၂၀၂၆/၂၇ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ် အသင်းပရိသတ်များနှင့် ကစားသမားဟောင်းများ၏ ‘The Overlap’ ရာသီအဖွင့် စကားဝိုင်းအစီအစဉ်တွင် စပိန်နည်းပြ ဇာဘီ အလွန်ဆို နှင့် ကဏ္ဍသစ် စတင်ဖွင့်လှစ်မည့် ချယ်လ်ဆီးအသင်းအပေါ် ချယ်လ်ဆီးအသင်း ကိုယ်စားပြုပရိသတ် တိုဘီ အီဗင်ဒင်း နှင့် ပရီးမီးယားလိဂ် ဂန္ထဝင်ကစားသမားဟောင်းကြီးများဖြစ်ကြသည့် ပေါလ် စခိုးလ် နှင့် ဂျေမီ ကာရေဂါ တို့က အခုလိုသုံးသပ် ဆွေးနွေးခဲ့ကြသည်..။
ဂျေမီ ကာရေဂါ - ကဲ… တိုဘီ ရေ..၊ ဒီနေ့အစီအစဉ်ကတော့ မင်းရဲ့ ပထမဆုံးပွဲဦးထွက်ပေါ့ကွာ..။ ကဲ.. ပထမဆုံးအနေနဲ့ ဇာဘီ အလွန်ဆို ရောက်လာတာနဲ့ ပတ်သက်ပြီး မင်းဘယ်လောက်အထိ ရင်ခုန်နေလဲ? ဘာဖြစ်လို့လဲဆိုတော့ ဒီအသင်းပိုင်ရှင်တွေ လက်ထက်မှာ နည်းပြတွေ အများကြီး အပြောင်းအလဲ ဖြစ်ခဲ့တာကိုး။ ဇာဘီ ဟာ မင်းတို့အသင်းကို အမှန်တကယ် ဦးဆောင်သွားနိုင်မယ့်သူ ဖြစ်လာမယ်လို့ ခံစားရလား?
တိုဘီ အီဗင်ဒင်း - အခုအသင်းပိုင်ရှင်တွေ လက်ထက်မှာ သူ့အရင်ရှေ့က နည်းပြတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင်တော့ အလွန်ဆို ကို ခန့်အပ်မှုဟာ ချယ်လ်ဆီးအသင်းနဲ့အတူဆုံး၊ အလိုက်ဖက်ဆုံး ခန့်အပ်မှုလို့ ခံစားရပါတယ်။ ကစားသမားတွေ ကြည့်လိုက်တာနဲ့ "အေး… ငါလည်း ဒီလိုနည်းပြမျိုးရဲ့ ကစားသမားဘဝ အောင်မြင်မှုကို အတုယူချင်တယ်.." လို့ လက်ခံသွားရလောက်အောင် ခိုင်မာတဲ့မှတ်တမ်း ရှိခဲ့တဲ့သူ ရောက်ရှိလာတာပါ။ ဒါကြောင့် ဒါကိုမြင်ရတာ တကယ်ကိုဝမ်းသာစရာပါပဲ။ ဒါ့အပြင်အသင်းက ခေါ်ယူခဲ့တဲ့ ကစားသမား ပစ်မှတ်တွေကို ကြည့်မယ်ဆိုရင် အရင်တုန်းက မူလတန်းကျောင်းသားလေးတွေပဲ ခေါ်ယူနေခဲ့ရာက အခုဆိုရင် ဟန်ဒါဆင် နဲ့ ဝဲလ်ဘက်ခ် တို့လို အတွေ့အကြုံရင့်၊ သမ္ဘာရင့် ကစားသမားတွေဆီ ပြောင်းလဲလာတာမျိုးပေါ့..။
ဒါ့အပြင်အသင်းနဲ့ပိုပြီး အခြေကျပြီးသား ကစားသမားတွေလည်း ကျွန်တော်တို့ဆီမှာ ရှိနေပါပြီ။ ကိုင်စီဒို၊ ပါးမား နဲ့ ဂျိုအို ပက်ဒရို တို့လို ကစားသမားတွေဟာ ပရီးမီးယားလိဂ်မှာ အတွေ့အကြုံ နှစ်ပေါင်းများစွာ ရရှိပြီးထားပါ။ ဒါကြောင့်ကျွန်တော်တို့ အသင်းကို "လူငယ်အသင်းမို့လို့ပါ" ဆိုပြီး ဆင်ခြေပေးခွင့်ပြုနေတာတွေကို ရပ်တန့်ရမယ့် အချိန်ရောက်ပြီလို့ ထင်ပါတယ်..။ အခုအချိန်ဟာ အောင်မြင်မှုတွေ ရယူပြရတော့မယ့်အချိန် ရောက်လာပါပြီ။ နောက်ပြီးဥရောပပြိုင်ပွဲတွေ ယှဉ်ပြိုင်စရာ မလိုတာတော့တာဟာ ကျွန်တော်တို့အတွက် အကြီးမားဆုံး အားသာချက် ဖြစ်လာနိုင်ပါတယ်။

အခုအချိန်ဟာ တကယ်ကို မျှော်လင့်ချက်ထားရှိရမယ့် အချိန်တစ်ခုပေါ့ဗျာ..။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက ပရီးမီးယားလိဂ် အဆင့် (၁၀) နဲ့ ရာသီသိမ်းပြီး မားကို့စ် အလွန်ဆို ဆိုတဲ့ Wing back တစ်ယောက်ကို ခေါ်ယူခဲ့တယ်..။ 3 back system နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖလား ရခဲ့ဖူးတာ ပြန်ပြီးအမှတ်ရမိပါတယ်..။
ပေါလ် စခိုးလ် - အသက်အရမ်းကြီးနေတဲ့ ကစားသမား နှစ်ယောက် ခေါ်လိုက်တာ သိပ်တော့လက်ခံရ ခက်သလိုပဲဗျ..။ အသက် (၂၁) နှစ်အရွယ် ကစားသမားအများကြီး တောက်လျှောက်ခေါ်နေရာကနေ နောက်ထပ်ဝင်ရိုးစွန်း အခြားတစ်ဖက်ဆီ ရောက်သွားသလို ဖြစ်နေပါတယ်။ ဟုတ်ပြီလေ.. အတွေ့အကြုံ ပိုရှိအောင် အသက် (၂၈)၊ (၂၉) နှစ်လောက် ခေါ်ရင်တော့ ဟုတ်တာပေါ့.. အခုကျတော့ အသက်က (၃၇)၊ (၃၈) တွေ ဖြစ်နေပြီလေ..
တိုဘီ အီဗင်ဒင်း - ဟေး… ခင်ဗျားတို့ နှစ်ယောက်လည်း အသင်းဆီက ဖုန်းဆက်ခေါ်မှာကို မျှော်လင့်နေခဲ့ကြတာ မဟုတ်လား.. ဟားဟား [ရယ်မောလျက်]။
ပေါလ် စခိုးလ် - နှစ်ပါတ်လောက် အချိန်ပေးလိုက်ရင် အဆင်ပြေသွားလိမ့်မယ်..ဟားဟား.. [ရယ်မောလျက်]။
တိုဘီ အီဗင်ဒင်း - ဟုတ်ပါတယ်..။ ဟန်ဒါဆင် ကို ခေါ်လိုက်တာ ဘယ်လိုခံစားရလဲ? ဆိုတော့၊ နောင်တစ်ချိန်ကျရင် အလွန်ဆို ရဲ့ နည်းပြအဖွဲ့ထဲ ရောက်သွားမယ့်ပုံစံမျိုး မြင်ယောင်နေမိတာပဲဗျ..။ ကျွန်တော်ကတော့ အဲ့ဒီလို ခံစားချက်မျိုး ရပါတယ်။
ဂျေမီ ကာရေဂါ - သူ့ကို နည်းပြလစာပဲ ပေးထားတာ နေမှာပါ.. ဟားဟား [ရယ်မောလျက်]။

တိုဘီ အီဗင်ဒင်း - အင်း… ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့.. ဟားဟား။ ဒါပေမယ့် ချာကာ နဲ့ အရင်ဆုံး သတင်းထွက်တုန်းကတော့ သူလိုချင်တဲ့ပုံစံ ကွက်တိပဲလို့ ထင်မိခဲ့ပါတယ်..။ အဲ့ဒါကို လက်ခံလို့ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူကအဆင့်တစ်ခုမှာ ရှိနေတုန်း၊ ကစားသမားကောင်း တစ်ယောက် ဖြစ်နေတုန်းပဲဗျ..။ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။ အဲ့ဒါကို နားလည်ပေးလို့ ရပါတယ်။
ကျွန်တော်တို့အသင်းက တကယ်ကို အတွေ့အကြုံ နုနယ်လွန်းတဲ့အသင်း ဖြစ်ပါတယ်..၊ ပြီးခဲ့တဲ့ရာသီတုန်းဆိုရင် အနီကတ်ဒ်အပြခံရတဲ့ အရေအတွက် စံချိန်ချိုးသွားခဲ့ပါသေးတယ်။ ပြောချင်တာက ဘာစီလိုနာကိုတောင် အနိုင်ကစားခဲ့ပြီး နောက်အပတ်ကျ ရူးကြောင်ကြောင် လုပ်ပြတတ်တဲ့ အသင်းမျိုးဗျ..။
ဂျေမီ ကာရေဂါ - အဲဒါငါပြောချင်တဲ့ အချက်ပဲဗျ..။ အဲ့ဒါကြောင့်လည်း ထူးဆန်းတယ်လို့ မြင်မိနေတာ။ လာခရွား ကို ခရစ္စတယ် ပဲလေ့စ် က ခေါ်ယူမှုကတော့ သိပ်ကိုကောင်းတယ်လို့ ထင်ပါတယ်။ ဒါကိုလက်ခံပေးလို့ရပါတယ်။ မင်းတို့အသင်းမှာက ဗဟိုခံစစ်မှူးတွေဟာ လူငယ်တွေပဲ ဖြစ်နေပါတယ်။ လာခရွား ဟာ ပရီးမီးယားလိဂ်အကြောင်း နားလည်တယ်၊ အတွေ့အကြုံရှိတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့် ကွင်းထဲမှာ မလိုအပ်ပဲ အနီကတ်ဒ်တွေ အပြခံနေရတာ၊ ဦးဆောင်ဂိုးတွေကို ထိန်းမထားနိုင်ဘဲ အလဟဿ ဂိုးတွေပေးနေရတာတွေ ရှိတယ်လို့ မင်းပြောနေတာလေ။ အဲ့ဒီတော့ ဟန်ဒါဆင် နဲ့ ဝဲလ်ဘက်ခ် တို့က ကွင်းထဲမှာ ဘယ်လောက်အထိ ကစားခွင့်ရကြမှာမလို့လဲ?
သူတို့သာ အသက် (၂၈)၊ (၂၉) ဒါမှမဟုတ် အသက် (၃၀) လောက်၊ ဒါမှမဟုတ် ယူရီ တီးလမန်းစ် တို့လို အသက်အရွယ် အပိုင်းအခြား ဖြစ်နေရင် လက်ခံပေးလို့ ရပါသေးတယ်။ သူတို့ဟာ လေ့ကျင့်ရေးကွင်းအတွက်တော့ အရမ်းကောင်းနေမှာပါ..။ တကယ်လို့ ချယ်လ်ဆီးသာ ရာသီအဖွင့်မှာ အစကောင်းသွားခဲ့ရင် ဝဲလ်ဘက်ခ် နဲ့ ဟန်ဒါဆင် တို့ဟာ အဝတ်လဲခန်းထဲမှာ အရမ်းကိုအကျိုးပြုတယ်… စသဖြင့် သတင်းတွေ ကြားရတော့မယ်ဆိုတာ အသေအချာပေါ့ဗျာ..။

ချယ်လ်ဆီးအသင်းမှာ လိုအပ်နေတဲ့ စည်းကမ်းပိုင်း ထိန်းသိမ်းတဲ့နေရာမှာ ကူညီပေးဖို့နဲ့ ပွဲပြီးခါနီးတွေမှာ ရလဒ်ထိန်းနိုင်အောင် ကူညီပေးဖို့ သူတို့ကိုခေါ်ယူခဲ့တယ်.. လို့ပဲ စဉ်းစားလို့ရတာပေါ့။ ဟုတ်ပါတယ်.. သူတို့ဟာ ပွဲပြီးခါနီး (၁၀) မိနစ်၊ (၁၅) မိနစ်လောက်မှာ လူစားဝင် ကစားနိုင်တာပေါ့၊ ဒါပေမယ့် ကွင်းထဲမှာ အမှန်တကယ် ကစားပေးနိုင်မယ့် အတွေ့အကြုံမျိုးလည်း ချယ်လ်ဆီးအသင်းမှာ လိုအပ်နေပါတယ်..။
ဂျော်ဒန် ဟန်ဒါဆင် ကို ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းအတွက် ရွေးချယ်သွားရတဲ့ အကြောင်းရင်းကို ငါသဘောပေါက်ပါတယ်။ လူတွေကတော့ သူဟာကစားခွင့် သိပ်ပြီးရမှာ မဟုတ်ပါဘူးလို့ ပြောကြမှာပေါ့။ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ရက်သတ္တပါတ် (၆) ပါတ်လောက်ပဲ ကြာမြင့်မယ့် ခရီးစဉ်သက်သက် ဖြစ်ပါတယ်..။ ဒါ့ကြောင့်ပွဲကစားခွင့် မရရှိမယ့် ကစားသမား (၇) ယောက်၊ (၈) ယောက်လောက်တော့ ရှိနေမှာပဲ။ ဒါပေမဲ့ (၁၀) လ၊ (၁၁) လ ကြာမြင့်မယ့် ဘောလုံးရာသီ ခရီးရှည်တစ်ခုလုံးအတွက် ကစားသမား (၂၂) ယောက်ပဲရှိနေတဲ့ လူစာရင်းဆိုရင်တော့ အချိန်တစ်ခုခုမှာ သူတို့အားလုံးကို မဖြစ်မနေ လိုအပ်လာမှာပါ။
သူဟာအပါတ်စဉ် ကစားခွင့်ရမှာ မဟုတ်သလို ကွင်းပြင်ပမှာလည်း ကူညီပေးနိုင်မယ်ဆိုတာ ငါသိပါတယ်..။ ဒါပေမယ့် မင်းတို့အသင်း လိုအပ်နေတာက ကွင်းထဲမှာ အမှန်တကယ် သုံးလို့ရမယ့် အတွေ့အကြုံလို့ ငါထင်မိပါတယ်။ ငါကတော့ ခရစ္စတယ် ပဲလေ့စ်က ရောက်လာတဲ့ မက်ဆန့်စ် လာခရွား က ဂျော်ဒန် ဟန်ဒါဆင် ထက် ပိုပြီးတန်ဖိုးရှိလိမ့်မယ်လို့ မြင်မိပါတယ်။
တိုဘီ အီဗင်ဒင်း - ဟုတ်ပါတယ်..။ ပွဲထွက်ပထမ (၁၁) ယောက် လူစာရင်း အားကောင်းဖို့ သေချာပေါက် အရေးကြီးတာပေါ့။ ဒါပေမယ့် ဝါရင့်ကစားသမားတွေဆီက ရရှိလာနိုင်တဲ့ လေ့ကျင့်ရေးကွင်းထဲအထိ ဩဇာသက်ရောက်မှုတွေဟာ အရေးကြီးတယ်လို့ ခင်ဗျားမထင်ဘူးလား? ပြီးခဲ့တဲ့ရာသီ လီယမ် ရိုဆီးနား လက်ထက်မှာ အင်ဇို ဖာနန်ဒက်စ်ရော၊ မာ့စ် ကူကူရယ်လာ ပါ အသင်းရဲ့အခြေအနေကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုခဲ့ကြပြီး နည်းပြအပေါ် တော်လှန်၊ ပုန်ကန်ချင်တဲ့ ပုံစံမျိုးတောင် နည်းနည်း ဖြစ်သွားခဲ့တာ မဟုတ်လားဗျ..
ပေါက် စခိုးလ် - အဲဒါကြောင့် နည်းပြက သူတို့ဆီကနေ လေ့ကျင့်ရေးကွင်းထဲမှာ ဩဇာလွှမ်းမိုးမှု ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါလိမ့်မယ်..။ ဟုတ်တယ်မလား..? အထူးသဖြင့် အခုလိုအချိန်မှာ သူတို့ဟာပွဲတိုင်း ကစားရမှာ မဟုတ်တာ အသေအချာပါပဲ..။ ဝဲလ်ဘက်ခ် ဆိုရင်လည်း ပွဲပြီးခါနီးမှ လူစားဝင် ကစားပေးရဦးမှာပဲ မဟုတ်လား? သူတို့တွေဟာ လူငယ်ကစားသမားတွေကို လေ့ကျင့်ရေးကွင်းမှာ ကူညီပေးနိုင်ဖို့က အတန်ဖိုးရှိဆုံး ဖြစ်လိမ့်မယ်လို့ ငါထင်ပါတယ်။ ချယ်လ်ဆီးမှာ အဲ့လိုလုပ်ဖို့ ငွေတွေပိုလျှံနေတာ ဖြစ်မှာပေါ့ဗျာ…

ဂျေမီ ကာရေဂါ - ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီ အမှတ်ပေးဇယားမှာ အဆင့် (၁၀) နဲ့ ပိတ်သိမ်းခဲ့ပေမယ့် အခုရာသီမှာတော့ ထိပ်ဆုံးအဆင့်တွေဆီ ပြန်လည်ရောက်လာဖို့ တကယ့်ကို အခွင့်အရေးကောင်းတွေ ရရှိနေတယ်လို့ ထင်မိပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ဥရောပပြိုင်ပွဲတွေ ယှဉ်ပြိုင်စရာ မလိုတာရယ်၊ တချို့အသင်းတွေမှာ ကြီးကြီးမားမား အပြောင်းအလဲတွေနဲ့ မတည်ငြိမ်မှုတွေ ဖြစ်နေကြတာရယ်ကြောင့်ပါ။ ချယ်လ်ဆီးအတွက်တော့ အခွင့်အရေးကြီးတစ်ခု ရောက်လာတာလို့ ထင်မိပါတယ်။
တိုဘီ အီဗင်ဒင်း - ဟုတ်ပါတယ်..။ အခုဘောလုံးရာသီဟာ ကျွန်တော်တို့အတွက် အဆင်ပြေသွားမယ့် ရာသီတစ်ခု ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ရာသီရဲ့ အရင်တစ်နှစ်ကဆိုရင် အဆင့် (၄) ရခဲ့တာပဲလေ။ ပြီးခဲ့တဲ့ ရာသီတုန်းကကျတော့ ဗဟိုခံစစ်ပိုင်းမှာ လီဗိုင်း ကိုဝဲလ် ကို ဆုံးရှုံးလိုက်ရတာဟာ ကျွန်တော်တို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှု ဖြစ်လာခဲ့တယ်လို့ ယူဆမိပါတယ်..။
ဒါ့အပြင်အသင်း တည်ဆောက်ရာမှာ ခံစစ်မှူးတွေနဲ့ ဂိုးသမားပိုင်းကို နှစ်ပေါင်းများစွာ လစ်လျူရှုလာခဲ့ပြီး အဲဒီနေရာမှာ တူတူတန်တန်ဆိုလို့ ကိုဝဲလ် တစ်ယောက်ပဲ ရှိနေခဲ့တာပါ။ သူဒဏ်ရာရပြီး မကစားနိုင်တော့တဲ့အခါ အသင်းရဲ့ခံစစ်ကြောင်း တည်ငြိမ်မှုရရှိဖို့ ခက်ခဲသွားတာပေါ့။ ဒါပေမယ့် အခုကျတော့ လာခရွား ရောက်လာပြီ ဖြစ်တာကြောင့် ပိုပြီးလုံခြုံ၊ စိတ်ချရပြီလို့ ခံစားနေရပါတယ်။
ဟန်ဒါဆင် ကို ခေါ်ယူခဲ့တာနဲ့ ပတ်သက်ပြီး အခုအချိန်မှာ မေးခွန်းထုတ်စရာတွေ ရှိနေနိုင်ပေမယ့် ချယ်လ်ဆီးပရိသတ် တစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင် ကစားသမားတွေ ခေါ်ယူရာမှာ အရင်တုန်းကလို လူငယ်လေးတွေကိုပဲ ဆက်တိုက်ခေါ်ယူနေတဲ့ ပုံစံမျိုးမဟုတ်တော့ဘဲ ထူးထူးခြားခြား ခွဲထွက်လာတာကို မြင်ရတာတင် အားတက်စရာ၊ ကျေနပ်စရာ ကောင်းနေပါပြီ။ သူတို့တွေအချိန်မှီ သတိဝင်ပြီး အပြောင်းအလဲ လုပ်လာတာကို မြင်တွေ့နေရတာဟာ ဝမ်းသာစရာပါ။

ဂျေမီ ကာရေဂါ - ရာသီကြိုနောက်ဆုံးပွဲစဉ်တွေမှာ 3 Back ခံစစ်ပုံစံ ပြောင်းသုံးတာနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်ပါသေးတယ်..။ ဘာဖြစ်လို့လဲဆိုတော့ အစောပိုင်း ကစားခဲ့တဲ့ပွဲတချို့မှာ Back four အထိုင်နဲ့ ကစားတာ တွေ့ခဲ့ပါတယ်..။အဲ့ဒီအချက်ကို ငါသေသေချာချာ စောင့်ကြည့်နေခဲ့တာ အကြောင်းရှိပါတယ်..။ လီဗာပူးလ်အသင်းက အလွန်ဆို ကို မကမ်းလှမ်းခဲ့တဲ့ အကြောင်းအရင်းတွေထဲမှာ သူသုံးလေ့ရှိတဲ့ ကစားကွက် စနစ်ကြောင့်များ ပါဝင်နေလား? လို့ စဉ်းစားမိခဲ့လို့ပါ။ အစောပိုင်းပွဲတချို့မှာ Back four အထိုင် ကစားခဲ့ပေမယ့် နောက်ပိုင်းမှာ 3 Back ခံစစ်ကြောင်းပုံစံ ပြောင်းလဲသွားတယ် မဟုတ်လား?
တိုဘီ အီဗင်ဒင်း - ဟုတ်ပါတယ်..။ ကစားသမားတွေ ပြန်ရောက်လာပြီး အသင်းလူစာရင်း ပိုများလာတာနဲ့ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေပွဲမှာ 3 Back ခံစစ်ကြောင်းကို ပြောင်းသွားပါတယ်..။ ပြီးတော့ နောက်ထပ် Wing-back တစ်ယောက်ကို ထပ်ပြီးစာချုပ် ချုပ်လိုက်ပါသေးတယ်။ အဲ့တော့ ဘယ်၊ ညာ သီးသန့် Wing-back တွေ ရှိသွားပြီပေါ့။ အရင်တုန်းက ပါလက်စ်ထရာ ရဲ့ ကစားပုံကို ကြည့်ဖူးသလောက်တော့ သူဟာ Back four ခံစစ်ကြောင်းရဲ့ ညာနောက်ခံလူမျိုး ဖြစ်ပုံမရပါဘူး။
ဂျေမီ ကာရေဂါ - မော်ဂန် ရော်ဂျားစ် နဲ့ ပတ်သက်ပြီး မေးချင်ပါသေးတယ်..။ သူကမင်းတို့အသင်းရဲ့ ဘယ်နေရာမှာ ကစားမယ်လို့ ထင်မိလဲ..? သူ့ကိုခေါ်ယူနိုင်တဲ့အပေါ် မင်းတို့ပရိသတ်တွေ အရမ်းကိုစိတ်လှုပ်ရှားနေကြလား..? နောက်ပြီးပေးလိုက်ရတဲ့ ပြောင်းရွှေ့ကြေးဟာ တန်ရာတန်ကြေးထက် ပိုပြီးများပြားနေတယ်.. လို့ မထင်မိဘူးလား..?
တိုဘီ အီဗင်ဒင်း - သူ့ရဲ့ထိုက်သင့်တဲ့ တန်ကြေးထက် ပိုပေးလိုက်ရတယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့အတွက် ကောင်းမွန်ခဲ့တဲ့ ခေါ်ယူမှုတစ်ခုပါ..။ ပါးမား အတွက်လည်း လိုအပ်နေပါတယ်။ ပြောချင်တာက ပါးမား ဟာ ခြေစွမ်းတည်ငြိမ်တဲ့ ရာသီကောင်းတစ်ခု ပိုင်ဆိုင်ဖို့ လိုအပ်နေပါတယ်..။ ဒါ့ကြောင့်အခုဘောလုံးရာသီမှာ ပြိုင်ဘက်အသင်းတွေ သတိထားစောင့်ကြည့်ရမယ့် နောက်ထပ် ကစားသမား တစ်ယောက် ရှိနေတာက ပါးမား အတွက် အထောက်အကူ ဖြစ်စေမှာပါ။
ပြီးတော့ မော်ဂန် ရော်ဂျားစ် ရဲ့ ကစားပုံကို ကျွန်တော်ကြိုက်နှစ်သက်ပါတယ်။ သူဟာဂိုးဧရိယာ အပြင်ဘက်ကနေ ကန်သွင်းယူနိုင်တဲ့ ကစားသမားဖြစ်ပါတယ်..။ ခံယူချက်နဲ့ စိတ်ဓါတ်လည်း ကောင်းမွန်တယ်ဗျ..။ လေဗာကူဆင်တုန်းက ဖလော်ရီယန် ဗာ့ဇ် ကစားခဲ့သလို သူ့ရဲ့ဘေးမှာ Wing-back တွေက overlap လုပ်ပေးမယ့် ဘယ်ဘက်က ‘No. 10’ ကွင်းလယ်တိုက်စစ်နေရာမှာ ကစားလိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။