလန်အသင်းရဲ့ ညာတောင်ပံ တိုက်စစ်မှူးအဖြစ် ကစားပြ၊ သက်သေပြခဲ့ပါတယ်။

အလားတူပဲ ပါးမား ဟာ အတွင်းဘက်ကို ချိုးဝင်၊ ကစားတဲ့အခါ ပိုပြီးခြေစွမ်းပြလေ့ရှိသူ ဖြစ်ပါတယ်..။ ဒါပေမယ့် သူကတော့ ကွင်းရဲ့ ညာဘက်ခြမ်း အတွင်းပိုင်း (right half) မှာ ကစားတာ များပါတယ်.။ ဒါ့ကြောင့်ဘောလုံးပိုင်ဆိုင်ထားချိန်မှာ သူတို့နှစ်ဦးစလုံးဟာ ၃- ၂- ၂- ၃ ကစားကွက်ရဲ့ ကွင်းလယ်ဗဟိုမှာ အတူရှိနေနိုင်ပြီး၊ ဂျာအို ပီဒရို လို တိုက်စစ်မှူးရဲ့ အနီးကပ်တွဲဖက် ကစားသွားဖို့လည်း ရှိနိုင်ပါတယ်။



ရော်ဂျားစ် ဟာ နေရာလွတ် အကျယ်ကြီးတွေကို အခွင့်ကောင်းယူ၊ အသုံးချနိုင်ရုံတင်မကပဲ၊ အသင်းဖော်တွေနဲ့ သူ့ရဲ့အပြန်အလှန် ပေါင်းစပ်ကစားဟန် (combination play)၊ ကွင်းလယ် ဗဟိုချက်ဆီကို ပေးပို့မှုတွေနဲ့ ဂိုးဧရိယာထိပ်ကနေ ကန်ချက်ပြင်းပြင်းနဲ့ ဂိုးရယူနိုင်မှုတွေကြောင့် ပါးမား လိုမျိုး အလိုက်သိ စိတ်ချင်းသိ တူညီတဲ့ ကစားသမားတွေနဲ့ ဝန်းရံထားမယ်ဆိုရင် စနစ်တကျ ပိတ်ဆို့ထားတဲ့ ခံစစ်တွေကို ထိုးဖောက်နိုင်ဖို့ ထိရောက်တဲ့ နည်းဗျူဟာတစ်ခု ဖြစ်လာမှာပါ။

အလွန်ဆိုရဲ့ ကစားကွက်ပုံစံမှာ ပါဝင်တဲ့ အဓိကအချက်တစ်ခုကတော့ ဘောလုံးဆုံးရှုံးသွားခဲ့ရင် ကိုယ့်အသင်း ကစားသမားတွေ ချက်ချင်းဖိအားပေး လိုက်လံ၊ လုယူ (counter-press) နိုင်ဖို့ ကစားသမားတွေကို နေရာယူမှန်ကန်စေပြီး အနီးပေးပို့မှုတွေ ပိုမိုဦးစားပေး ကစားခိုင်းတာပဲ ဖြစ်ပါတယ်။

ရော်ဂျားစ် ရဲ့ အပြန်အလှန် ပေါင်းစပ်ကစားနိုင်မှုနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု ကောင်းမွန်မှုတို့ဟာ သူ့ရဲ့အစီအမံမှာ ကွက်တိ အံဝင်စေမှာ ဖြစ်တဲ့အပြင်၊ ခံစစ်ကြောင်းရဲ့ နောက်ကနေရာလွတ်တွေဆီ (runs in behind) ပြေးဝင်ပေးနိုင်တဲ့ စွမ်းရည်ဟာလည်း ပါးမား အတွက် အကွက်မြင်မြင်နဲ့ ထိထိရောက်ရောက် အသုံးချသွားနိုင်မယ့် အရာတစ်ခု ဖြစ်လာပါလိမ့်မယ်။



အခက်အခဲများကို ပြေလည်စေမယ့် ဖြေရှင်းချက် ဖြစ်လာမလား..?

အလွန်ဆို ဟာ တိုက်စစ်ဆင် တိုက်စစ်ဆင် ဘောလုံးပိုင်ဆိုင်ထားချိန်မှာ ၃- ၂- ၂- ၃ ကစားကွက်ကို ပိုပြီးသဘောကျပါတယ်..။ အဲဒီအခင်းအကျင်းမှာ ရော်ဂျားစ် ကို ဘယ်ဘက် ‘No. 10’ တိုက်စစ်ကွင်းလယ် နေရာနဲ့ ပါးမား ကို ညာဘက် ‘No. 10’ နေရာတွေမှာ ထားရှိတာဟာ အကောင်းဆုံး၊ အဆင်ပြေဆုံး ဖြစ်လာဖို့ များပါတယ်။

တိုက်စစ်ဆင်ချိန်မှာ သူတို့နှစ်ယောက်ကို အဲဒီနေရာတွေဆီ ရောက်ရှိနေစေဖို့ အလွန်ဆို ဟာ သူတို့တွေရဲ့ ဘေးတစ်ဘက်တစ်ချက်စီမှာ Wing backs တွေကို အသုံးပြုထားတဲ့ နောက်တန်း (၅) ယောက်စနစ်ကို ပွဲထွက်တိုက်စစ် ကစားကွက်ပုံစံအဖြစ် ခင်းကျင်းနိုင်ပါတယ်။ အဲဒီအခင်းအကျင်းဟာ လေဗာကူဆင်အသင်းမှာ အောင်မြင်မှုတွေ ရယူခဲ့စဉ်က သူပုံမှန်အသုံးပြုခဲ့တဲ့ ကစားကွက်ပုံစံလည်း ဖြစ်ပါတယ်။

၄- ၂- ၃- ၁ ပုံစံမှာတော့ သူတို့နှစ်ယောက်ထဲက တစ်ဦးဟာ ‘No. 10’ တိုက်စစ်ကွင်းလယ်အဖြစ်နဲ့ စတင်ရမှာဖြစ်ပြီး နောက်တစ်ယောက်ကတော့ တောင်ပံကနေ အတွင်းဘက်ကို ချိုးဝင်ရတဲ့ Inverted Winger..၊ အဲဒီဘေးတောင်ပံကနေ နောက်ခံအစွန်လူ (full-back) က overlap လုပ်ပေးတဲ့ ပုံစံမျိုးနဲ့လည်း ပုံဖော်သွားနိုင်ပါတယ်။ အခြားတစ်ဖက် တောင်ပံအစွန်ဘက်တွေကိုတော့ တောင်ပံတိုက်စစ်မှူး (winger) တစ်ဦးကပဲ တာဝန်ယူသွားမှာပါ။

အလွန်ဆို ဟာ ကစားကွက်နည်းစနစ် တစ်ခုတည်းကို ပုံသေထား ကစားသွားဖို့ မရှိပဲ စပိန်နည်းပြကြီးရဲ့ အခင်းအကျင်းမှာ ၂၀၂၀ တုန်းက မန်ချက်စတာ စီးတီး လူငယ်အသင်းနဲ့ FA လူငယ်ဖလား ဆွတ်ခူးခဲ့ဖူးတဲ့ အချိန်ကနေ စတင်လာခဲ့တဲ့ သူတို့နှစ်ဦးရဲ့ ကာလရှည်ကြာ ရင်းနှီးတွဲဖက်မှုအပေါ် အခြေပြုပြီး ရလဒ်ကောင်းတွေ ထွက်ပေါ်လာမလား? ဆက်လက် စောင့်ကြည့်ရဦးမှာပါ။

သေချာတာတစ်ခုကတော့ ရော်ဂျားစ် ဟာ နေရာစုံ ကစားနိုင်စွမ်းရှိပြီး ပရီးမီးယားလိဂ်နဲ့ အသားကျပြီး ကစားသမားတစ်ဦး ဖြစ်သလို သူ့ရဲ့ အကောင်းဆုံးစွမ်းရည် အစုအဝေးဟာ ချယ်လ်ဆီးအသင်းမှာ အလွန်ဆို လုပ်ဆောင်သွားမယ့် နည်းဗျူဟာပိုင်းဆိုင်ရာ လိုအပ်ချက် အတော်များများနဲ့ အံဝင်ခွင်ကျ ဖြစ်နေပါကြောင်း တင်ဆက်လိုက်ပါတယ်။

(BBC Sports မှ ဆောင်းပါးရှင် Umir Irfan ၏ ‘Why Rogers and Palmer will thrive together in Alonso's Chelsea’ ဆောင်းပါးကို ပြန်ဆို၊ ရေးသားပါသည်..။)