ခရစ္စတယ် ပဲလေ့စ်မှာ အောင်မြင်ခဲ့တဲ့ ဘောလုံးရာသီ (၂) ရာသီ ဖြတ်သန်းခဲ့အပြီး ပြင်သစ်လက်ရွေးစင် နောက်ခံလူ မက်ဆန့်စ် လာခရွား ဟာ လူငယ် ကစားသမားလေးတွေကိုပဲ ရွေးချယ်၊ ခေါ်ယူလေ့ရှိတဲ့ ချယ်လ်ဆီးအသင်းရဲ့ ထူးခြားတဲ့ခေါ်ယူမှုတစ်ခု ဖြစ်ခဲ့ပါတယ်..။ အနောက်လန်ဒန်အသင်းက ဘာကြောင့်သူ့ကို မရရအောင် ခေါ်ယူခဲ့တာလဲ..? ဆိုတဲ့ အကြောင်းရင်းကို Sky Sports သတင်းဌာနက အသက် (၂၆) နှစ်အရွယ် ဗဟိုနောက်ခံလူ စွမ်းဆောင်ရည် အချက်အလက်တွေကို သုံးသပ်ပြီး အခုလိုတင်ပြခဲ့ပါတယ်..။
ချယ်လ်ဆီးအသင်းဟာ ၂၀၂၂ ခုနှစ်၊ နွေရာသီမှာ ရာဟင်း စတာလင်း နဲ့ ကာလီဒူ ကူလီဘာလီ တွေကို ခေါ်ယူမှု အဆင်မပြေ ဖြစ်ပြီးတဲ့နောက်ပိုင်း အသက် (၂၆) နှစ်နဲ့ အထက် ကစားသမားတွေကို ခေါ်ယူခဲ့ခြင်း မရှိခဲ့ပါဘူး..။ ဒါပေမယ့် ခရစ္စတယ် ပဲလေ့စ်က မက်ဆန့်စ် လာခရွား ကတော့ သူတို့ရဲ့သံမဏိမူဝါဒကို အလျှော့ပေးပြီး ခေါ်ယူခဲ့တဲ့ ကစားသမားမျိုး ဖြစ်ခဲ့ပါတယ်..။
အသက် (၂၆) နှစ်ပဲ ရှိသေးတဲ့ လာခရွား ဟာ ဝါရင့်၊ သမ္ဘာရင့် ကစားသမားကြီး မဟုတ်သေးပါဘူး။ သူဟာ ခရစ္စတယ် ပဲလေ့စ်အသင်းမှာ ဘောလုံးရာသီ (၂) ရာသီလောက် ခြေစွမ်းပြအပြီး သူ့ရဲ့ကစားသမားဘဝ ခြေစွမ်းအကောင်းဆုံးအချိန်ကို ရောက်လာခဲ့ပါတယ်..။ ပဲလေ့စ် ပရိသတ်ရပ်ဝန်းရဲ့ ပြင်ပကမ္ဘာမှာတော့ သူ့ကိုသိပ်ပြီး သတိမထားမိကြပါဘူး..။ ဒါပေမယ့် မာ့ခ် ဂူဟီ ထွက်သွားပြီးနောက်ပိုင်း ပဲလေ့စ်အသင်းရဲ့ ခံစစ်ကြောင်းမှာ သူ့ရဲ့အခန်းကဏ္ဍ ဘယ်လောက် အရေးပါတယ်.. ဆိုတာ လူတွေပိုပြီး သိလာခဲ့ကြပါတယ်။
သူ့ကိုဂျာမနီမှာရော အင်္ဂလန်မှာပါ နည်းပြဖူးတဲ့ အိုလီဗာ ဂလက်စ်နာ ကတော့ လာခရွား နဲ့ ပတ်သက်ပြီး မကြာသေးခင်ကပဲ အခုလို ပြောသွားတယ်။ "ဝုလ်ဖ်ဘတ် အသင်းကနေ ရောက်လာတဲ့ မက်ဆန့်စ် လာခရွား ဟာ အသင်းကိုစရောက်တုန်းက 'ဒီကစားသမားကို ဘယ်လိုစိတ်ကူးနဲ့ ခေါ်ယူခဲ့တာလဲ?' ဆိုပြီး မကြာခဏ မေးခဲ့ကြပါတယ်..။ အခုတော့ သူဟာ ခြေစွမ်းတိုးတက်လာမှုကို သက်သေပြနိုင်လိုက်ပြီလို့ ထင်တာပဲ။"

သူ့လိုစွမ်းရည်မျိုးရှိတဲ့ ဗဟိုနောက်ခံလူ အတော်ကို ရှားပါတယ်။ ၂၀၂၄ ခုနှစ်မှာ ဝုလ်ဖ်ဘတ်အသင်းက ရောက်လာပြီးကတည်းက လာခရွားဟာ ပရီးမီးယားလိဂ်ရဲ့ အလျှင်မြန်ဆုံး ဗဟိုနောက်ခံလူ (၅) ယောက်ထဲမှာ ပါဝင်ပါတယ်။ အဲ့ဒီလိုအပြေးမြန်ပြီး ကျော်ဖြတ်ဆွဲပြေးတဲ့ တစ်ဘက်အသင်း ကစားသမားတွေဆီက ဘောလုံးအရ ပြန်လိုက်နိုင်စွမ်းကြောင့် သူဟာလိဂ်ပြိုင်ပွဲထဲမှာ တစ်ယောက်ချင်းရင်ဆိုင်ရရင် ကျော်ဖြတ်ရအခက်ခဲဆုံး နောက်ခံလူတွေထဲက တစ်ယောက် ဖြစ်လာပါတယ်..။
ကိန်းဂဏန်း စွမ်းဆောင်ရည် အချက်အလက်တွေကလည်း သူ့ရဲ့ခြေစွမ်းကို သက်သေပြနေပါတယ်..။ တစ်ယောက်ချင်း ရင်ဆိုင်ပြီး ဘောလုံးပြန်လည် အရယူရတဲ့ အခြေအနေတွေမှာ လာခရွား ထက် ပိုပြီးထူးချွန်တဲ့သူ မရှိပါဘူး။ အချက်အလက်တွေအရ ကြည့်မယ်ဆိုရင် သူဟာ ပြီးခဲ့တဲ့ (၂) ရာသီအတွင်း တစ်ယောက်ချင်း ဘောလုံးယှဉ်လုရမှာ အကြိမ် (၅၀) နဲ့အထက် ပိုပြီးအရယူနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲက တစ်ဦးတည်းသော ကစားသမား ဖြစ်ခဲ့ပါတယ်..။
အရပ် (၆) ပေ၊ (၄) လက်မ ရှိတဲ့ လာခရွား ဟာ သန်မာထွားကြိုင်းတဲ့ ကိုယ်ခန္ဓာရှိပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲက ခန္ဓာကိုယ်ကြံ့ခိုင်မှု ကောင်းမွန်ဖို့ တောင်းဆိုမှုများတဲ့ ပွဲစဉ်တွေနဲ့ အလွယ်တကူ အံဝင်ခွင်ကျ ဖြစ်ခဲ့ပါတယ်..။ အချက်အလက်တွေအရ ကြည့်မယ်ဆိုရင် သူဟာ ဘောလုံးရှင်းထုတ်မှု (clearances) မှာ အဆင့် (၃) နေရာမှာရှိပြီး အမြင့်ဘောယှဉ်လု အောင်မြင်မှု (aerial duels won) မှာ အဆင့် (၇) နေရာရရှိပါတယ်။ ဒါပေမယ့် သူဟာဂိုးဧရိယာထဲမှာပဲ ခံစစ်ဆင်တတ်တဲ့သူ မဟုတ်ပါဘူး။
အဲ့ဒါကြောင့်လည်း လာခရွား ဟာ ချမ်းသာတဲ့ အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ခံယူရရှိနေတာ ဖြစ်ပါတယ်..။ သူ့ရဲ့အမြန်နှုန်းနဲ့ တစ်ယောက်ချင်း ကာကွယ်နိုင်စွမ်းတွေကြောင့် ခံစစ်ကြောင်းကို ပိတ်ဆို့ကစားတာ မကပဲ ကွင်းလယ်အထိတက်ပြီး ကစားတဲ့ high line ခံစစ်ကြောင်းတွေ အတွက်ပါ စိတ်ချရပါတယ်။ အသင်းကြီးတွေဟာ သူတို့ရဲ့နောက်ခံလူတွေကို ကွင်းလယ်နဲ့ တစ်ဖက်အသင်းရဲ့ ခံစစ်ဇုန်အထိ ရှေ့တက်ဖိကစား စေချင်ကြလေ့ ရှိပါတယ်..။ ဘောလုံးလမ်းကြောင်း ဖြတ်တောက်၊ လုယူနိုင်စွမ်း (interceptions) မှာဆိုရင်လည်း သူဟာ အကောင်းဆုံး ဗဟိုနောက်ခံလူ (၅) ယောက်ထဲမှာ ပါဝင်ပါတယ်။

လာခရွား ဟာ ပဲလေ့စ်မှာ အတော်လေးကို ရင့်ကျက်လာခဲ့ပါတယ်..။ ကစားသမားဘဝ အစောပိုင်းတုန်းမှာ စိတ်မထိန်းနိုင်တဲ့ ဖြစ်စဉ်အချို့ ရှိခဲ့ဖူးတယ်။ ဝုလ်ဖ်ဘတ်အသင်းမှာ ရှိစဉ်တုန်းက ဘိုင်ယန် မြူးနစ်အသင်းနဲ့ပွဲစဉ် ပထမပိုင်းမှာတင် လူစားလဲခံလိုက်ရလို့ ဒေါသထွက်ပြီး နံရံကို လက်သီးနဲ့ထိုးခဲ့ဖူးတာမျိုး ပေါက်ကွဲခဲ့ဖူးပါတယ်..။
ဒါပေမယ့် အဲဒီဖြစ်ရပ်ဟာ သူ့ရဲ့ကစားသမားဘဝမှာ ရှားရှားပါးပါး ဖြစ်စဉ်တစ်ခုလို့ ပြောရမှာပါပဲ။ ဆိုချောက်စ် အသင်း လူငယ်နည်းပြတွေကတော့ လာခရွား နဲ့ ပတ်သက်ရင် အကြောင်းအရာမျိုးစုံ ပြောဆို၊ ဆွေးနွေးနိုင်ပြီး အတော်လေးကို ဉာဏ်ကောင်းတဲ့ ကောင်လေးတစ်ယောက်အဖြစ် အမှတ်တရ ရှိနေကြဆဲ ဖြစ်ပါတယ်..။ သူ့အမေ ကိုရင်း ဟာ ဆရာဝန်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကစားသမား ဘဝတစ်လျှောက်လုံး မှာ အာဟာရပိုင်း၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ အကြံဉာဏ်တွေပေးပြီး အမြဲတမ်းတိုင်ပင်ဖော်၊ တိုင်ပင်ဖက် ဖြစ်ပေးခဲ့ပါတယ်။
အဲဒီကနေ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာခဲ့တဲ့ လာခရွား ဟာ ပဲလေ့စ်မှာ ဒုတိယအသင်းခေါင်းဆောင် ဖြစ်လာတဲ့အထိ အသင်းကိုဦးဆောင်မှု ပေးနိုင်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်..။ ဒါ့အပြင် သူဟာအသင်းဖော်တွေနဲ့ ပရိသတ်တွေရဲ့ချစ်မြတ်နိုးမှုကိုလည်း ရထားပါတယ်..။ ဩဂုတ်လ ရာသီအစ အိမ်ကွင်းပွဲတုန်းကဆိုရင် သူ့ရဲ့ ကျောနံပါတ်ကို အမှတ်တရဖြစ်အောင် Selhurst Park ကွင်းရဲ့ (၅) တန်းမြောက်မှာ ထိုင်တဲ့ပရိသတ်တိုင်းကို အချိုရည်ဝယ်တိုက်ခဲ့တဲ့ အထိပါပဲ။
ပြီးခဲ့တဲ့ရာသီ ပထမရာသီဝက်အတွင်း ပြသခဲ့တဲ့ခြေစွမ်းတွေကြောင့် နှစ်သစ်ကူးချိန်တုန်းက Sky Sports သတင်းဌာနရဲ့ ရုပ်သံတင်ဆက်သူ လီဗာပူးလ်အသင်း နောက်ခံလူဟောင် ဂျေမီ ကာရေဂါ ရွေးချယ်တဲ့ ရာသီဝက် ပရီးမီးယားလိဂ် အကောင်းဆုံးအသင်းမှာ သူ့ရဲ့နာမည် ပါဝင်လာခဲ့တာပါ။ အဲ့ဒီတုန်းကတော့ ဂူဟီ ဟာ သူ့ထက် နှာတဖျား သာသွားလို့ ရွေးခံလိုက်ရတာဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂလန်လက်ရွေးစင် ကစားသမားကြီးဟာ မန်ချက်စတာ စီးတီးအသင်းကို ထွက်ခွာသွားချိန်မှာတော့ သူတို့ နှစ်ယောက်လုံးအတွက် ကောင်းမွန်တဲ့ကိစ္စ ဖြစ်လာခဲ့ပါတယ်။

လာခရွား ဟာ ပဲလေ့စ်အသင်းနဲ့ (၂) ရာသီအတွင်း သူ့ရဲ့ တတိယမြောက် ဆုဖလားဖြစ်တဲ့ UEFA ကွန်ဖရင့်လိဂ် ဖလားကို ထပ်မံဆွတ်ခူးနိုင်ခဲ့ပါတယ်..။ ဒါတင်မကပဲ သူဟာ ခေါင်းဆောင်မှုအရည်အသွေး ရှိတယ်ဆိုတာကိုပါ ထပ်မံသက်သေပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့ရင့်ကျက်လာမှုနဲ့ ခေါင်းဆောင်နိုင်မှု စွမ်းရည်ဟာ ချယ်လ်ဆီးအသင်းအတွက် ပိုပြီးသဘောကျစေမယ့် အချက်တစ်ခု ဖြစ်လာပါလိမ့်မယ်..။
လာခရွား ကတော့ မာ့စ် ဂူဟီ မရှိတော့တဲ့နောက်ပိုင်း အရင်ကထက်ပိုပြီး စကားပြောဖို့၊ အသင်းဖော်တွေကို လမ်းညွှန်ပေးဖို့ လိုအပ်လာတယ်ဆိုတာ လက်ခံထားပြီး အဲဒီလစ်ဟာသွားတဲ့နေရာကို တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ အကောင်းဆုံး တုံ့ပြန်၊ ပြသနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်အစစအရာရာ၊ ပြီးပြည့်စုံတဲ့ ကစားသမားမျိုး ရှာဖွေနေတဲ့ ဘောလုံးကင်းထောက်တွေ အတွက်တော့ ၂၀၂၆ အတွင်းက သူ့ရဲ့တိုးတက်မှုတွေဟာ လိုအပ်နေတဲ့ နောက်ဆုံးကွက်လပ်ကို ဖြည့်ဆည်းပေးလိုက်သလိုပါပဲ။
ဒါ့ကြောင့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းမှာ ပါဝင်ခွင့်ရခဲ့ပြီး သူ့ရဲ့ တိုးတက်လာမှုကို အထင်အရှား သက်သေပြခဲ့ပါတယ်..။ လာခရွား ကတော့ သူဟာတစ်နေ့ကျရင် ပြင်သစ်အသင်းအတွက် ရွေးချယ်ခံရမယ်ဆိုတာ လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက ကြိုတင်သိတယ်လို့ ပြောခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က ပဲလေ့စ်အသင်းကို ပြောင်းလာတုန်းကလည်း ပြင်သစ်အသင်းမှာ ပါဝင်ခွင့်ရဖို့ကို ရည်မှန်းချက်တစ်ခုအဖြစ် ထားရှိတယ်ဆိုတဲ့အကြောင့် ပြောခဲ့သေးတာပါ။ "ကျနော်တို့ ဒီအကြောင်း ပြောခဲ့ကြသေးတယ်။ ပြင်သစ်အသင်းအတွက် ရွေးချယ်ခံရဖို့.. ဆိုတာဟာ သူ့အတွက် အိပ်မက်ကြီးတစ်ခု ဖြစ်ပါတယ်.." ဆိုပြီး နည်းပြဂလက်စ်နာ က ထုတ်ပြောခဲ့ပါတယ်။

ဒါဆို ချယ်လ်ဆီးအသင်းကရော သူ့ရဲ့နောက်ထပ် အိမ်မက်တစ်ခု ဖြစ်လာမလား? ချယ်လ်ဆီးအသင်းမှာ သူ့ရဲ့အကျိုးသက်ရောက်မှု ဘယ်လိုရှိလာနိုင်မလဲ? ပြောရရင်တော့ သူဟာဂိုးဧရိယာ နှစ်ဖက်စလုံးမှာ အားကိုးရမယ့် ဒေါင်ဒေါင်မြည် နောက်ခံလူတစ်ယောက် ဖြစ်လာမှာပါ။ လာခရွား ဟာ တည်ကန်ဘောတွေကနေ ဂိုးရရှိနိုင်ခြေ (expected goals) အများဆုံး နောက်ခံလူ (၁၀) ယောက်ထဲမှာ ပါဝင်နေပါတယ်။ ဒါပေမယ့် သူ့ရဲ့အဓိကတာဝန်ကတော့ ပြီးခဲ့တဲ့ရာသီမှာ အသင်းကို အောက်ဆွဲချနေတဲ့ ခံစစ်ပိုင်းကို ပိုပြီးကျစ်လျစ်၊ ခိုင်မာလာအောင် ကူညီပေးဖို့ပါပဲ။
၂၀၀၃ ကနေ ၂၀၁၅ အထိ (၁၂) နှစ်တာ ကာလအတွင်းမှာ ပရီးမီးယားလိဂ် တစ်ရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ ပျှမ်းမျှပေးဂိုး (၃၀) အောက်ပဲ ရှိခဲ့ပါတယ်..။ ပြီးခဲ့တဲ့ရာသီမှာတော့ (၃) ရာသီဆက်တိုက် ပေးဂိုး (၅၀) ကျော်သွားခဲ့ရပြန်ပါတယ်။ ဒါကြောင့်အသင်းဘုတ်အဖွဲ့ဟာ အတော်လေးကို အချိန်လွန်သွားတော့မှ အတွေ့အကြုံရှိတဲ့ ကစားသမားတွေ လိုအပ်တယ်ဆိုတာ အလေးအနက် သဘောပေါက်လာကြပါတယ်။
လာခရွား ဟာ ချယ်လ်ဆီးအသင်းအတွက် အဲဒီအတွေ့အကြုံတင်မကဘဲ တခြားအရာတွေကိုပါ ဆောင်ယူပေးမယ့်သူ ဖြစ်လာပါလိမ့်မယ်..။ သူဟာချယ်လ်ဆီးအသင်း ခေါ်ယူလေ့ရှိတဲ့ ပါရမီရှင် လူငယ်ကစားသမားတွေလို မဟုတ်ပါဘူး။ "သူဟာအများကြီး ကြိုးစား၊ အားထုတ်ခဲ့တာကြောင့် အခုလိုချီးကျူးမှုတွေနဲ့ ထိုက်တန်ပါတယ်..။" ဆိုပြီး ဂလက်စ်နာ က ရှင်းပြခဲ့ပါတယ်။ လာခရွား ကတော့ အများနဲ့မတူညီ.. အနည်းငယ်ကွဲပြားမှုရှိတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်..။ ဒါပေမယ့် အဲဒီအချက်ကပဲ သူ့ကိုချယ်လ်ဆီးအသင်းရဲ့ အရေးပါဆုံး ခေါ်ယူမှုတွေထဲကတစ်ခု ဖြစ်လာစေနိုင်ပါတယ်..။
(Sky Sports မှ ဆောင်းပါးရှင် Adam Bates တင်ဆက်သော ‘Maxence Lacroix to Chelsea: Crystal Palace defender is quick, excels when one-on-one and is a leader now too’ ဆောင်းပါးကို ပြန်ဆို၊ ရေးသားပါသည်..။)