ဖူးလ်ဟမ်းအသင်းကို အနိုင်ရရှိခဲ့သည့် ရာသီအဖွင့်ပွဲစဉ်တွင် သူ၏အကောင်းဆုံးခြေစွမ်း ပြန်လည်ပြသနိုင်ခဲ့သည့် ကိုးလ် ပါးမား မှာ ပြီးခဲ့သည့်ရာသီက ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ မန်နေဂျာသစ် ဇာဘီ အလွန်ဆို ၏ မှာကြားချက်နှင့် ပရီးမီးယားလိဂ် ကစားသမား တစ်ယောက် ကြုံတွေ့ရသည့် အခက်အခဲများ အပါအဝင် ‘Men in Blazers’ တွေ့ဆုံခန်း အစီအစဉ်တွင် အောက်ပါအတိုင်း ပေါ့ပေါ့ပါးပါး ပြန်လည်ဖြေကြားခဲ့ပါသည်..။
ရော်ဂျာ ဘန်းနက်တ် - ရာသီပြီး (၃၁) စက္ကန့်လေးအတွင်းမှာတင် ခင်ဗျားရဲ့ ပထမဆုံးဂိုးဖန်တီးမှု ရခဲ့တာနော်။ ဘောလုံးက ဂိုးပိုက်ထဲဝင်သွားတဲ့အချိန်မှာ ဘယ်လိုတွေခံစားလိုက်ရလဲ? ဝမ်းသာတာလား? သက်ပြင်းချမိတာလား? ဒါမှမဟုတ် မယုံနိုင်တာလား? ဘယ်လို ခံစားလိုက်ရလဲ?
ကိုးလ် ပါးမား - ဝမ်းသာမိတာတစ်ခုတည်းပါ..။ ပြီးတော့မှ နည်းနည်းတော့ မယုံနိုင်ဘူး ဖြစ်သွားပါတယ်..။ ကျွန်တော်တို့ အဲဒီလောက် မြန်မြန်ဆန်ဆန် ဂိုးရလိမ့်မယ်လို့ ထင်မထားခဲ့လို့ပါပဲ..။
ရော်ဂျာ ဘန်းနက်တ် - မနေ့ကပွဲရဲ့ ပွဲစဉ်တစ်လျှောက်လုံးမှာ ခင်ဗျားဟာ တားဆီးလို့ မရနိုင်လောက်အောင် တစ်ဘက်အသင်းကို အန္တရာယ်ပေးနေခဲ့ပြီး တာဝန်ကြီးတစ်ခုကို မဖြစ်မနေ အကောင်အထည်ဖော်နေတဲ့ လူတစ်ယောက်လို သဲကြီးမဲကြီး ကစားပြခဲ့ပါတယ်..။ နောက်ဆုံးမှာတော့ အနိုင်ဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ်။ ဂိုးသွင်းပြီးတဲ့နောက် ခင်ဗျားဟာ လက်နဲ့နားရွက်ကိုကာပြပြီး ခေါင်းကိုညွှန်ပြခဲ့တယ်နော်။ ကမ္ဘာကြီးကို ဘာတွေပြောလိုက်တာလဲ?.. ကိုးလ်
ကိုးလ် ပါးမား - ခင်ဗျားတို့ အသင့်မဖြစ်သေးဘူး.. ဆိုတဲ့ အဓိပ္ပါယ်ပါ… ဟားဟား.. [ရယ်မောလျက်]
ရော်ဂျာ ဘန်းနက်တ် - ကမ္ဘာကြီးက အသင့်မဖြစ်သေးတာလား? ပြိုင်ဘက်တွေက အသင့်မဖြစ်သေးတာလား? ဒါမှမဟုတ် ကျွန်တော်တို့ အားလုံးကို ပြောတာလား?
ကိုးလ် ပါးမား - ခင်ဗျားတို့အားလုံး..

ရော်ဂျာ ဘန်းနက်တ် - ဟားဟား.. [ရယ်မောလျှက်].. မနေ့ကပွဲမှာ ခင်ဗျားတစ်ယောက်တည်း မဟုတ်ပါဘူး၊ ခင်ဗျားရဲ့အသင်းဖော်လည်းဖြစ်၊ သူငယ်ချင်းလည်းဖြစ်တဲ့ မော်ဂန် ရော်ဂျားစ် ပါ သူ့ရဲ့ ချယ်လ်ဆီးအသင်း ပွဲထွက်ကစားသမားဘဝ ပထမဆုံးပွဲမှာတင် ဂိုးသွင်းယူနိုင်ခဲ့ပြီး ခင်ဗျားရဲ့အမှတ်တံဆိပ်အဖြစ် မှတ်ပုံတင်ထားတဲ့ ‘Cold celebration’ ကိုပါ ထုတ်သုံးသွားခဲ့ပါတယ်..။ နွေရာသီမှာတုန်းက သူသာ အဲ့ဒီလို အောင်ပွဲခံရင် ရော်ဂျားစ် ရဲ့အိမ် တံခါးသွားခေါက်ပြီး တရားစွဲပစ်လိုက်မယ်လို့ ခင်ဗျားစနောက်ခဲ့သေးတယ် မဟုတ်လား.. ဟားဟား..။ အခုတော့ဂိုးသွင်းပြီး သူအဲ့ဒီလိုလုပ်လိမ့်မယ်လို့ ခင်ဗျား ထင်ထားခဲ့တာလား? ခင်ဗျားတို့နှစ်ယောက် ကြိုတင် တိုင်ပင်ထားခဲ့ကြသေးလား?
ကိုးလ် ပါးမား - မဟုတ်ပါဘူး၊ အဲ့ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှမပြောဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် သူအဲ့ဒီလို လုပ်မယ်ဆိုတာ သိနေခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ အတူတူအောင်ပွဲခံမှာလား.. အတူတူအောင်ပွဲ မခံကြဘူးလား.. ဆိုတာမျိုးတော့ မပြောဖြစ်ကြပါဘူး။ အဲ့ဒါကိုခင်ဗျားတို့တွေကပဲ အရေးတယူလုပ်ပြီး ပြောနေကြတာပါ။
ရော်ဂျာ ဘန်းနက်တ် - ပရိသတ်တွေက သိချင်နေတာကိုးဗျ..။ တကယ်လို့ မော်ဂန် ရော်ဂျားစ် ဟာ ဒီရာသီမှာ ဂိုး (၂၀) သွင်းယူနိုင်ခဲ့ရင် အဲဒီအောင်ပွဲခံ အမှတ်တံဆိပ်ကို မျှဝေသုံးစွဲခွင့်ဖို့ စဉ်းစားပေးမှာလား?
ကိုးလ် ပါးမား - အင်း…သူကျွန်တော့်ကို ပိုက်ဆံပေးခဲ့ရင်ပေါ့..

ရော်ဂျာ ဘန်းနက်တ် - ဟားဟား.. [ရယ်မောလျက်] ခင်ဗျားဟာ ပြီးခဲ့တဲ့ရာသီမှာ ခက်ခဲခဲ့တဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။ စိတ်တိုင်းကျ မကစားနိုင်ခဲ့ပဲ ပြိုင်ဘက်တွေကို အမြဲတမ်း ခြိမ်းခြောက်နိုင်ခဲ့ခြင်း မရှိပါဘူး။ အဲ့ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းက ဘာကြောင့်ပါလဲ?
ကိုးလ် ပါးမား - အကြောင်းအရင်းတွေ အများကြီးရှိပါတယ်၊ အဓိကကတော့ ဒဏ်ရာကြောင့်ပါပဲ။
ရော်ဂျာ ဘန်းနက်တ် - ဒဏ်ရာတွေက ရုပ်ပိုင်းရော စိတ်ပိုင်းပါ ဘယ်လိုသက်ရောက်မှုတွေ ဖြစ်စေခဲ့တာလဲ?
ကိုးလ် ပါးမား - ဟုတ်တယ်၊ အဓိကကတော့ ဒဏ်ရာရသွားတဲ့အခါ ကွင်းထဲပြန်ဆင်းတဲ့အချိန်မှာ "ဟာ… ကျွန်တော်ဟာ တစ်ချို့အရာတွေကို အရင်လိုပြန်ပြီး လုပ်နိုင်ပါဦးမလား? " ဆိုပြီး စဉ်းစားမိတာမျိုးပါ။ လိုအပ်တာထက် ပိုပြီးခေါင်းရှုပ်ခံ စဉ်းစားမနေဘဲနဲ့ပေါ့ဗျာ..။ အရင်တုန်းက ကစားခဲ့ရင် နာကျင်ခဲ့ရတာတွေ၊ တခြား အကြောင်းအရာတွေကြောင့် လွယ်လွယ်ကူကူ လုပ်ပြနိုင်ခဲ့တဲ့ အရာတွေကို မလုပ်နိုင်တော့တာမျိုးပါ။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့ အဲဒါတွေကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ။
ရော်ဂျာ ဘန်းနက်တ် - နည်းပြသစ် ဇာဘီ အလွန်ဆို ကတော့ ခင်ဗျားဟာ ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက် ဖြစ်တယ်လို့ ပြီးခဲ့တဲ့ အပါတ်က ကျွန်တော်တို့ကို ပြောခဲ့ပါတယ်။ ပြီးတော့ ခင်ဗျားဟာ ပွဲကစားနေချိန်မှာ လွတ်လွတ်လပ်လပ် စီးမျောနိုင်ခဲ့ပြီး အသင်းဖော်တွေနဲ့ အချိတ်အဆက်မိခဲ့ရင် သိပ်ကိုအံ့ဩစရာကောင်းတဲ့ ရာသီတစ်ခု ဖြစ်လာလိမ့်မယ်လို့ ပြောသွားခဲ့ပါတယ်။ ဇာဘီ က ခင်ဗျားဆီကနေ ဘာတွေလိုချင်လဲ? ဘာတွေသီးသန့် မှာကြားထားတာတွေရှိလဲ? သူ့ရဲ့အဓိကအကြံပေးချက်၊ ညွှန်ကြားချက်က ဘာဖြစ်မလဲ? ကိုးလ်..
ကိုးလ် ပါးမား - သူက လွတ်လွတ်လပ်လပ် ကစားဖို့ပဲ ပြောခဲ့ပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ ခံစားချက်ကောင်းနေတဲ့အခါနဲ့ ကွင်းထဲမှာ ကြိုက်တဲ့နေရာသွားပြီး ပြိုင်ဘက်ကို ဒုက္ခပေးနိုင်ပါတယ်..။ ဒါ့ကြောင့်အန္တရာယ် ပေးနိုင်မယ့် နေရာတွေကို ရှာဖွေပြီး ဘာတွေလုပ်ပြနိုင်လဲ.. ဆိုတာ သူသိနေလို့ပါ။ အဲ့ဒါကတော့ သူကျွန်တော့်ကို ပြောခဲ့တဲ့ အဓိကအချက်ပါပဲ။

ရော်ဂျာ ဘန်းနက်တ် - အခုနွေရာသီမှာ ခင်ဗျားတို့ဟာ 'J P Morgan' တိုက်စစ် (၃) ယောက်အတွဲကို ပုံဖော်ဖို့ သူငယ်ချင်း မော်ဂန် ရော်ဂျားစ် နဲ့ ပြန်လည် ဆုံစည်းခဲ့ပါတယ်။ ခင်ဗျားတို့နှစ်ယောက်ဟာ မန်ချက်စတာ စီးတီး အကယ်ဒမီမှာ အသက် (၁၄) နှစ်အရွယ်ကတည်းက သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာပါ။ သူ့ကိုချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့လာအောင် ဆွဲဆောင်၊ သိမ်းသွင်းတဲ့နေရာမှာ ခင်ဗျားက အကောင်းဆုံး ကူညီပေးခဲ့တယ်လို့ ယုံကြည်ပါတယ်။ အသင်းရဲ့အကြောင်းနဲ့ ခင်ဗျားတို့ နှစ်ယောက် ဘာတွေအတူတူ အကောင်အထည်ဖော်နိုင်မလဲ.. ဆိုတာနဲ့ ပတ်သက်လို့ သူ့နဲ့ဘာတွေ ပြောပြခဲ့လဲ?
ကိုးလ် ပါးမား - ကျွန်တော်ကတော့ သူဟာ ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ စွမ်းဆောင်မှုတွေ လုပ်ပြနိုင်လိမ့်မယ်.. လို့ပဲ ပြောခဲ့တာပါ။ နောက်ပြီးကျွန်တော်တို့အသင်း တခြားထိပ်တန်း ကစားသမားကောင်းတွေကိုလည်း ခေါ်ယူနေတာဆိုတော့ အသင်းကောင်းတစ်သင်း ဖြစ်လာမှာ သေချာတယ်..၊ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့မယ်ဆိုရင် သိပ်ကိုကောင်းမွန်၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို လုပ်ဆောင်နိုင်လိမ့်မယ်လို့ ပြောခဲ့ပါတယ်..။
ရော်ဂျာ ဘန်းနက်တ် - ခင်ဗျားနဲ့ မော်ဂန် ရော်ဂျားစ် ဘယ်လိုပုံစံ တွဲဖက်ကစားနိုင်မလဲ? သူဘာတွေလုပ်ပြမလဲ? ဆိုတာနဲ့ ခင်ဗျားတို့နှစ်ယောက် အကောင်းဆုံးပေါင်းစပ်၊ ကစားနိုင်ဖို့ ဘယ်လိုအရာတွေ လိုအပ်မလဲ? ဆိုတာကို ခင်ဗျားရဲ့ ကိုယ်ပိုင်စကားလုံးတွေနဲ့ ပြောပြပေးနိုင်မလား?
ကိုးလ် ပါးမား - ကျွန်တော်တို့နှစ်ယောက်က မတူညီတဲ့ ကစားသမားတွေလို့ ထင်ပါတယ်။ သူကကြံ့ခိုင်မှု ပိုပြီးကောင်းတယ်၊ ပိုပြီးခွန်အားသုံး ကစားနိုင်ပါတယ်..။ ကျွန်တော်ကတော့ နည်းစနစ်ပိုင်း ပိုပြီးသာလွန်တယ်၊ စသဖြင့်ပေါ့ဗျာ..။

ရော်ဂျာ ဘန်းနက်တ် - အခုနွေရာသီမှာ ခင်ဗျားရဲ့ကိုယ်ပိုင် အမှတ်တံဆိပ် "Cold" နဲ့ ရေခဲ့ထုတ်တွေကို ထုတ်လုပ် ရောင်းချခဲ့ပါတယ်..။ အင်္ဂလန်မှာ စတင်ရောင်းချတဲ့ သီတင်းပါတ်မှာတင် နှစ်ကြိမ်တိုင်တိုင် အကုန်လုံး ရောင်းချခဲ့ရတယ်။ ဘာကြောင့် ရေခဲထုတ်ရောင်းတဲ့သူတစ်ယောက် ဖြစ်လာဖို့ ဆုံးဖြတ်ခဲ့တာလဲ? ကျွန်တော် မသိပေမယ့် ကိုးလ်… ခင်ဗျားရဲ့ ရေခဲဟာ တခြား ရေခဲတွေထက် ဘယ်လိုအရာတွေမှာ ပိုပြီးကောင်းမွန်နေရလဲ.. ဆိုတာ အမေရိကားက ပရိသတ်တွေသိအောင် ပြောပြပေးပါဦး..
ကိုးလ် ပါးမား - ကျွန်တော်ရဲ့ ရေခဲက အရည်အသွေးမြင့် Premium ရေခဲ ဖြစ်နေလို့ပါပဲ။ တကယ်လို့ ခင်ဗျားတို့ Premium ရေခဲကို ရနိုင်ဦးမယ် ဆိုရင်ပေါ့။
ရော်ဂျာ ဘန်းနက်တ် - ကျွန်တော်တော့ ဝယ်ဖို့ စိတ်ပါသွားပြီ။
ကိုးလ် ပါးမား - လက်တွေ့အရင်ဆုံး ဝယ်ပြစမ်းပါဗျာ..။ ကျွန်တော့်ကို ပိုက်ဆံအရင်ပေး.. [ရယ်မောလျက်]

ရော်ဂျာ ဘန်းနက်တ် - ဟားဟား.. ကိုးလ် ရေ.. ခင်ဗျားဟာ အသက် (၂၄) နှစ် ရှိပါပြီ။ ဒါ့အပြင် ဆုဖလားတွေ အများကြီးဆွတ်ခူးခဲ့ပြီးပါပြီ။ အခုအချိန်ထိ ခင်ဗျားရဲ့ကစားသမားဘဝ အကောင်းဆုံး အခိုက်အတန့်က ဘာဖြစ်မလဲ?
ကိုးလ် ပါးမား - ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ (Club World Cup) ဖြစ်ဖို့ များပါတယ်။
ရော်ဂျာ ဘန်းနက်တ် - ဘောလုံးလောကရဲ့အကြောင်း သေသေချာချာမသိတဲ့ ကျွန်တော်တို့လို လူတွေအတွက် ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက် ဖြစ်ရတဲ့ အကောင်းဆုံးအချက်ကဘာလဲ?
ကိုးလ် ပါးမား - ကိုယ် မြတ်နိုး၊ တန်ဖိုးထားတဲ့အရာတစ်ခုကို နေ့တိုင်းပြုလုပ် နေရတာပါပဲ။
ရော်ဂျာ ဘန်းနက်တ် - ဒါဆိုရင် ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက် ဖြစ်ရတာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ နားလည်နိုင်မှာမဟုတ်တဲ့ အခက်ခဲဆုံးအရာကရော ဘာဖြစ်မလဲ?
ကိုးလ် ပါးမား - မသိဘူးဗျ..။ ဒါနဲ့အတူ ပါလာတဲ့ ဖိအားတွေ ဖြစ်နိုင်ပါတယ်။
ရော်ဂျာ ဘန်းနက်တ် - ကျွန်တော်မေးချင်တဲ့ လျှပ်တစ်ပြက်မေးခွန်းတိုလေးတွေ ရှိပါတယ်။ ခင်ဗျားအနေနဲ့ ကိုယ့်အိမ်ကွင်း ပရိသတ်တွေကို ရူးသွပ်၊ ဆူညံသွားအောင် လုပ်ရတာ ပိုသဘောကျလား? ဒါမှမဟုတ် အဝေးကွင်း ပရိသတ်တွေကို တိတ်ဆိတ်သွားအောင် လုပ်ရတာကို ပိုပြီးသဘောကျလား?
ကိုးလ် ပါးမား - အိမ်ကွင်းပရိသတ်တွေကို ရူးသွပ်သွားအောင် လုပ်ရတာကို ပိုပြီးသဘောကျပါတယ်..။

ရော်ဂျာ ဘန်းနက်တ် - ရာဘိုနာ (Rabona) ကန်ချက်နဲ့ ဂိုးသွင်းချင်လား.?၊ ဒါမှမဟုတ် ပါနန်ကာ (Panenka) ကန်ချက်နဲ့ ပင်နယ်တီ ကန်သွင်းချင်လား?
ကိုးလ် ပါးမား - ရာဘိုနာ ပါ။
ရော်ဂျာ ဘန်းနက်တ် - ဒေးဗစ် ဘက်ခမ်း ရဲ့ ပြစ်ဒဏ်ဘော ကန်နိုင်တဲ့အရည်အချင်း ရချင်လား? ဒါမှမဟုတ် လေထဲမှာ ပျံသန်းနိုင်တဲ့ အရည်အချင်း ရချင်တာလား?
ကိုးလ် ပါးမား - ပျံသန်းနိုင်တဲ့ အရည်အချင်းက ပိုကောင်းတာပေါ့။
ရော်ဂျာ ဘန်းနက်တ် - ခင်ဗျားအနေနဲ့ NBA ဘတ်စကက်ဘောကြယ်ပွင့် တစ်ယောက် ဖြစ်ချင်လား? ဒါမှမဟုတ် NFL အမေရိကန်ဘောလုံးကြယ်ပွင့် ဖြစ်ချင်တာလား?
ကိုးလ် ပါးမား - ဘယ်သူက ဝင်ငွေပိုကောင်းလဲ?
ရော်ဂျာ ဘန်းနက်တ် - ဘတ်စကက်ဘောပေါ့.. ဟားဟား [ရယ်မောလျက်]။
ကိုးလ် ပါးမား - ဒါဆို NBA ကြယ်ပွင့်ပေါ့ဗျာ.. ဟားဟား..။
ရော်ဂျာ ဘန်းနက်တ် - တကယ်လို့ ခင်ဗျားသာ ဘောလုံးသမားတစ်ယောက် မဖြစ်ခဲ့ရင် ခြားနားတဲ့ ဘဝတစ်ခုမှာ ဘာဖြစ်လာဖို့ ရာခိုင်နှုန်းများလဲ? ရက်ပါ..? ပြိုင်ကားမောင်းသမား..?.
ကိုးလ် ပါးမား - DJ တစ်ယောက်ပါ။
ရော်ဂျာ ဘန်းနက်တ် - ၁ - ၀ နဲ့ အနိုင်ရတာကို ပိုသဘောကျလား? ဒါမှမဟုတ် ၅ - ၄ နဲ့ အနိုင်ရတာကိုလား? ဘာကြောင့်လဲ?
ကိုးလ် ပါးမား - ကျွန်တော့်တစ်ယောက်တည်း သဘောနဲ့ဆိုရင် ၅ - ၄ နဲ့ အနိုင်ရတာကို ပိုပြီးသဘောကျတာပေါ့။ ဒါက ပိုပြီးပျော်ဖို့ ကောင်းတယ်လေ။ ဒါပေမယ့် ခံစစ်မှူးတွေကတော့ ၁ - ၀ လို့ပဲ ပြောကြမှာ မဟုတ်လား..

ရော်ဂျာ ဘန်းနက်တ် - ၅ - ၄ က ပိုပြီးပျော်ဖို့ ကောင်းတာပေါ့။ NFL ပြိုင်ပွဲဝင် Chicago Bears အသင်းရဲ့ Quarterback ကစားသမား ကာလက်ဘ် ဝီလီယံစ် က ရေခဲမှတ်အောက် ရောက်အောင် အပူချိန်ကျဆင်းနေတဲ့ ဆောင်ရာသီက ပွဲစဉ်တစ်ပွဲမှာ ခင်ဗျားရဲ့ အောင်ပွဲခံပုံအတိုင်း လိုက်လုပ်ခဲ့ပါသေးတယ်..။ ပွဲအပြီး သတင်းထောက်တွေကို ပြောတော့လည်း သူ့အနေနဲ့ ခင်ဗျားရဲ့အောင်ပွဲခံပုံ၊ စိတ်ဓါတ်ကို အတုယု၊ အားကျခဲ့တယ်.. လို့ ပြောခဲ့သလို "အဲ့ဒီလူဟာ တကယ့် Dog တစ်ယောက်ပဲ (သတ္တိပြောင်မြောက်ပြီး ခေါင်းမာတဲ့သူ)" ဆိုပြီး ချီးမွမ်းခဲ့ပါတယ်..။ အရင်ဆုံးမေးချင်တာက ကာလက်ဘ် ဝီလီယံစ် ဘယ်သူလဲ? ဆိုတာ ခင်ဗျားသိလား?
ကိုးလ် ပါးမား - အဲ့ဒါကို Instagram မှာ ကျွန်တော်တွေ့လိုက်ပါတယ်။ ဒါပေမယ့် အမေရိကမှာသုံးတဲ့ ‘Dog’ ဆိုတဲ့ စကားလုံးက ကျွန်တော်တို့အင်္ဂလန်မှာ နားလည်တဲ့ စကားလုံးနဲ့ ကွဲပြားတယ် မဟုတ်လား..?
ရော်ဂျာ ဘန်းနက်တ် - ဟုတ်တာပေါ့…။ ဒါပေမယ့် ရှင်းရှင်းလင်းလင်း ပြောရရင် ဒါဟာ အမြင့်မားဆုံး ချီးမွမ်းစကားပါ.. ကိုးလ် ရေ..။ တကယ်လို့ တခြားအဓိပ္ပာယ်တစ်ခု ကွဲလွဲနိုင်မယ်ဆိုရင် ကျွန်တော်ခင်ဗျားကို ပြောပြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ခင်ဗျားရဲ့ကစားဟန်နဲ့ အောင်ပွဲခံပုံတွေကို NFL ကြယ်ပွင့်တွေက မြင်တွေ့ပြီး အသိအမှတ်ပြုကြတယ်ဆိုတာကို သိလိုက်ရတဲ့အခါ ဘယ်လိုခံစားရလဲ..?
ကိုးလ် ပါးမား - ကောင်းတာပေါ့ဗျာ..။
ရော်ဂျာ ဘန်းနက်တ် - အင်္ဂလန်မှာတင်မကပဲ..၊ ဥရောပတင် မကပဲ.. တခြားအားကစားနည်းတွေက အကြီးမားဆုံးကြယ်ပွင့်တွေပါ ခင်ဗျားကိုစောင့်ကြည့်နေတယ်..၊ သဘောကျ နှစ်ခြိုက်နေကြတယ်ဆိုတဲ့ ခံစားချက်ဟာ ကောင်းတယ်မလားဗျ..?
ကိုးလ် ပါးမား - ဟုတ်ပါတယ်။ အထူးသဖြင့် အမေရိကမှာပေါ့။ တကယ်လို့ ခင်ဗျား သူနဲ့အင်တာဗျူးလုပ်ဖို့ရှိရင် ကျွန်တော့်ရဲ့ရေခဲထုတ်ဝယ်ဖို့ ပြောပေးပါဦး။ [ရယ်မောလျက်]
ရော်ဂျာ ဘန်းနက်တ် - ဟားဟား.. ဟုတ်ပါပြီဗျာ.. ကဲ.. ကိုးလ် ရေ.. ခင်ဗျားအတွက်၊ ခင်ဗျားရဲ့အသင်းအတွက်နဲ့ ခင်ဗျားရဲ့ရာသီသစ်အတွက် ဆုတောင်းပေးပါတယ်ကွာ..
ကိုးလ် ပါးမား - ကျေးဇူးပါပဲ.. ဘရို။