ချယ်လ်ဆီးအသင်းကို မန်နေဂျာ ဇာဘီ အလွန်ဆို ရောက်ရှိလာပြီးနောက်ပိုင်း သိသာထင်ရှားတဲ့ အပြောင်းအလဲတွေဆက်တိုက် ဖြစ်ပေါ်နေပြီး စပိန်လူမျိုးနည်းပြမှာ သူ့ရဲ့ပုံစံနဲ့ ခြေရာလက်ရာတွေကို အသင်းမှာပုံဖော်ဖို့ အချိန်ဆွဲမနေခဲ့ပါဘူး။ ရီးရဲလ် မက်ဒရစ် နည်းပြဟောင်းဟာ အရင်နည်းပြတွေနဲ့မတူပဲ အသင်းရဲ့အဓိက ဆုံးဖြတ်ချက်တွေမှာ ပိုမို ဩဇာညောင်းလာတဲ့ပုံ မြင်တွေ့ခဲ့ရပြီး ချယ်လ်ဆီးအသင်းဟာ BlueCo ခေတ်ကို ကိုယ်စားပြုခဲ့တဲ့ အချို့သော အလေ့အထတွေကနေ ခွာစစ်ဆင်လာခဲ့ပုံ ရပါတယ်။
အလွန်ဆိုဟာ အသင်းရဲ့အရေးပါတဲ့ ဆုံးဖြတ်ချက်တွေမှာ သူ့ရဲ့ပါဝင်ဆောင်ရွက်မှုတွေကို ပြသနေပြီဖြစ်ပြီး သူရောက်လာပြီးနောက်ပိုင်း ချယ်လ်ဆီးအသင်းမှာ သိသိသာသာ ပြောင်းလဲသွားခဲ့တဲ့ အရာ (၄) ခု ရှိနေပြီ ဖြစ်ပါတယ်။
‘အသက် (၂၅) နှစ်အောက် ကစားသမားတွေကိုပဲ ခေါ်ယူမယ်’ ဆိုတဲ့ အပြောင်းအရွှေ့ မူဝါဒကို စွန့်ပယ်ခြင်း
အလွန်ဆို လက်ထက် အသင်းရဲ့ဦးတည်ချက် ပြောင်းလဲသွားတယ်ဆိုတာကို ပြသနေတဲ့ အထင်ရှားဆုံး သက်သေကတော့ ချယ်လ်ဆီးအသင်းဟာ အသက် (၂၅) နှစ်အောက် ကစားသမားတွေကိုပဲ ခေါ်ယူတဲ့မူဝါဒကို စွန့်လွှတ်ဖို့ လမ်းဖွင့်ပေးလိုက်တာပါပဲ။ BlueCo အဖွဲ့ဟာ အသင်းကို စတင်၊ တာဝန်ယူချိန်ကတည်းက အသက် (၂၅) နှစ်နဲ့ အောက် ကစားသမားတွေကိုပဲ ခေါ်ယူမယ်ဆိုတဲ့ တင်းကျပ်တဲ့မူဝါဒကို အပြည့်အဝ စွဲကိုင်ခဲ့ပါတယ်..။
သူတို့ရဲ့ အတွေးအခေါ်ကတော့ ရှင်းရှင်းလေးပါပဲ။ ကမ္ဘာ့အကောင်းဆုံး လူငယ်ပါရမီရှင်တွေနဲ့ အသင်းကို ဖွဲ့စည်းမယ်၊ သူတို့ရဲ့ခြေစွမ်း အထွဋ်အထိပ် မရောက်ခင်၊ တန်ကြေးတွေ မထိုးတက်ခင် ကြိုတင်ခေါ်ယူမယ် ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်..။ အဲဒီအထဲက ခြေစွမ်းပြနိုင်ခဲ့တဲ့သူတွေက အဓိကပွဲထွက် ကစားသမားတွေ ဖြစ်လာမယ်၊ အခြေအနေမဟန်တဲ့သူတွေကို အမြတ်အစွန်းနဲ့ ပြန်ရောင်းထုတ်ပါမယ်..။ အနည်းဆုံးတော့ ချယ်လ်ဆီးအသင်းအတွက် ငွေကြေးအရ အကြီးအကျယ် နစ်နာမှု မရှိအောင် ရည်ရွယ်ထားပါတယ်..။

အဲဒီအယူအဆနဲ့ မူဝါဒဟာ စာရွက်ပေါ်မှာ အတော်လေး ယုတ္တိရှိလှပါတယ်။ ဒါပေမယ့် တကယ့်မြေပြင်မှာတော့ ချယ်လ်ဆီးအသင်းဟာ အဲဒီမဟာဗျူဟာကြောင့် အတွေ့အကြုံနဲ့ ခေါင်းဆောင်မှုပိုင်း လိုအပ်ချက်တွေ သိသာ၊ ထင်ရှားခဲ့ပါတယ်။ အသင်းရဲ့ ကစားသမားအစုအဖွဲ့ဟာ ရွယ်တူတွေချည်း ဖြစ်လာပြီး ပွဲအခြေအနေ မဟန်တော့တဲ့အချိန် အသင်းကို ထိန်းချုပ်နိုင်တဲ့ ဝါရင့်ကစားသမားဟောင်း သိပ်မရှိခဲ့ပါဘူး။ ကွင်းအတွင်းမှာ အသင်းကို ထိန်းကျောင်းပေးနိုင်မယ့် သြဇာရှိတဲ့သူတွေ မရှိခြင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ပိုမိုသိသာခဲ့ပြီး အသင်းဟာ တစ်ဂိုးပေးလိုက်ရတာနဲ့ ကစားကွက် ပျက်သွားတတ်တဲ့ အကျင့်ဆိုးတစ်ခု မြင်တွေ့လာခဲ့ရပါတယ်..။
အလွန်ဆို ဟာ အဲဒီပြဿနာကို သတိထားမိခဲ့ပုံရပြီး ဖြေရှင်းနိုင်ဖို့ ချက်ချင်း၊ စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဂရာနစ် ဂျာကာ ကို မခေါ်နိုင်ခဲ့ပြီးနောက် ချယ်လ်ဆီးဟာ အသက် (၃၆) နှစ်အရွယ် ဂျော်ဒန် ဟန်ဒါဆန် နဲ့ အသက် (၃၅) နှစ်အရွယ် ဒန်နီ ဝဲလ်ဘက်ခ် တို့ကို ခေါ်ယူခဲ့သလို၊ ခံစစ်ပိုင်းအားဖြည့်ဖို့အတွက် အသက် (၂၆) နှစ်အရွယ် မက်ဆန့်စ် လာခရွား နဲ့ အခုရက်သတ္တပါတ် အစောပိုင်းမှာပဲ အသက် (၂၈) နှစ်အရွယ် ပက်ပ် ချာဗာရီးယား တို့ကို ခေါ်ယူခဲ့ပါတယ်..။
ဒါဟာ BlueCo ခေတ်ကို ကိုယ်စားပြုခဲ့တဲ့ ကစားသမားသစ်ခေါ်ယူရေး မော်ဒယ်ကနေ သိသိသာသာ လမ်းခွဲထွက်လိုက်တာပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့ အသင်းတစ်သင်း တည်ဆောက်နိုင်ဖို့ အလားအလာရှိတဲ့ လူငယ်ပါရမီရှင်တွေကို စုဆောင်းရုံနဲ့တင် မလုံလောက်ဘူးဆိုတာ ချယ်လ်ဆီးအသင်းပိုင်ရှင်တွေ ကောင်းကောင်း သဘောပေါက်သွားခဲ့ပုံ ရပါတယ်။ အတွေ့အကြုံ၊ ခံယူချက်၊ စိတ်ဓါတ်ကောင်းမွန်မှုတွေနဲ့ အသင်းရဲ့ ဟန်ချက် ကောင်းမွန်မှုတွေကလည်း အရေးပါလှတဲ့ အခန်းကဏ္ဍတွေကနေ ပါဝင်နေပါတယ်..။
အသင်းစီမံခန့်ခွဲသည့်အပိုင်းတွင် လုပ်ပိုင်ခွင့် ပိုမိုရရှိလာခဲ့ခြင်း..
ချယ်လ်ဆီးအသင်းဟာ အလွန်ဆို ကို "နည်းပြချုပ်" (head coach) မဟုတ်ပဲ "မန်နေဂျာ" (manager)” ဆိုတဲ့ ရာထူးကို ပေးအပ်ခဲ့ပါတယ်..။ ဒါဟာသာမန်အားဖြင့် သိပ်မကွာခြားဘူးလို့ ထင်ရပေမယ့် ချယ်လ်ဆီးအသင်းမှာတော့ အတော်လေး အဓိပ္ပာယ် လေးနက်ပါတယ်။ စတန်းဖို့ဒ် ဘရစ်ချ်မှာ အဲဒီမန်နေဂျာဆိုတဲ့ ရာထူးနဲ့ နောက်ဆုံးတာဝန်ယူခဲ့သူဟာ လွန်ခဲ့တဲ့ ၂၀၁၅ တုန်းက ‘ဟိုဆေး မော်ရင်ဟို’ ပဲ ဖြစ်ပါတယ်။

အပြင်ပန်းကကြည့်ရင် ရာထူးအခေါ်အဝေါ် အသုံးအနှုန်းပဲ ကွဲပြားတယ်လို့ မြင်ရနိုင်ပေမယ့် တကယ့်လက်တွေ့မှာ အဲဒီအပြောင်းအလဲဟာ အလွန်ဆို ရဲ့ အသင်းက အခန်းကဏ္ဍ အများကြီး ပိုမိုကျယ်ပြန့်လာတာကို ပြသနေပါတယ်..။ သူဟာ အရင်နည်းပြတွေနဲ့မတူပဲ လေ့ကျင့်ရေးကွင်းနဲ့ ပွဲထွက်ကစားတဲ့နေ့တွေမကဘဲ အသင်းရဲ့ အဓိကဆုံးဖြတ်ချက်တွေမှာပါ ပိုပြီးပါဝင်ခွင့် ရလာတော့မှာ ဖြစ်ပါတယ်။
အဲ့ဒီထဲမှာ ကစားသမား ခေါ်ယူရေးနဲ့ အပြောင်းအရွှေ့ကိစ္စတွေမှာ ပိုပြီ ပြောပိုင်ခွင့် ရလာတာ၊ အသင်းရဲ့ ကစားသမား ဖွဲ့စည်းမှုမှာ ပါဝင်မှုတွေ ပိုမိုရရှိလာတာနဲ့ အသင်းရဲ့ဘောလုံးနဲ့ဆိုင်တဲ့ အနာဂတ်စီမံချက်… လမ်းကြောင်းတစ်ခုလုံးရဲ့ ဦးတည်ချက်ကို သတ်မှတ်ရာတဲ့ အပိုင်းမှာပါ ပိုပြီးအရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာရပါတယ်။ အလွန်ဆို ဟာ အရင်နည်းပြတွေလို အသင်းရဲ့ အားကစား ဒါရိုက်တာတွေ၊ ကစားသမားသစ် ခေါ်ယူရေးဌာန (Recruitment Department) က စုဆောင်းပေးလိုက်တဲ့ ကစားသမားတွေကို နည်းပြပေးရုံတင် မကတော့ပဲ အသင်းအတွက် ဆုံးဖြတ်ချက်ချတဲ့ စကားဝိုင်း၊ ဆွေးနွေးပွဲတွေမှာ ပိုပြီအေရေးပါတဲ့နေရာတစ်ခု ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီအပြောင်းအလဲဟာ BlueCo အဖွဲ့ ရောက်လာပြီးနောက်ပိုင်း ချယ်လ်ဆီးအသင်းကို သူတို့မောင်းနှင်ခဲ့တဲ့ပုံစံနဲ့ ယှဉ်ကြည့်ရင် တကယ်ကို သိသာတဲ့ အပြောင်းအလဲဆိုတာ ထင်ရှားပါတယ်..။ အရင်တုန်းက အသင်းရဲ့ ကစားသမားသစ် ခေါ်ယူရေး မဟာဗျူဟာကို အားကစား ဒါရိုက်တာတွေနဲ့ အချက်အလက်အခြေပြု ကင်းထောက်ကွန်ရက်ကြီးကပဲ အဓိကဦးဆောင်ခဲ့ပါတယ်..။ နည်းပြချုပ်တွေဟာ သူတို့အထက်က ချမှတ်ထားတဲ့ အခင်းအကျင်းအတွင်းမှာပဲ လုပ်ကိုင်ခဲ့ကြရတာပါ။ သောမတ်စ် တူခယ်လ် နဲ့ မော်ရီစီယို ပိုချက်တီနို တို့လို နာမည်ကြီးနည်းပြတွေတောင် ကစားသမား ခေါ်ယူရေးအပိုင်းမှာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့် မရခဲ့ကြပါဘူး။
ဒါ့ကြောင့် ဇာဘီ အလွန်ဆို ကို "မန်နေဂျာ" အဖြစ် ခန့်အပ်လိုက်တာဟာ အသင်းရဲ့အတွင်းက အာဏာချိန်ခွင်လျှာ ပြောင်းလဲလာတာကို ပြသနေပါတယ်။ ချယ်လ်ဆီးအသင်းဟာ မူလတည်ဆောက်ပုံ စနစ်ကြီးတစ်ခုလုံးကို စွန့်လွှတ်လိုက်တာ မဟုတ်ပေမယ့် အဓိက ဆုံးဖြတ်ချက်တွေမှာ မန်နေဂျာရဲ့ အတွေ့အကြုံနဲ့ ထွန်းတောက်လာမယ့် ကစားသမားတွေကို ခန့်မှန်းနိုင်စွမ်း (instincts).. ကိုပါ ထည့်သွင်း၊ စဉ်းစားပေးဖို့ လမ်းဖွင့်လာခဲ့တာ အသေအချာပါပဲ။

နည်းစနစ်ပိုင်းအရွှေ့…
အလွန်ဆို ဟာ အသင်းရဲ့ကန့်လန်ကာ နောက်ကွယ်က အပြောင်းအလဲကြီးတွေမှာတင် ပါဝင်၊ ပတ်သက်နေတာ မဟုတ်ပါဘူး။ ဩစတြေးလျနဲ့ အာရှတိုက် ခရီးစဉ်တွေမှာ အသင်းရဲ့ ပွဲထွက်ကစားကွက်ပုံစံ သိသိသာသာ ပြောင်းလဲနေတာကိုပါ မြင်တွေ့ခဲ့ရပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ၂၀၂၂ ခုနှစ်မှာ သောမတ်စ် တူခယ်လ် ထွက်သွားပြီးနောက်ပိုင်း နောက်တန်း (၄) ယောက်တန်း (Back four) ကစားကွက်ကိုပဲ တစ်စိုက်မတ်မတ် သုံးခဲ့ပါတယ်..။ ဒါပေမယ့် အလွန်ဆို ရောက်လာပြီးနောက်ပိုင်း ကစားကွက်ပုံစံ အပြောင်းအလဲ ရှိလာခဲ့ပါတယ်။
ရီးရဲလ် မက်ဒရစ် နည်းပြဟောင်းဟာ ပိုပြီးပြောင်းလွယ်၊ ပြင်လွယ်ဖြစ်တဲ့ ကစားကွက်ကို စတင်အသုံးပြုနေပြီး ရာသီစတင်ချိန်မှာ နောက်တန်း (၃) ယောက်တန်း ပုံစံနဲ့ပွဲထွက်နိုင်ဖို့ ပြင်ဆင်နေပုံရပါတယ်။ ရာသီကြိုခရီးစဉ် အစောပိုင်းမှာ ၄- ၂- ၃- ၁ ပုံစံနဲ့ ပွဲထွက်ခဲ့ပေမယ့် အေစီ မီလန်၊ ဂျိုဟိုး အသင်းတွေနဲ့ ကစားခဲ့တဲ့ နောက်ဆုံး (၂) ပွဲမှာတော့ နည်းပြကြီးဟာ ၃- ၄- ၂- ၁ ကစားကွက်ကို ပြောင်းသုံးသွားခဲ့ပါတယ်။
အလွန်ဆို ဟာ ရီးရဲလ် ဆိုဆီဒက်နဲ့ ဘေယာ လေဗာကူဆင် အသင်းတွေမှာရော၊ ရီးရဲလ် မက်ဒရစ် အသင်းမှာပါ နောက်တန်း ၃ ယောက်တန်း စနစ်ကိုပဲ ပိုပြီးကြိုက်နှစ်သက်ခဲ့တာ ဖြစ်တဲ့အတွက် အခုလို ဗျူဟာမြောက် ပြောင်းလဲမှုဟာ အဆန်းတော့ မဟုတ်ပါဘူး။ ဒါ့အပြင်နည်းပြသစ် လိုချင်တဲ့ လွတ်လွတ်လပ်လပ် ရွှေ့လျားပြီး တိုက်စစ်အရှိန်မြင့် ကစားဟန်အပေါ် ချယ်လ်ဆီး ကစားသမားတွေက အပြုသဘောဆောင် တုံ့ပြန်ကြတယ်လို့လည်း သတင်းတွေက ဆိုကြပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေကို ကြည့်မယ်ဆိုရင် အဲဒီလိုပြောင်းလာတဲ့ အရိပ်အယောင် မြင်တွေ့နေရပြီး အသင်းဟာ သမာရိုးကျ နောက်ခံအစွန်လူတွေအစား မာကို ပါလက်စ်ထရာ နဲ့ ပက်ပ် ချာဗာရီးယား တို့လို Wing-back တွေကို ခေါ်ယူခဲ့ပါတယ်..။
မော်ဂန် ရော်ဂျားစ် လို ကြယ်ပွင့်ကစားသမား တစ်ယောက် ခေါ်ယူလိုက်တာကို ကြည့်မယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ ကွင်းလယ်ဖန်တီးရှင် ‘No. 10’ နေရာ (၂) ယောက် ထားရှိဖို့ ပြင်ဆင်နေတယ် ဆိုတာ ထင်ထင်ရှားရှား မြင်တွေ့နေရပါတယ်..။ အဲဒီလို ‘No. 10’ နှစ်ယောက်နဲ့ တိုက်စစ်ဆင်တာဟာ ၃- ၄- ၂- ၁ ကစားကွက်ရဲ့ အင်္ဂါရပ်တစ်ခုလည်း ဖြစ်ပါတယ်။ တိုက်စစ်လိုက်ပါရတဲ့ ကွင်းလယ်ဖန်တီးရှင် တစ်ယောက်တည်းကို အားကိုးတော့တာ မဟုတ်ပဲ ရော်ဂျားစ် နဲ့ ကိုးလ် ပါးမား တို့ဟာ ရှေ့ကအထောင် တိုက်စစ်မှူးနဲ့ အနီးကပ်၊ တွဲဖက် ကစားသွားကြရမှာ ဖြစ်ပါတယ်..။

အဲဒီအချက်ကို ကြည့်မယ်ဆိုရင် ချယ်လ်ဆီးအသင်း တာဝန်ရှိပုဂ္ဂိုလ်တွေဟာ အလွန်ဆို အပေါ် ဘယ်လောက်အထိ ယုံကြည်မှုရှိပြီး မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိနေလဲ? ဆိုတာ ပြသနေပါတယ်။ အကြောင်းကတော့ တစ်ချိန်ချိန်မှာ အလွန်ဆို ထွက်ခွာသွားခဲ့ရင် နောက်ရောက်လာမယ့် နည်းပြသစ်လက်ထက်မှာ အသုံးမလိုတော့ဘဲ ပိုလျှံသွားနိုင်တဲ့ ကစားသမားတွေအတွက် ချန်ထားလေ့ရှိတဲ့ အပြောင်းအရွှေ့ အရန်ဘတ်ဂျက်ကိုပါ အသုံးပြုဖို့ မဆိုင်းမတွ လမ်းဖွင့်ပေးခဲ့လို့ ဖြစ်ပါတယ်..။
ခန္ဓာကိုယ်ကြံ့ခိုင်မှု တောင်းဆိုချက် ပိုမိုများပြားလာခဲ့ခြင်း..
အလွန်ဆို ဟာ အသင်းကိုရောက်ရောက်ချင်း သူ့ရဲ့မျှော်လင့်ချက်တွေကို ပြတ်ပြတ်သားသား အသိပေးခဲ့ပါတယ်။ တစ်ဦးချင်းစီရဲ့ ကစားအား (intensity) မရှိမဖြစ် လိုအပ်တဲ့အရာဖြစ်ပြီး စပိန်လူမျိုး နည်းပြကြီးဟာ ပြင်းထန်တဲ့ ဖိအားပေး ကစားဟန် (high-intensity pressing) နဲ့ ဘောလုံးဆုံးသွားတာနဲ့ မရရအောင် အတင်းပြန်လိုက်လုတာတွေကို ကစားသမားတိုင်း "မလုပ်မဖြစ် လုပ်ဆောင်ရမယ့် တာဝန်" အဖြစ် ကြေညာခဲ့ပါတယ်..။ ဒါ့အပြင်ပရီးမီးယားလိဂ်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ ကစားအား အရှိန်အဟုန် တောင်းဆိုချက်တွေကို လိုက်မမှီနိုင်တဲ့ မည်သူမဆို အသင်းမှာ ပါဝင်ခွင့်ရမှာ မဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်။
"ကျနော်တို့ဆီမှာ ကစားအား၊ လုပ်အားနှုန်းကောင်းကောင်း ရှိနေဖို့လိုအပ်တယ်။ မရပ်မနား ပြေးလွှားနိုင်ရမယ်၊ မဆုတ်မနစ် အစွမ်းကုန် ကြိုးစား၊ အားထုတ်နေဖို့ လိုအပ်ပါတယ်။ ပေးဆပ်မှုတွေ (sacrifies) ဆိုတာ ပရီးမီးယားလိဂ် ပွဲတိုင်းမှာ ကစားသမားတိုင်းဆီက မလုပ်မဖြစ် ရရှိလာရမယ့် တာဝန်ဝတ္တရားတွေ ဖြစ်ပါတယ်..။" လို့ သူကပြောခဲ့ပါတယ်။ "ပွဲတိုင်းကို အနိုင်ရဖို့ဆိုတာ မလွယ်ပါဘူး။ ကျနော်တို့ အဲ့ဒီအတွက် ပြင်ဆင်ထားဖို့ လိုပါတယ်။ စောင့်ကြည့်တာပေါ့။"

သူ့ရဲ့ပြောကြားချက်တွေကို အသင်းရဲ့ကစားသမားသစ် ခေါ်ယူမှုတွေက သက်သေပြနေပါတယ်။ မော်ဂန် ရော်ဂျားစ်၊ မက်ဆန့်စ် လာခရွား၊ မာကို ပါလက်စ်ထရာ နဲ့ ပက်ပ် ချာဗာရီးယား တို့ဟာ ကစားအားအပြည့်နဲ့ တစ်ကွင်းအနှံ့ ပြေးလွှားနိုင်ကြသူတွေ.. လုပ်အားနှုန်းနဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု ကောင်းမွန်တဲ့သူတွေ ဖြစ်ကြတာကြောင့် အလွန်ဆို အနေနဲ့ သူ့ရဲ့ကစားဟန်ကို ပုံဖော်နိုင်ဖို့ လိုအပ်တဲ့ ကြံ့ခိုင်မှုနဲ့သက်လုံ ရရှိစေမှာပါ။
ပြီးခဲ့တဲ့ရာသီတွေဟာ ချယ်လ်ဆီးအသင်းဟာ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ ပြိုင်ဘက်ကစားသမားတွေနဲ့ တစ်ဦးချင်းယှဉ်ပြိုင်နိုင်မှု၊ မာကျောမှုတွေမှာ အားနည်း။ လျော့နည်းလာခဲ့တာ သိသာပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပွဲအရှိန်မြင့်တက်လာတဲ့ အခါမျိုးတွေမှာ ခံစစ်ပိုင်းလျော့နည်း၊ အားနည်းသွားလေ့ရှိပြီး၊ ပြင်းထန်တဲ့ ဖိအားပေး ကစားဟန် (high press) ကို ထိန်းထားဖို့ ဒါမှမဟုတ် ဘောလုံး ဆုံးရှုံးသွားတဲ့အခါ မြန်မြန်ဆန်ဆန် ပြန်လိုက်၊ အရယူနိုင်ဖို့ လိုအပ်တဲ့စွမ်းအင်နဲ့ ဒေါင်းဒေါင်းပြေး ကစားအား နည်းပါးနေခဲ့ပါတယ်..။
အလွန်ဆို ကတော့ အဲဒီလိုအပ်ချက်တွေကို မဖြစ်မနေပြောင်းလဲပေးဖို့ သေချာပေါက် ဆုံးဖြတ်ထားပုံရပါတယ်။ သူ့ရဲ့ချယ်လ်ဆီးအသင်းဟာ မနားတမ်း ပြေးလွှားနိုင်ရမယ်၊ ဖိအားပေး ကစားနိုင်ရမယ်၊ အလျှော့မပေး ယှဉ်ပြိုင်ကြရတော့မှာဖြစ်ပြီး၊ သူ့ဘောလုံးကစားဟန်မှာ လိုအပ်တဲ့ခန္ဓာကိုယ် ကြံ့ခိုင်မှု၊ သက်လုံဟာ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနဲ့တန်းတူ အရေးပါလာတော့မှာ ဖြစ်ပါတယ်။ ဒီလိုစံနှုန်း မမှီနိုင်တဲ့ ဒါမှမဟုတ် မလိုက်နာချင်တဲ့ ကစားသမားတွေအတွက် နည်းပြသစ် ပေးချင်တဲ့ သတင်းစကားက ထင်ရှားပေါ်လွင်နေပါပြီ။ အဲဒါကတော့ လုပ်အားနှုန်း၊ ခံယူချက်၊ စိတ်ဓါတ်တွေနဲ့ မာကျောမှု မရှိတဲ့ ကစားသမားတွေဟာ သူ့ရဲ့အသင်းမှာ နေရာရဖို့ ရှိမှာမဟုတ်ပါဘူး..။
(Football London မှ ဆောင်းပါးရှင် Harry Brent ၏ ‘Xabi Alonso's four Chelsea rule changes as new manager lays down law’ ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆို၊ ရေးသားပါသည်..။)