စပိန်နည်းပြ ဇာဘီ အလွန်ဆို မှာ ချယ်လ်ဆီးအသင်းကို ရွေးချယ်ခဲ့ရခြင်းအကြောင်းရင်း၊ အသင်းနှင့်ပတ်သက်သည့် သူ၏အမြင်.. ရည်မှန်းချက်များ၊ ကိုးလ် ပါးမား ၏ အကောင်းဆုံးခြေစွမ်း ပြန်လည်ရရှိရန် အစီအမံ၊ ကိုးလ် ပါးမား နှင့် မော်ဂန် ရော်ဂျားစ် အတွဲအစပ်.. စသည့် အကြောင်းအရာများကို Men in Blazers တွေ့ဆုံခန်း အစီအစဉ်တွင် အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်..။
ရော်ဂျာ ဘန်းနက်တ် - ဇာဘီ ရေ.. ခင်ဗျားနဲ့တွေ့ဆုံခွင့် ရခဲ့တဲ့အပေါ် အထူးပဲဝမ်းမြောက်မိပါတယ်..။ အခုဆိုရင် ခင်ဗျားဟာ ချယ်လ်ဆီးအသင်ကို ရောက်နေပါပြီ။ ခင်ဗျားဟာ ရီးရဲလ် မက်ဒရစ်အသင်းကို (၃၄) ပွဲ ကိုင်တွယ်ခဲ့ပြီး စပိန်ထိပ်သီး အသင်းကြီးနဲ့ ဖြတ်သန်းခဲ့တဲ့ကာလဟာ ခင်ဗျားအတွက် စိတ်ဒဏ်ရာ ရခဲ့စေတယ်လို့ ပြောခဲ့ဖူးတာရှိပါတယ်။ ချယ်လ်ဆီးအသင်းဟာ ထိပ်တန်းအသင်းကြီးတစ်သင်း ဖြစ်ပေမယ့် လွန်ခဲ့တဲ့ (၅) နှစ်အတွင်းမှာ နည်းပြအပြောင်းအလဲတွေနဲ့ ရှုပ်ထွေးမှုတွေ များပြားလှတဲ့ အခြေအနေတစ်ခု ဖြစ်ခဲ့ပါတယ်။ အခုအချိန် ခင်ဗျားရောက်ရှိနေတဲ့နေရာ၊ ခင်ဗျားရဲ့နည်းပြဘဝ ခရီးတစ်ထောက်ဟာ ခင်ဗျားအတွက် သင့်တော်တဲ့ နေရာတစ်ခု ဖြစ်တယ်လို့ ဘာကြောင့်ယုံကြည်ခဲ့တာလဲ..?
ဇာဘီ အလွန်ဆို - ချယ်လ်ဆီးအသင်းဟာ တကယ့်ကို ကြီးကျယ်၊ ခမ်းနားတဲ့အသင်းကြီး တစ်သင်းဖြစ်ပါတယ်..။ ဒီလိုအသင်းကြီးကို ရောက်လာခွင့်ရတာဟာ ဂုဏ်ယူစရာဖြစ်သလို အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကျနော့်အတွက် ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ကိုင်နိုင်မယ့်၊ လုပ်ငန်းစဉ်တွေထဲမှာ ပါဝင်လုပ်ဆောင်နိုင်မယ့် စီမံချက်တစ်ခုထဲမှာ ယုံကြည်နိုင်ဖို့အတွက် အခုအချိန်အခါဟာ အသင်းအတွက်ရော ကျနော့်အတွက်ပါ အချိန်ကိုက်၊ နေရာကိုက် ကွက်တိကျခဲ့တယ်လို့ ထင်ပါတယ်။
ကျနော်ဟာ လက်ရှိအသင်း လူစာရင်းအပေါ်မှာ အပြည့်အဝ ယုံကြည်ခဲ့ပါတယ်..။ ဒီအသင်းကို ပိုမိုတိုးတက်လာအောင် လုပ်လို့ရတယ်လို့လည်း ခံစားခဲ့ရပါတယ်။ ဒါ့အပြင်ကျနော်တို့ဟာ ‘အဆင်သင့်ဖြစ်နေပြီ’ ဆိုတဲ့ ခံစားချက်နဲ့အတူ အရေးပါပြီး ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ခဲ့တယ်လို့လည်း ယူဆမိပါတယ်။ ကျနော်တို့ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို စတင်ဖို့ အသင့်ဖြစ်နေပါပြီ။

ရော်ဂျာ ဘန်းနက်တ် - ခင်ဗျားဟာ လက်ရှိ ချယ်လ်ဆီး ပိုင်ရှင်တွေ လက်ထက်မှာ "နည်းပြချုပ် (Head Coach)’ မဟုတ်ဘဲ "မန်နေဂျာ (Manager)” ဆိုတဲ့ ရာထူးပေးအပ်ခဲ့ရတဲ့ ပထမဆုံး ဦးဆောင်သူတစ်ယောက် ဖြစ်ပါတယ်။ ဇာဘီ ရေ.. အဲဒီဝေါဟာရနှစ်ခု ဘယ်လိုကွာခြားတယ်.. ဆိုတာ ခင်ဗျားရဲ့ကိုယ်ပိုင် စကားလုံးနဲ့ ရှင်းပြပေးနိုင်မလား..?
ဇာဘီ အလွန်ဆို - ဘောလုံးနဲ့ ပတ်သက်သမျှ ဆုံးဖြတ်ချက်တိုင်းမှာ ပါဝင်ခွင့်ရတာပါ။ ဒါပေမယ့် ဒါဟာကျနော့် ဆုံးဖြတ်ချက်သီးသန့် မဟုတ်ပါဘူး။ ကျနော်တို့ သုံးသပ်တယ်၊ အကဲဖြတ်တယ်၊ ဦးစားပေး သတ်မှတ်တယ်၊ ပြီးတော့ အဆင်ပြေပြေ အကောင်အထည်ဖော်နိုင်ဖို့ အစီအစဉ် ရေးဆွဲကြတဲ့ ‘ဘုံ’ ဆုံးဖြတ်ချက်တစ်ခုပါပဲ။ အခုထိတော့ ကျနော်တို့ရေးဆွဲထားတဲ့ အစီအစဉ်ကို ကောင်းကောင်းမွန်မွန် အကောင်အထည်ဖော်နိုင်ခဲ့ပြီး ကျနော်တို့ ပါဝင်ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ Carabao ဖလားပြိုင်ပွဲအားလုံးမှာ စိန်ခေါ် ယှဉ်ပြိုင်နိုင်မယ့် အသင်းလူစာရင်းတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီဆိုတဲ့ ခံစားချက်ရရှိနေပါတယ်။
ရော်ဂျာ ဘန်းနက်တ် - ရာသီကြိုအကြောင်း ပြောကြည့်ရအောင်။ အင်္ဂလန်ရဲ့ အထူးခြားဆုံး ‘ရေခဲရောင်းသမား (Ice Salesman)’ လို့ တင်စားခံရတဲ့ ‘ကိုးလ် ပါးမား’ အကြောင်းပါ..။ အခုဆိုရင် သူ့ကိုကြည့်ရတာ ပိုပြီးပေါ့ပါးလာတယ်၊ ပိုပြီးရွှင်လန်းလာတယ်၊ ပိုပြီးတော့လည်း ခြိမ်းခြောက်နိုင်စွမ်း ရှိလာပုံရပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ သူဟာရုန်းကန်ခဲ့ရတဲ့အပြင် ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့လည်း လွဲချော်ခဲ့ရပါသေးတယ်..။ အဲ့တုန်းက ဘယ်လိုတွေဖြစ်ခဲ့လဲ? ဆိုတာ ခင်ဗျားဘက်က ဘယ်လိုနားလည်ထားလဲ? ပြီးတော့ သူ့ဆီက အကောင်းဆုံးခြေစွမ်း ပြန်လည်ရဖို့ အဓိကသော့ချက် ဘာဖြစ်မလဲ? စိတ်ပိုင်းဆိုင်ရာကြောင့်လာ်..? ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာကြောင့်လာ်..?
ဇာဘီ အလွန်ဆို - ပထမဆုံးအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ အပြည့်အဝ ကျန်းမာ၊ ကြံ့ခိုင်နေဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးခြေစွမ်း ထုတ်ပြနိုင်ဖို့ ကိုယ့်ရဲ့ခန္ဓာကိုယ် အစွမ်းအစ (၁၀၀ %) ရာခိုင်နှုန်း အပြည့်အဝ ရှိနေတယ်လို့ ခံစားရဖို့ လိုတာပေါ့။ အဲ့ဒီလို ကျန်းမာကြံ့ခိုင်တဲ့စိတ်ဓာတ် ရလာပြီဆိုမှ ‘ယုံကြည်မှု’ ထပ်ပြီး ရရှိလာမှာပါ။ ကစားကွက်စနစ်က အလုပ်ဖြစ်နေတယ်၊ ကိုယ်ကိုယ်တိုင်လည်း ကစားရတာ ပျော်ရွှင်နေတယ်၊ ပွဲထဲမှာ ကိုယ့်ရဲ့တာဝန်၊ ဝတ္တရားတွေ ရှိနေတယ်လို့ ခံစားရဖို့ လိုအပ်ပါတယ်။
ဒါပေမယ့် ကိုးလ် ဆိုတာ အထူးခြားဆုံး ကစားသမားတွေထဲ တစ်ယောက်ဖြစ်ပါတယ်..။ ကျနော်တို့အနေနဲ့ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်တဲ့ ချယ်လ်ဆီးအသင်းတစ်သင်း တည်ဆောက်ချင်တယ်ဆိုရင် အကောင်းဆုံး ခြေစွမ်းရရှိနေတဲ့ ကိုးလ် ပါးမား တစ်ယောက် ရှိနေဖို့လိုပြီး၊ အဲ့ဒီအတွက် သူ့ဆီကို သင့်တော်တဲ့အချိန်၊ သင့်တော်တဲ့နေရာတွေမှာ ဘောလုံးတွေ ရောက်သွားအောင် ခိုင်မာ၊ တည်ငြိမ်တဲ့ စနစ်တစ်ခုကို တည်ဆောက်ပေးရပါမယ်။ အဲ့ဒီကျမှ သူဟာ ပွဲကိုအပြောင်းအလဲဖြစ်အောင် လုပ်ဆောင်ပေးသွားနိုင်မှာပါ။

ရော်ဂျာ ဘန်းနက်တ် - ဒါဆို ခင်ဗျား သူ့ကို ဘာတွေ ပြောခဲ့လဲ။
ဇာဘီ အလွန်ဆို - ဒီရာသီဟာ လူတိုင်းအတွက်ရော သူ့အတွက်ပါ အရေးပါတဲ့ ရာသီတစ်ခုဖြစ်ပြီး ကျနော်တို့ ပိုင်ဆိုင်ချင်တဲ့ ကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ခုမှာ သူဟာအကြီးမားဆုံး သက်ရောက်မှု ပေးနိုင်မယ့်သူ ဖြစ်ပါတယ်..။ ဒါပေမယ့် အရေးကြီးတာက သူဟာသူ့ရဲ့ကိုယ့်ပိုင်ကစားဟန်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ယုံကြည်မှုအပြည့် ကစားနိုင်ဖို့ပါပဲ..။ အဲ့ဒီအတွက်လည်း ကျနော်တို့ သူ့ကိုကူညီပေးဖို့ လိုအပ်ပါတယ်။
ရော်ဂျာ ဘန်းနက်တ် - အဲဒါကြောင့် သူ့ကိုကူညီပေးဖို့ အခုနွေရာသီရဲ့ ဟော့အဖြစ်ဆုံးခေါ်ယူမှုတစ်ခုကို ခင်ဗျားပြုလုပ်ခဲ့တယ်။ မော်ဂန် ရော်ဂျားစ် ဟာ ပါးမား ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်ပြီး သူတို့နှစ်ယောက်ဟာ အသက် (၁၄) နှစ်အရွယ်ကတည်းက အတူတူကစားခဲ့ကြသလို ဂိုးသွင်းအပြီး အောင်ပွဲခံပုံချင်းလည်း တူကြပါတယ်။ "မော်ဂန်နဲ့ အသင်းဖော်တွေကြား ချိတ်ဆက်မှု မှန်မှန်ကန်ကန်ရသွားရင် ကျနော်တို့ကစားဟန် အရည်အသွေးတစ်ခုလုံးမှာ ကြီးမားတဲ့တိုးတက်မှု ဖြစ်လာလိမ့်မယ်" လို့ ခင်ဗျားပြောခဲ့တာ ရှိပါတယ်။ မော်ဂန် နဲ့ ကိုးလ် တို့ဟာခင်ဗျားရဲ့ကစားကွက်စနစ်ထဲမှာ ဘယ်လိုပုံစံ အချိုးကျကျ တွဲဖက်သွားဖို့ မြင်ထားလဲ? ပြောပြပေးလို့ ရမလား?
ဇာဘီ အလွန်ဆို - ဟုတ်ပါတယ်..။ သူတို့နှစ်ယောက်ကြားမှာ ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေး ရှိကြသလို တစ်ယောက်နဲ့တစ်ယောက် အံဝင်ခွင်ကျ ရှိကြပါတယ်..။ ဒါပေမယ့် အဲဒီအရာတွေကို အသင်းအတွက် အသုံးချနိုင်ဖို့ လိုအပ်တာပေါ့။ သူတို့ နှစ်ယောက်လုံးက ပါရမီရှင် ကစားသမားတွေ ဖြစ်ကြတယ်..၊ ကြိုးစားအားထုတ်မှု ကောင်းမွန်ကြပါတယ်..။ နောက်ပြီး ခန့်မှန်းရခက်တဲ့ ဖန်တီးပေးပို့မှုတွေ ပြုလုပ်တတ်တဲ့ ခေတ်သစ်ကစားသမားမျိုးတွေလည်း ဖြစ်ကြပါတယ်။ ဒါ့အပြင် သူတို့ဟာ ဘောလုံးအပေါ်မှာရော အသင်းက တာဝန်ယူမှုတွေအပေါ်မှာပါ တာဝန်ကျေပြတဲ့သူတွေ ဖြစ်ကြပါတယ်..။
ဒါကြောင့် သူတို့လို အတူတူလက်တွဲ လုပ်ကိုင်လို့ကောင်းတဲ့ ကစားသမားမျိုးတွေ ရထားတာဟာ တကယ်ကို ကောင်းပါတယ်။ ကျနော်ကတော့ သူတို့အချင်းချင်း တွဲဖက်ကစားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ရော၊ တခြားကစားသမားတွေနဲ့ပါ အကောင်းဆုံး အချိတ်အဆက် မိသွားကြလိမ့်မယ့်လို့ မြင်ယောင်ထားပါတယ်..။

ရော်ဂျာ ဘန်းနက်တ် - ဒါဆို ဘယ်သူက ကွင်းလယ်ဖန်တီးရှင် ‘No. 10’ နေရာမှာ ကစားမှာလဲ?
ဇာဘီ အလွန်ဆို - နှစ်ယောက်လုံးပါ။ သူတို့နှစ်ယောက်စလုံးဟာ 'No. 10' နေရာမှာရော၊ 'No. 8' နဲ့ တောင်ပံနေရာတွေမှာပါ ကစားပေးနိုင်ပါတယ်။ ဒါကြောင့် နေရာတစ်ခုတည်း ပုံသေသတ်မှတ်ထားတာ မဟုတ်ဘဲ လှုပ်ရှားရွေ့လျားမှု၊ လိုက်လျောညီထွေရှိမှု (dynamism) နဲ့ အချင်းချင်းနားလည်မှုရှိရှိ ချိတ်ဆက်သွားနိုင်မှာ ဖြစ်ပါတယ်..။ ဘောလုံးလောကမှာ သူတို့ဘာလုပ်ရမလဲ ဆိုတာကို သူတို့ဘာသာ သိနေကြတဲ့ ကစားသမားတွေကို ခင်ဗျား အကြိမ်ကြိမ် မြင်ဖူးပါလိမ့်မယ်..။ သူတို့ကို အများကြီး ပြောပြနေစရာ မလိုပါဘူး။ သူတို့ဖာသာ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချမှတ်သွားကြမှာပါ။ နည်းပြတွေ အသေးစိတ်ညွှန်ကြားစရာမလိုပဲ သူတို့ဘာသာ အဖြေရှာသွားနိုင်တဲ့ တွဲဖက်မှုမျိုးတွေကို ကျနော်တို့အသင်းမှာ တွေ့မြင်ရတော့မှာပါ။
ရော်ဂျာ ဘန်းနက်တ် - အဲ့ဒီတော့ ခင်ဗျားဟာ ဘောလုံးပွဲ ကြည့်နေတဲ့အချိန်၊ ကိုးလ် ပါးမား နဲ့ မော်ဂန် ရော်ဂျားစ် တို့လို ကစားသမားတွေကို ကြည့်နေတဲ့အချိန်မှာ သူတို့တွေ မထင်မှတ်တာ လုပ်ပြတဲ့အချိန်တွေမှာ သူတို့ဘာတွေလုပ်လိမ့်မလဲ? ဆိုတာ ခင်ဗျား ကြိုသိနေတာလား? ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ ဆွေးနွေးထားဖူးတယ်၊ လေ့ကျင့်ထားဖူးတယ်၊ ဒါတွေက ခင်ဗျားရဲ့အိုင်ဒီယာတွေ မဟုတ်လာေ..? ဒါမှမဟုတ် ခင်ဗျားဟာပွဲကြည့်ရင်း "ဟာ… ဒီကောင်တွေ အံ့ဩစရာကောင်းတဲ့အရာတွေ လုပ်ပြတတ်တာပဲ" ဆိုပြီး ဖြစ်သွားရတဲ့ အခိုက်အတန့်တွေ ရှိခဲ့လား?
ဇာဘီ အလွန်ဆို - ကျနော့်အတွက်တော့ အဲဒီလိုမထင်မှတ်တာတွေ လုပ်ပြတာဟာ ဘောလုံးပွဲရဲ့ အလှတရားပါပဲ။ နည်းပြတစ်ယောက်အနေနဲ့ လေ့ကျင့်ပေးရတဲ့အရာတွေ အများကြီးရှိသလို လေ့ကျင့်ပေးလို့ မရနိုင်တဲ့ အရာတချို့လည်း ရှိပါသေးတယ်။ အဲ့ဒါတွေဟာ သူတို့ရဲ့ပင်ကိုယ်ပါရမီကြောင့်.. အလိုလို ထွက်ပေါ်လာတဲ့ သူတို့ရဲ့ ပါရမီအရည်အသွေးကြောင့် ဖြစ်ပေါ်လာတဲ့အရာတွေ ဖြစ်ပါတယ်..။ နည်းပြတွေဟာ အရာရာကိုထိန်းချုပ်နိုင်ဖို့ ကြိုးစားလေ့ ရှိကြပေမယ့် တချို့ပွဲတွေမှာ ခင်ဗျားထိန်းချုပ်လို့ မရပါဘူး။ "ကဲ… ဘာတွေဖြစ်မလဲ ကြည့်တာပေါ့၊ အခုချိန်မှာတော့ ကျနော့်ရဲ့ထိန်းချုပ်မှု အပြင်ဘက်ကို ရောက်သွားပြီ" လို့ ပြောရမယ့် ကစားသမားမျိုးတွေလည်း ရှိပါတယ်..။ တချို့အချိန်တွေမှာ သူတို့ကို လွတ်လွတ်လပ်လပ် စီးဆင်းခွင့် ပေးထားရပြီး သူတို့ကိုယ်သူတို့ လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့် ပေးထားဖို့ လိုအပ်ပါတယ်။

ရော်ဂျာ ဘန်းနက်တ် - ဒါဆို ရာခိုင်နှုန်းအားဖြင့် ခင်ဗျားဘယ်လောက်အထိ ထိန်းချုပ်ထားလဲ? ဘယ်လောက် ရာခိုင်နှုန်းက "အေး… ဒါကတော့ Xabi Ball" လို့ ပြောနိုင်ပြီး၊ ဘယ်လောက် ရာခိုင်နှုန်းကကျ "Wow..! မိုက်လှချည်လား" ဆိုပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရလဲ။
ဇာဘီ အလွန်ဆို - နောက်လနည်းနည်း ကြာတဲ့အခါ ကျနော်တို့ ပြန်တွေ့ပြီး ပြောကြတာပေါ့.. ဟားဟား၊ အဲ့ဒီအခါကျ ကျနော်တို့ ဘယ်အဆင့် ရောက်နေပြီလဲဆိုတာ ကျနော်ပြောပြပါ့မယ် [ရယ်မောလျက်]။
ရော်ဂျာ ဘန်းနက်တ် - ဒီနွေရာသီ မတိုင်ခင်တုန်းက ချယ်လ်ဆီးရဲ့ ကစားသမား သစ် ခေါ်ယူမှုတွေဟာ တိုးတက်လာဖို့ အလားအလာရှိတဲ့ လူငယ်တွေအပေါ်မှာပဲ အာရုံစိုက်ခဲ့ပါတယ်..။ ဒါပေမယ့် ခင်ဗျား ရောက်လာတဲ့ အခုအပြောင်းအရွှေ့ ကာလမှာတော့ ဘရိုက်တန်အသင်းက အသက် (၃၅) နှစ်အရွယ် ဒယ်နီ ဝဲလ်ဘက်ခ် နဲ့ ဘရန့်တ်ဖို့ဒ် က အသက် (၃၆) နှစ်အရွယ် ဂျော်ဒန် ဟန်ဒါဆင် တို့လို ကစားသမားတွေကိုလည်း ခေါ်ယူခဲ့ပါတယ်။ ခင်ဗျားရဲ့စကားနဲ့ ပြောရရင် ‘သူတို့တွေဟာ လေးစားစရာကောင်းပြီး အသင်းဖော်တွေအတွက် အရမ်းကို အရေးပါတာကြောင့်’ ပါတဲ့။ ဇာဘီ ရေ. ဒီလို ဝါရင့်၊အတွေ့အကြုံရင့်၊ကစားသမားကြီးတွေဆီက ဘယ်လိုအရာမျိုးတွေဟာ ချယ်လ်ဆီးအသင်းရဲ့ အဝတ်လဲခန်း ယဉ်ကျေးမှုအတွက် လိုအပ်နေခဲ့လဲ?
ဇာဘီ အလွန်ဆို - အရင်က ပြောခဲ့သလိုပါပဲ.. အသင်းမှာရှိနေတဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကိုရော၊ အနာဂတ်အလားအလာကိုရော ကျနော် တကယ်သဘောကျပါတယ်။ ဒါပေမယ့် အပြင်ဘက်ကနေ အကဲဖြတ်ခဲ့တဲ့ ကျနော့်ရဲ့သုံးသပ်ချက်တွေနဲ့ အသင်းကလူတွေ၊ ကစားသမားတွေနဲ့ စကားပြောကြည့်ပြီးတဲ့အခါ ကျနော်တို့ ပိုပြီးတိုးတက်လာအောင် လုပ်ဆောင်ရမယ့်အရာအချို့ လိုအပ်နေတာ သိခဲ့ရပါတယ်။ သေချာတာကတော့ အရာရာမှာ မှန်ကန်တဲ့မျှခြေ..၊ ဟန်ချက် (balance) တစ်ခု ရှိနေဖို့ လိုအပ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာလည်း မှန်ကန်တဲ့မျှခြေရှိဖို့ လိုအပ်သလို၊ ပါရမီအရည်အသွေးနဲ့ အတွေ့အကြုံ ပိုင်းမှာလည်း သင့်တော်တဲ့ဟန်ချက် ရှိနေရမှာပါပဲ။ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်နေသေးတဲ့ ကစားသမားတွေနဲ့ အတွေ့အကြုံ ရင့်ကျက်မှု ရှိပြီးသား ကစားသမားတွေကြားမှာလည်း မှန်ကန်တဲ့မျှခြေတစ်ခု ရှိနေဖို့ လိုအပ်ပါတယ်..။ ပြီးပြည့်စုံတယ်.. ဆိုတာတော့ မရှိနိုင်ပါဘူး..။ ဒါပေမယ့် ကျနော်တို့ လုပ်ဆောင်ခဲ့တဲ့ အရာတွေကို ဘောလုံးဆိုင်ရာ အယူအဆဘက်က ကြည့်လိုက်ရင် ယုတ္တိရှိရှိ၊ မှန်မှန်ကန်ကန် ဆောင်ရွက်ခဲ့ကြတယ်လို့ မြင်ရတဲ့အချိန်တစ်ခုဆီ ရောက်ရှိလာခဲ့ပြီ ဖြစ်သလို အခုချိန်မှာ စီမံချက်သစ်အတွက် စမှတ်ကောင်းတစ်ခုဆီ ရောက်ရှိပါနေပြီ။

ရော်ဂျာ ဘန်းနက်တ် - ဒါဆို အသင်းကိုလေ့လာကြည့်တဲ့အခါ ဘာတွေလိုအပ်နေခဲ့တာလဲ..? ခင်ဗျားရဲ့ ကိုယ်ပိုင် စကားလုံးနဲ့ ပြောပြပေးလို့ရမလား?
ဇာဘီ အလွန်ဆို - အသင်းမှာ ပင်ကိုယ်ပါရမီ ထူးချွန်တဲ့ ကစားသမားတွေ အများကြီး ရှိပေမယ့် ခက်ခဲတဲ့ အခိုက်အတန့်တွေကို တည်တည်ငြိမ်ငြိမ် ကျော်ဖြတ်နိုင်မယ့် (composure) အတွေ့အကြုံမျိုး လိုအပ်နေခဲ့ပါတယ်..။ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ ဘယ်လိုနည်းနဲ့ ကိုင်တွယ်ဖြေရှင်းရမလဲ? ဆိုတဲ့ အတွေ့အကြုံနဲ့ လူငယ်လေးတွေကို ကူညီပေးနိုင်မယ့် ဦးဆောင်မှု (leadership) ပိုင်းတွေမှာ လိုအပ်ချက်တွေ ရှိနေခဲ့ပါတယ်..။ ဒါဟာဘောလုံးလောကမှာ လျှို့ဝှက်ချက်မှ မဟုတ်တာ..။ လူငယ်တွေဟာ အကူအညီရရှိဖို့ လိုအပ်ပြီး၊ ပုံမှန်အားဖြင့်တော့ အဲဒီလို ကူညီမှုမျိုးဟာ ပွဲပေါင်းများစွာ ကစားထားပြီး ကွင်းထဲမှာ မိနစ်အများကြီး ရထားဖူးတဲ့ ဝါရင့် ကစားသမားတွေဆီကပဲ လာတာပါ။
ရော်ဂျာ ဘန်းနက်တ် - စိတ်ဝင်စားစရာ အကောင်းဆုံး ခေါ်ယူမှုတစ်ခုကတော့ စကော့တလန်သား တည်ကန်ဘောနည်းပြ အော်စတင် မက်ခ်ဖီး ပါပဲ။ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ အော်စတင် အတွက် အချိန်ဘယ်လောက်အထိ ပေးထားလဲ..? သူ့ရဲ့အယူအဆ၊ လုပ်ဆောင်ချက်တွေဟာ ရှုပ်ထွေးလှပါတယ်။ ချယ်လ်ဆီး ပရိသတ်တွေရော သူ့ဆီကနေ ဘာတွေမျှော်လင့်ထားသင့်လဲ?
ဇာဘီ အလွန်ဆို - ကျနော်တို့အသင်းရဲ့ ကဏ္ဍတစ်ခုစီမှာ အကောင်းဆုံး ထိပ်တန်းအဆင့် သီးသန့်နည်းပြတွေ ရှိစေချင်ပြီး အော်စတင် ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း အတွေ့အကြုံ အများကြီးရှိထားပါတယ်။ ကျနော်ရဲ့ နည်းပြအဖွဲ့ဝင်အတွက်ကတော့ ပရီးမီးယားလိဂ်နဲ့ မြန်မြန်ဆန်ဆန် အသားကျအောင် သင်ယူသွားနိုင်ဖို့က စိန်ခေါ်မှုတစ်ခု ဖြစ်လာမှာပါ။
ဒါကြောင့် ကျနော်တို့ရဲ့ဘေးမှာ အော်စတင်၊ ဘန် (Ben) နဲ့ ပြီးခဲ့တဲ့နှစ်ကတည်းက အသင်းမှာရှိနေခဲ့ကြပြီး ပရီးမီးယားလိဂ် အတွေ့အကြုံတွေ ရရှိထားတဲ့သူတွေ ပါဝင်နေပါတယ်..။ သူတို့ဟာ ပွဲတစ်ပွဲကို အနိုင်ရဖို့နဲ့ ပြင်ဆင်မှုတွေ ဘယ်လိုပြုလုပ်ရမလဲ? နားလည်ထားကြသူတွေ ဖြစ်ပါတယ်။ အော်စတင် ဟာ အခုဆိုရင် ကျနော်တို့နဲ့အတူ ရှိနေပြီး သူနဲ့အတူ လက်တွဲခွင့်ရတာကို ဝမ်းသာမိပါတယ်။

ရော်ဂျာ ဘန်းနက်တ် - အခုဘောလုံးရာသီမှာ ချယ်လ်ဆီးပရိသတ်တွေဟာ တည်ကန်ဘောတွေကနေ ဘာကိုမျှော်လင့်ထားသင့်လဲ?
ဇာဘီ အလွန်ဆို - ‘ဘာတွေမျှော်လင့်ထားကြပါ..’ ဆိုပြီး ပြောနေဖို့ မလိုပါဘူး..။ အပြောနဲ့မဟုတ်ပဲ အလုပ်နဲ့ သက်သေပြရမှာပါ..။ တည်ကန်ဘောတွေကနေ ’သွင်းဂိုး (၁၀၀) လောက်ရဖို့ မျှော်လင့်ထားတယ်..’ လို့ နှုတ်ဖျားကနေ လွယ်လွယ်လေး ပြောလို့ရတာပေါ့ဗျာ..။ ဒါပေမယ့် တည်ကန်ဘောတွေကနေ သွင်းဂိုးတွေ ရရှိဖို့၊ တည်ကန်ဘောတွေကနေ ဂိုးတွေမပေးရဖို့ လိုအပ်သလို ကွင်းထဲမှာ လက်တွေ့သက်သေပြရမှာပါ..။ စကားတွေနဲ့ မပြောပဲ. လက်တွေ့သက်သေပြရမှာပါ..။
ရော်ဂျာ ဘန်းနက်တ် - ပရီးမီးယားလိဂ်နဲ့ အမြန်ဆုံးအသားကျအောင် ပြင်ဆင်ဖို့ လိုအပ်တယ်.. လို့ ခင်ဗျားပြောခဲ့တာနဲ့ ပတ်သက်ပြီး ခင်ဗျားဟာ ကစားသမားဘဝတုန်းက ပရီးမီးယားလိဂ်မှာ တခြားအသင်းတွေကို အပြတ်အသတ် ချေမှုန်းပြခဲ့တာတွေ ကျနော်ကြည့်ခဲ့ဖူးပါတယ်။ ခင်ဗျားဟာ ပရီးမီးယားလိဂ်အကြောင်း ကောင်းကောင်း သိပြီးသားပါ..။ ဒါကိုခင်ဗျား ဘယ်လိုစဉ်းစားထားလဲ? မန်နေဂျာ တစ်ယောက်အဖြစ် ခင်ဗျားရဲ့ အယူအဆတွေကို ပရီးမီးယားလိဂ်နဲ့ အလိုက်သင့်ဖြစ်အောင် ပြင်ဆင်ယူရတာဟာ လုံးဝခြားနားတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်မှာပါ..
ဇာဘီ အလွန်ဆို - သေချာတာပေါ့..။ ပရီးမီးယားလိဂ်နဲ့ အသားကျအောင် ပြင်ဆင်ရတာဟာ မဖြစ်မနေ ဖြတ်သန်းရမယ့် ဖြစ်စဉ် (process) တစ်ခုပါပဲ..။ ပရီးမီးယားလိဂ်မှာ မန်နေဂျာတစ်ယောက်အတွက် စိန်ခေါ်မှုပေါ့ဗျာ..။ ကျွန်တော့်ရဲ့ ဂျာမန်လိဂ်ပြိုင်ပွဲ အတွေ့အကြုံ၊ လာလီဂါပြိုင်ပွဲ အတွေ့အကြုံတွေအရ လိဂ်ပြိုင်ပွဲတိုင်းမှာ မတူညီတဲ့ ခြားနားချက်တွေ ရှိသလို လိဂ်ပြိုင်ပွဲအလိုက် ပြောင်းလဲရတာတွေ ရှိပါတယ်..။ ပရီးမီးယားလိဂ်ရဲ့ ထူးခြားချက်.. ခြားနားချက်တွေကို မြန်မြန်ဆန်ဆန် ရှာဖွေပြီး သင်ယူနိုင်ရပါမယ်..။ အဲဒါဆိုရင် အဆင်ပြေလား..? အဆင်မပြေဘူးလား..? ပြောနိုင်ပါမယ်..။
ရော်ဂျာ ဘန်းနက်တ် - အလွန်ဆို ဦးဆောင်မယ့် ချယ်လ်ဆီးအသင်းဆီကနေ ဘယ်လိုကစားဟန်မျိုးကို ကျနော်တို့ မျှော်လင့်ထားသင့်လဲ?
ဇာဘီ အလွန်ဆို - အပြောနဲ့မဟုတ်ပဲ အလုပ်နဲ့ သက်သေပြပါ.. [ရယ်မောလျက်]။ မဟုတ်ပါဘူး၊ ကျနော်တို့ ဘောလုံးပိုင်ဆိုင်မှုအသားပေးပြီး ဖျော်ဖြေမှုအပြည့်နဲ့ ကစားချင်ပါတယ်..။ ကောင်းမွန်တဲ့စွမ်းအင်တွေကို ကွင်းထဲမှာ လက်ဆင့်ကမ်းပေးနိုင်ပြီး ကျနော်တို့ ဘာကိုလိုချင်လဲ? ဆိုတဲ့ ခိုင်မာတဲ့ အယူအဆရှိနေမယ့် ဘောလုံးကစားဟန်မျိုးပေါ့ဗျာ..။
ရော်ဂျာ ဘန်းနက်တ် - အခုဘောလုံးရာသီ ပရီးမီးယားလိဂ် နည်းပြတွေရဲ့ (၂၀ %) ရာခိုင်နှုန်းဟာ ခင်ဗျားအပါအဝင် အက်စတွန် ဗီလာရဲ့ အူနိုင်း အမ်မရီ၊ လီဗာပူးလ်ရဲ့ အင်ဒိုနီ အာရီယိုလာ နဲ့ အာဆင်နယ်ရဲ့ မီကယ် အာတီးတာ တို့ဟာ ဘာ့စ်ခ် (Basque) ဒေသဖွား နည်းပြတွေ ဖြစ်နေကြပါတယ်..။ တကယ့်ကို မယုံနိုင်စရာပဲဗျာ…။ မီကယ် အာတီတာ လို့ ပြောလိုက်တော့ ခင်ဗျားပြုံးသွားတယ်နော်။ ခင်ဗျားနဲ့သူဟာ ငယ်ငယ်တုန်းက ဆန် ဆီဘက်စတီယန် မှာ တစ်လမ်းတည်း အတူတူနေခဲ့ကြတယ်လို့ သိထားကြပါတယ်။
ခင်ဗျားက လီဗာပူးလ်မှာ ရှိနေပြီး သူက အဲဗာတန်အသင်းရဲ့ ဘုရင်ဖြစ်နေခဲ့တဲ့ အချိန်တုန်းကလည်း ခင်ဗျားတို့နှစ်ယောက် အိမ်နီးနားချင်း ဖြစ်ခဲ့ကြတယ်လို့ ထင်ပါတယ်။ ခင်ဗျားတို့ရဲ့ ဆက်ဆံရေးအကြောင်းနဲ့ အဲဒီလိုကောင်းမွန်တဲ့ ဆက်ဆံရေးကို နှစ်ပေါင်းများစွာ မပျက်မယွင်းအောင် ဘယ်လိုထိန်းသိမ်းလာခဲ့လဲ..?၊ ပြီးတော့ အခုလိုပရီးမီးယားလိဂ်မှာ ပြိုင်ဘက်တွေ ဖြစ်လာကြတဲ့အခါ အဲဒီအရာတွေ ဘယ်လိုပြောင်းလဲ သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားလဲ? ပြောပြပေးပါဦး..
ဇာဘီ အလွန်ဆို - No… ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ သူ့အပေါ် ထားရှိတဲ့ လေးစားမှုကလည်းလျော့ပါးသွားမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူဟာအာဆင်နယ်အသင်းကို အောင်မြင်မှုတွေ ဆွတ်ခူးနိုင်တဲ့ အသင်းတစ်သင်းအဖြစ် တည်ဆောက်နိုင်ခဲ့လို့ပါ။ ပြီးတော့ အခုအချိန်မှာ သူနဲ့တစ်လမ်းတည်းနေတာ မဟုတ်တော့ပေမယ့် (၁၀) မိနစ်လောက် သွားရုံနဲ့ ရောက်တဲ့နေရာမှာပဲ ရှိနေပါတယ်..။ ပရီးမီးယားလိဂ်မှာ ကျနော်တို့ ဘာ့စ်ခ်နည်းပြ (၄) ယောက် အတူတူ ဆုံစည်းခွင့် ရတာကို ဝမ်းသာသလို ဂုဏ်လည်းယူမိပါတယ်။

ရော်ဂျာ ဘန်းနက်တ် - ခင်ဗျား သူတို့နဲ့ စကားပြောဖြစ်ခဲ့လား။
ဇာဘီ အလွန်ဆို - Yeah..! နှစ်ယောက်စလုံးနဲ့ ပြောဖြစ်ပါတယ်။ ကျနော်တို့ဟာ ကလေးဘဝတုန်းကတည်းက အခုချိန်ထိ အဆက်အသွယ် မပြတ်အောင် ထိန်းထားကြဆဲပါ။
ရော်ဂျာ ဘန်းနက်တ် - ဒီရာသီမှာ သူတို့ ခင်ဗျားကို ပြောတာတွေကိုရော ခင်ဗျား ယုံရဲ့လား [ရယ်မောလျက်]။
ဇာဘီ အလွန်ဆို - ဟားဟား.. ဒီအတိုင်းပဲ ထားလိုက်ပါဗျာ..
ရော်ဂျာ ဘန်းနက်တ် - ရောက်ရှိလာတော့မယ့် အရာတွေကို ကြိုတင်မှန်းဆရင်း ချယ်လ်ဆီးအသင်းနဲ့ ခင်ဗျားရဲ့ပရီးမီးယားလိဂ် ပထမဆုံးရာသီမှာ ဘယ်လိုအရာတွေက ခင်ဗျားကိုအောင်မြင်တဲ့ရာသီ ဖြစ်ခဲ့တယ်လို့ ခံစားရစေနိုင်မလဲ..? ခင်ဗျားအတွက် ဂုဏ်ယူစရာ ဖြစ်စေမယ့် အနိမ့်ဆုံးအဆင့်.. သတ်မှတ်ချက်က ဘာဖြစ်မလဲ?
ဇာဘီ အလွန်ဆို - ရသင့်တဲ့နိုင်ပွဲတွေ ရရှိတဲ့အခါ၊ ထိုက်ထိုက်တန်တန်နဲ့ အနိုင်ရရှိခဲ့တဲ့အခါ၊ အသင်းမှာ ကောင်းမွန်တဲ့ စွမ်းအင်တွေ ရှိနေတဲ့အခါ၊ ကျနော်တို့ မြင်တွေ့နေရတဲ့အရာတွေ၊ ကျနော်တို့ကစားပုံနဲ့ ပွဲစဉ်တိုင်းမှာ ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေပုံတွေအပေါ် ဂုဏ်ယူမိတဲ့အခါ ကျနော်တို့ဟာ ဘောလုံးရာသီကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ရတယ်ဆိုတဲ့ ခံစားချက်ရရှိလာမှာပါ။ အဲ့ဒီအရာကပဲ ကျနော်တို့ကို တတ်နိုင်သမျှ အမြင့်ဆုံးအဆင့်ဆီ ရောက်အောင် ပို့ဆောင်ပေးသွားပါလိမ့်မယ်..။
ရော်ဂျာ ဘန်းနက်တ် - အဲ့ဒီတော့ ဒါကို ခင်ဗျားဘယ်လို ဆုံးဖြတ်၊ သတ်မှတ်မှာလဲ..?
ဇာဘီ အလွန်ဆို - ကျနော်တို့ ဘယ်အဆင့်ဆီ ရောက်မလဲ? ဆိုတာ အချိန်ကပဲ အဖြေပေးသွားမှာပါ၊ ဒါပေမယ့် ကျနော်တို့ကတော့ တတ်နိုင်သမျှ အမြင့်ဆုံးအဆင့်ဆီ ရောက်အောင် သွားချင်ပါတယ်။