feature-image

အဖြည့်ခံဘဝမှ အဓိက တိုက်စစ်မှူးဆီသို့..

“တိုက်စစ်မှူးတစ်ယောက်က ဂိုးတွေပုံမှန်သွင်းပေးနေပြီဆိုရင် သူ့ကိုချန်ထားခဲ့ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဗျ..”
- ဂါးရက် ဆောက်ဂိတ် (အင်္ဂလန်အသင်းနည်းပြ)

အထက်ပါ ပြောစကားကတော့ ယခုနှစ်ဘောလုံးရာသီ၊ ချယ်လ်ဆီးအသင်းမှာ ခြေစွမ်းပြပြီး ဂိုးတွေသွင်းပေးနေတဲ့ တိုက်စစ်မှူး တန်မီ အေဘရာဟမ် ကို ရွေးချယ်ခဲ့ရတဲ့အကြောင်းကို ရှင်းပြခဲ့တဲ့ အင်္ဂလန်နည်းပြကြီးရဲ့ လိုရင်း၊ တိုရှင်း စကားလုံးတွေပါပဲ..။

အခုအချိန်မှာ သူဟာအင်္ဂလန် လက်ရွေးစင် အသင်းကြီးအတွက် ချက်အသင်းနဲ့ပွဲမှာ ပထမဆုံးအကြိမ် ကစားခွင့်ရရှိခဲ့သလို မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ မွန်တီနီဂရိုး အသင်းနဲ့ပွဲမှာ အင်္ဂလန်အသင်းအတွက် သူ့ရဲ့ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်..။ အခုလို အင်္ဂလန်အသင်းကြီးအတွက် ပါဝင်ခွင့်ရခဲ့တဲ့ ခရီးလမ်းကြော်င်းတစ်လျှောက် သူရင်ဆိုင်ခဲ့ရတဲ့တိုက်ပွဲဟာ ချယ်လ်ဆီးအကယ်ဒမီ ကစားသမားတွေကြားမှာ အောင်မြင်မှုရရှိခဲ့တဲ့ သူ့ရဲ့တိုက်ပွဲဖြစ်တယ်လို့ နီးစပ်ခဲ့သူတစ်ချို့က ပြောပါတယ်.။ ဒါ့ကြောင့်တစ်ချိန်တုန်းကဆိုရင် ချယ်လ်ဆီးအကယ်ဒမီရဲ့ ‘Golden Boy’ တစ်ယောက်အတွက် အဖြည့်ခံကစားသမား ဘဝအဖြစ်ကို ရောက်ရှိသွားခဲ့တဲ့ ခရီးကြမ်းတစ်ခုကို ဖြတ်သန်းလာခဲ့ရတဲ့ တန်မီ အေဘရာဟမ် ဟာ အခုရရှိခဲ့တဲ့ အောင်မြင်မှုကို အခြေခံပြီး ဒီထက်ပိုပြီး ကြီးမားတဲ့ အောင်မြင်မှုတွေ နောက်ထပ်ရဦးမလား..? ဆိုတာကတော့….



လန်ဒန်မြို့တောင်ပိုင်း၊ Camberwell ဒေသမှာ ဖွားမြင်ခဲ့တဲ့ ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီကို အသက် (၈) နှစ်အောက် လူငယ်အသင်းနဲ့အတွက် ရောက်ရှိခဲ့ပါတယ်..။ သူ့ကိုရွေးချယ်ခဲ့တဲ့ ကင်းထောက်ကတော့ ‘အလန် ဘလန်းဖို့ဒ်’ ဖြစ်ပါတယ်.။ ဖီကာရို တိုမိုရီ ကိုလည်း သူပဲရှာဖွေတွေ့ရှိခဲ့တာပါ..။ အလားအလာရှိသူ တစ်ယောက်ဆိုတာ အားလုံးက သတိထားမိကြတဲ့အတွက် ချယ်လ်ဆီးအသင်းဟာ တန်မီ အေဘရာဟမ် ကို ခေါ်ယူနိုင်ဖို့အတွက် အာဆင်နယ်အသင်းနဲ့ အပြိုင်အဆိုင် ကြိုးစားခဲ့ရတယ်လို့ ဆိုကြပါတယ်..။ ၂၀၀၄ ခုနှစ်မှာ သူနဲ့အတူ အကယ်ဒမီကို ရောက်လာခဲ့တဲ့ နောက်ထပ်လူငယ်ကြယ်ပွင့်လေးကတော့ ‘ဒေါမနစ် ဆိုလန်ကီ’ ဖြစ်ပါတယ်..။

ဒါ့အပြင် နောင်တစ်ချိန်မှာ တောက်ကြွားလာလိမ့်မယ်လို့ ထင်ကြေးပေးခံရတဲ့ လူငယ်ကြယ်ပွင့်တွေနဲ့ ပြည့်နှက်နေတဲ့ သူတို့အသင်းကို ထပ်မံအားဖြည့်လာသူက ‘အစ်ဇ်ဇီ ဘရောင်း’ ဖြစ်ပါတယ်..။ သူကလည်း တန်မီ တို့လို ၁၉၉၇ ခုနှစ်ဖွားဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ချယ်လ်ဆီးလူငယ် အသင်းကို ရောက်ရှိလာခဲ့ပါတယ်..။ အစ်ဇ်ဇီ ဘရောင်း ဟာ ချယ်လ်ဆီးလူငယ်အသင်းကို ရောက်မလာခင် ဝက်စ်ဘရွန်းအသင်းနဲ့အတူ ပရီးမီးယားလိဂ် ပွဲထွက်ခွင့်တောင် ရရှိခဲ့ပြီး ဖြစ်တာကြောင့် လူငယ်အသင်းသားတွေကြားမှာ အရှိန်အဝါ ကြီးမားသလို သူတို့ကြားက ပြိုင်ဆိုင်မှုဟာလည်း ပိုပြီးတော့ ပြင်းထန်လာပါတယ်..။



ဒါပေမယ့် အဲဒီအချိန်က ဒေါမနစ် ဆိုလန်ကီ ဟာ ချယ်လ်ဆီးအကယ်ဒမီရဲ့ ‘Golden Boy’ ဖြစ်လာလိမ့်မယ်လို့ အားလုံးက ထင်ကြေးပေးထားကြပြီး အသင်းကြီးကို ပထမဆုံး ရောက်ရှိလိမ့်မယ်လို့ အားလုံးက ယုံကြည်ထားခဲ့ကြပါတယ်..။ ဒါ့အပြင် အစ်ဇ်ဇီ ဘရောင်း ဆိုတာကလည်း ပရီးမီးယားလိဂ် ပွဲကစားဖူးတဲ့ အတွေ့အကြုံပါ ရှိပြီးသားဆိုတော့ သူတို့သုံးယောက်ချင်း ယှဉ်လိုက်မယ်ဆိုရင် တန်မီ က ဘိတ်ဆုံးပါပဲ..။

ဒါ့အပြင်အထောင်တိုက်စစ်မှူး နေရာကလည်း တစ်ယောက်စာပဲ ရှိတာဆိုတော့ ဆိုလန်ကီ ကို နေရာပေးဖို့ တန်မီ အေဘရာဟမ် ဟာ တောင်ပံ.. ဒါမှမဟုတ် နောက်ချန်တိုက်စစ်မှူး.. ‘No.10’ နေရာ စသဖြင့် ပြောင်းလဲကစားခဲ့ရသလို သူ့ရဲ့အရပ်အမောင်းကြောင့် ဗဟိုနောက်ခံလူ နေရာ..၊ ကွင်းလယ်ကစားသမား နေရာတွေမှာတောင် ပြောင်းလဲကစားခဲ့ရပါတယ်လ..။ ဒါပေမယ့် ပထမဦးစားပေး တိုက်စစ်မှူးဖြစ်တဲ့ ဆိုလန်ကီ မပါနိုင်တဲ့အချိန်တွေမှာတော့ တန်မီ ဟာ အထောင်တိုက်စစ်မှူးနေရာမှာ ရတဲ့အခွင့်အရေးကို အမိအရ အသုံးချခဲ့ပါတယ်..။ သူဟာ ၂၀၁၄/ ၁၅ နဲ့ ၂၀၁၅/ ၁၆ ဘောလုံးရာသီနှစ်ခုမှာ လူငယ်အသင်းနဲ့ (၉၈) ပွဲအတွင်း (၇၄) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့် အကယ်ဒမီ နည်းပြတွေဟာ သူ့ရဲ့ဂိုးသွင်းစွမ်းရည်နဲ့ အထောင်တိုက်စစ်မှူးအဖြစ် ကစားနိုင်တဲ့ အရည်အချင်းကို လစ်လျူရှုထားလို့ မရတော့ပါဘူး.။



၂၀၁၅ ခုနှစ်မှာတော့ ဒေါမနစ် ဆိုလန်ကီ ဟာ ဗီတက်ဆီ အာဟမ်အသင်းကို အဌားသွားရောက်ခဲ့ပါတယ်..။ ဒါ့ကြောင့် ၂၀၁၅/ ၁၆ ဘောလုံးရာသီမှာ တန်မီ အေဘရာဟမ် ဟာ လူငယ်အသင်းရဲ့ အဓိကတိုက်စစ်မှူး ဖြစ်လာခဲ့ပြီး အဲဒီပွဲစဉ်တွေမှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် နည်းပြကြီး ဂုစ် ဟစ်ဒင့်ခ် က သူ့ကိုပရီးမီးယားလိဂ် ပွဲထွက်ခွင့်ပေးပြီး ဂုဏ်ပြုခဲ့ပါတယ်..။

တကယ်တမ်းဆိုရင် ဆိုလန်ကီ ဟာ အရင်ဖြစ်ထွန်းလိမ့်မယ်လို့ အားလုံးက ယူဆခဲ့ကြပေမယ့် သူကအသင်းကြီးမှာ နေရာပေးဖို့ ချယ်လ်ဆီးအသင်းဆီမှုာ အာမခံချက် တောင်းဆိုခဲ့ပါတယ်..။ သူလိုချင်တဲ့ အာမခံချက်မျိုးကို အသင်းက မပေးနိုင်ခဲ့တာကြောင့် ဗီတက်ဆီ အသင်းက ပြန်ရောက်လာချိန်မှာ အသင်းဘက်က သူ့ကိုသိပ်ပြီးနေရာမပေးတော့ပါဘူး..။ ဒါ့ကြောင့်နောက်ဆုံး အသင်းနဲ့စာချုပ်သက်တမ်း ကုန်ဆုံးပြီးချိန်မှာ လီဗာပူးလ်အသင်းကို အလွတ်ပြောင်းရွှေ့သွားခဲ့ပြီး အဲဒီကနေ ဘုန်းမောက်အသင်းကို ရောက်ရှိသွားခဲ့ပါတယ်..။

အေဘရာဟမ် ကတော့ အသင်းက အဌားချထားတဲ့ အစီအစဉ်တွေကို ကြည်ကြည်ဖြူဖြူနဲ့ လိုက်နာခဲ့သလို ရောက်လေရာ အသင်းတွေမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် လိုအပ်နေတဲ့ ပွဲကစားခွင့်၊ အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်..။ ဒါ့ကြောင့် ဆိုလန်ကီ တစ်ယောက် ပွဲထွက်ခွင့် (၃၅) ပွဲ..၊ လူစားဝင်ခွင့် (၃၈) ပွဲပဲ ရရှိခဲ့တဲ့ ကာလအတွင်းမှာ အေဘရာဟမ် ကတော့ ပွဲထွက်ခွင့် (၁၁၂) ကြိမ်၊ လူစားဝင်ခွင့် (၂၉) ကြိမ် ရရှိခဲ့ပါတယ်..။




အထူးသဖြင့် တန်မီ အေဘရာဟမ် ဟာ သူ့ရဲ့ပထမဆုံး အဌားထွက်ခဲ့တဲ့ ဘရစ်စ်တို စီးတီး အသင်းမှာ အထူးအောင်မြင်ခဲ့ပြီး (၂၆) ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်..။ သူနဲ့ပတ်သက်ပြီး ဘရစ်စ်တိုအသင်းနည်းပြ လီ ဂျွန်ဆင် က အခုလိုပြောပါတယ်..။

“သူနဲ့ပတ်သက်ပြီး မှတ်မှတ်ရရ ဖြစ်နေတာက သူ့ရဲ့ဂိုးဧရိယာထဲမှာ နေရာလွတ်တွေကို ရှာဖွေနိုင်စွမ်းပါပဲ..။ လေ့ကျင့်ခန်းတွေမှာလည်း တခြားသူတွေက ဂိုးပေါက်နဲ့ဝေးရာကို ရွေ့လျားနေကြတဲ့ အချိန်တွေမှာတောင် သူကတော့ ဂိုးရှေ့ကိုအချိန်ကိုက်ပြန်ရောက်ဖို့ အမြဲအသင့်ရှိနေခဲ့ပါတယ်..။ ဒါ့အပြင် အဲဒီနှစ် ဘောလုံးရာသီဟာ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ ဘောလုံးရာသီတစ်ခု ဖြစ်ခဲ့ပေမယ့် သူကတော့ ခြေစွမ်းကို တသတ်မှတ်တည်း ထိန်းထားနိုင်ခဲ့တယ်ဗျ..။ စိတ်ပိုင်းဆိုင်ရာမှာလည်း အသက် (၁၈) နှစ်သားအရွယ်နဲ့ မလိုက်အောင် ရင့်ကျက်တဲ့သူပါ..။ မန်နေဂျာရဲ့ စကားကို အမြဲတမ်းအလေးထားသလို တိုက်ပွဲဝင်ဖို့ဆိုရင်လည်း ကွင်းထဲကို ပထမဆုံးခြေချပြီး နောက်ဆုံးမှ ပြန်ထွက်တတ်တဲ့ လူစားမျိုးပါ..။ ဂိုးသွင်းနေရမယ်ဆိုရင် ဘယ်အချိန်ဖြစ်ဖြစ် ကျေနပ်နေမယ့်သူပါပဲ..။”

ချန်ပီယံရှစ် ပြိုင်ပွဲမှာ အကောင်းဆုံးခြေစွမ်း ပြနိုင်ခဲ့ပေမယ့် ဆွမ်ဆီးအသင်းနဲ့ သူ့ရဲ့ပရီးမီးယားလိဂ် အတွေ့အကြုံကတော့ ခါးသီးခဲ့ပါတယ်..။ ဆွမ်ဆီးအသင်းဟာ ဖန်တီးမှုအားနည်းခဲ့တာကြောင့် သူ့ဆီဘောလုံး သိပ်မရောက်ခဲ့သလို တစ်ရာသီလုံး သွင်းဂိုး (၈) ဂိုးနဲ့ အောက်တိုဘာလနောက်ပိုင်းမှာ (၁) ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး အသင်းကလည်း တန်းဆင်းခဲ့ရပါတယ်..။

ဒီလိုခါးသီးခဲ့ရပေမယ့် ဆွမ်ဆီးအသင်း ပရိသတ်ကတော့ အေဘရာဟမ် အပေါ် အကောင်းမြင်ကြပါတယ်..။ အသင်းကလည်း ရုန်းကန်ရမယ့်အချိန်မှာ စီနီယာအသင်း အတွေ့အကြုံအတွက် ရုန်းကန်နေရတဲ့ လူငယ်တိုက်စစ်မှူး တစ်ယောက်ဟာ သူတို့အသင်းရဲ့ တိုက်စစ်မြှားဦးကို ဦးဆောင်နိုင်ဖို့ လုံလောက်ခဲ့သူ မဟုတ်မှန်း လက်ခံခဲ့ကြသလို တန်မီ အတွက်တော့ အချိန်မှားပြီး နောက်ရှိသွားခဲ့တဲ့ အဌားချ အတွေ့အကြုံ တစ်ခုလို့ ပြောရမှာပါ..။ ဒါပေမယ့် သူ့အတွက် အဖိုးတန်တဲ့ အတွေ့အကြုံတွေ ရရှိခဲ့တာတော့ အသေအချာပါပဲ..။

“ကျွန်တော့်မှာရှိနေတဲ့ လျှင်မြန်မှုထက် ပိုပြီးကောင်းမွန်တဲ့ အမြန်နှုန်း..၊ ရွေ့လျားမှုတွေ ပြုလုပ်နိုင်ဖို့ လိုအပ်နေတယ်ဆိုတာ မျက်မြင်တွေ့ရှိခဲ့ရပါတယ်..။ ဘောလုံးကစားတဲ့နေရာမှာ အမြဲတမ်း အနိုင်ပွဲတွေနဲ့ သာသာယာယာ ဘဝတွေကိုပဲ ကြုံတွေ့ရမှာ မဟုတ်ပါဘူး..။ ခက်ခဲတဲ့ကာလအတွေ့အကြုံတွေနဲ့လည်း ရင်ဆိုင်ဖူးဖို့ လိုအပ်ပါတယ်..။”





တန်မီ အေဘရာဟမ် က ဆွမ်ဆီးအသင်းမှ အတွေ့အကြုံများကို ယခုလို ပြောပြခဲ့ပါတယ်..။ ဒီလိုအခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပေမယ့် သူ့ရဲ့ဂိုးသွင်းစွမ်းရည်..၊ ယုံကြည်မှုတွေဟာ လျော့ကျမသွားခဲ့ပါဘူး..။ သူဟာနောက်ဘောလုံးရာသီမှာ အက်စ်တွန် ဗီလာအသင်းကို ရွေးချယ်ခဲ့ပြီး အသင်းအတွက် (၂၆) ဂိုး သွင်ယူပေးတယ်..၊ မြေလတ်သား ‘Midlanders’ တွေကို Play Off ပွဲစဉ်တွေကတဆင့် ပရီးမီးယားလိဂ် တန်းတက်ခွင့်ရအောင် ကူညီပေးခဲ့ပါတယ်..။

သို့ပေမယ့် တန်မီ ဟာ ပရီးမီးယားလိဂ်မှာ အဆင့်မှီတိုက်စစ်မှူးတစ်ယောက်အဖြစ် ကစားနိုင်ပါ့မလား..? ဆိုပြီး သံသယရှိခဲ့တဲ့သူတွေ အများအပြားပါပဲ..။ ချယ်လ်ဆီးအသင်းနဲ့ သူ့ရဲ့ရာသီအစပိုင်း ကာလများဟာ့မလှပခဲ့ပါဘူး..။ ဒါပေမယ့် နောဝစ်ချ်အသင်းကို အနိုင်ရရှိခဲ့တဲ့ လေးပွဲမြောက် ပွဲစဉ်မှာတော့ သူဟာပရီးမီးယားလိဂ်နဲ့ ထိုက်တန်တဲ့သူတစ်ယောက် ဖြစ်ကြောင်းကို သူ့အပေါ် သံသယ ရှိနေတဲ့သူတွေကို သက်သေပြသနိုင်ခဲ့ပါတယ်..။



အဲဒီနေ့မှာ သူဟာချယ်လ်ဆီးအသင်းအတွက် ပထမဆုံး သူ့ရဲ့ပရီးမီးယားလိဂ် သွင်းဂိုးနှစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်..။ ပထမဂိုးကို ညာတောင်ပံ ဖြတ်တင်ဘောကနေ မြေမကျ (volley) ကန်သွင်းခဲ့ပြီး ဒုတိယဂိုးကိုတော့ ဂိုးဧရိယာအပြင်ဘက်ကနေ အဝေးကန်ချက်နဲ့ ရယူခဲ့တာ ဖြစ်ပါတယ်..။ သူ့ရဲ့ပထမဂိုးအပြီး နည်းပြ ဖရန့် လမ်းပတ် ရှိရာ အပြေးသွားပြီး ပွေ့ဖက်ဂုဏ်ပြုခဲ့တဲ့ သူ့ရဲ့အောင်ပွဲခံချက်ဟာ အများရဲ့အာရုံစိုက်စရာ ဖြစ်ခဲ့ရပါတယ်.။

တန်မီ ဟာ ဖရန့် လမ်းပတ် နဲ့ ဆုံတွေ့ခဲ့တာ အချိန်ခဏလေးပဲ ရှိနေသေးပေမယ့် သူ့ရဲ့တိုးတက်လာမှု အခန်းကဏ္ဍမှာ ဖရန့် ဟာ အရေးကြီးတဲ့ နေရာက ပါဝင်ခဲ့ပါတယ်..။ ပထမဆုံးအနေနဲ့ ဖရန့် လမ်းပတ် ဟာ ရာသီအစပိုင်းကာလ ဝေဖန်မှုတွေ ကြုံတွေ့ခဲ့ရပေမယ့်လည်း တန်မီ ကို ပထမဦးစားပေး တိုက်စစ်မှူးအဖြစ် ဆက်လက်ယုံကြည် ကိုးစားခဲ့တဲ့အတွက် ဖြစ်ပါတယ်..။ ဒါ့အပြင် ဖရန့် လမ်းပတ် ဟာ သူ့ရဲ့တစ်ဦးချင်း အရည်အသွေးတွေ တိုးတက်လာအောင် အနီးကပ် အကူအညီပေးခဲ့ပြီး နေ့စဉ်ပုံမှန် လေ့ကျင့်ခန်း ပြီးဆုံးသွားချိန်တွေမှာ အချိန်ပိုဆင်းခိုင်းပြီး ဂိုးဧရိယာအပြင်က ကန်သွင်းနည်းတွေကို တန်မီ နဲ့အတူ လေ့ကျင့်ပေးခဲ့တယ်လို့ ဆိုကြပါတယ်..။ နောဝစ်ချ် အသင်းနဲ့ပွဲမှာ တန်မီ အေဘရာဟမ် သွင်းယူပေးခဲ့တဲ့ တတိယဂိုး အဝေးကန်ချက်ဟာ သူ့ရဲ့ပထမဆုံး ဂိုးဧရိယာအပြင်ဘက်ကနေ ကန်သွင်းခဲ့ပြီး ရရှိခဲ့တဲ့ဂိုးဖြစ်တယ်လို့လည်း ဆိုပါတယ်..။

ဒါ့အပြင် သူ့ရဲ့ပရီးမီးယားလိဂ်အဖွင့်ဂိုး စတင်ရရှိခဲ့တဲ့အချိန် မန်နေဂျာကို ပြေးဖက်ဂုဏ်ပြုခဲ့ခြင်းဟာ အစောက ဖော်ပြခဲ့တဲ့ နည်းပြကြီးရဲ့ သွန်သင်၊ လမ်းပြပေးခဲ့မှုတွေကို ဂုဏ်ပြုခဲ့ခြင်း ဖြစ်ခဲ့ရုံသာမက လီဗာပူးလ်အသင်းနဲ့ စူပါဖလား ပွဲစဉ်အတွင်း ပင်နယ်တီ အဆုံးအဖြတ်ကို လွဲချော်ခဲ့ပြီးနောက် ပရိသတ်များရဲ့ လူမျိုးခွဲခြားဆက်ဆံပြီး တိုက်ခိုက်မှုများ ခံယူရချိန်မှာ မန်နေဂျာက သူ့ဘက်က ရပ်တည်၊ ကာကွယ်ပေးခဲ့တာကို အသိအမှတ်ပြုတဲ့ သဘောလည်း ပါဝင်ခဲ့ပါတယ်..။



အခုအချိန်မှာတော့ တန်မီ အေဘရာဟမ် ဟာ ချယ်လ်ဆီးအသင်းရဲ့ ပထမဦးစားပေး တိုက်စစ်မှူးအဖြစ် အခိုင်အမာ နေရာထားပြီဖြစ်သလို သူ့ရဲ့တိုးတက်မှုနှုန်းအပေါ် အံ့သြနှစ်သက်ကြတဲ့သူတွေ..၊ ချီးကျူးဂုဏ်ပြုခဲ့ကြသူတွေ အများအပြား ရှိနေကြပြီပဲ ဖြစ်ပါတယ်..။ အဲဒီလို ချီးကျူးခံရတဲ့အထဲမှာ ငယ်စဉ်ကတည်းကနေ အခုလိုအခြေအနေရောက်လာအောင် မြေတောင်မြှောက်ပေးခဲ့တဲ့ မာရီယန် နဲ့ အန်တော်နီ တို့ မိဘနှစ်ပါးလည်း ပါဝင်ခဲ့ပါတယ်..။ ဒါပေမယ့် သူ့ရဲ့ဖခင်အန်တော်နီ ကတော့ သူ့ရဲ့သားဖြစ်သူကို ရိုရိုကျိုးကျိုးပဲ အမြဲနေဖို့..၊ အောက်ခြေမလွတ်ဖို့ အမြဲတမ်း သွန်သင်၊ ဆုံးမခဲ့တယ်ဆိုတဲ့အကြောင်း ပြောပြပါတယ်..။ သူဟာတန်မီ ပါဝင်တဲ့ပွဲစဉ်တိုင်းကို ဘယ်နေရာမှာပဲ ကစားရသည်ဖြစ်စေ အမြဲတမ်း မပျက်မကွက် သွားရောက်အားပေးခဲ့တယ်လို့ ဆိုပါတယ်.။

တန်မီ ဟာ ပျော်ပျော်ရွှင်ရွှင် နေတတ်ပြီး ယှဉ်ကျေးသိမ်မွေ့သူ..၊ ဟာသဉာဏ် ထက်မြက်ပြီး လူတိုင်းနဲ့ လိုက်လျောညီထွေ ပေါင်းသင်းတတ်တဲ့သူ ဖြစ်တာကြောင့် ရောက်လေရာ အသင်းတိုင်းမှာ သူ့ကိုချစ်ခင်တဲ့သူ ပေါများပါတယ်..။ ဒါ့အပြင်သူဟာ ဒီနှစ်ဘောလုံးရာသီမှာ အသင်းကြီးကို ရောက်ခဲ့တဲ့ အကယ်ဒမီ လူငယ်ကစားသမားတွေက တစ်ယောက်ဖြစ်ပြီး အဲဒီလို လျောက်လှမ်းခဲ့တဲ့ ခရီးတစ်လျှောက်မှာ အကောင်ဆုံး ပြုစု၊ ပျိုးထောင်ပေးခဲ့တဲ့ ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီကိုလည်း ချီးကျူးဂုဏ်ပြုရမှာပါ..။ အထူးသဖြင့် ရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်လာအောင် ဘယ်လိုပြုစု ပျိုးထောင်ရတယ်..၊ မီဒီယာတွေရဲ့ အာရုံစိုက်မှု မခံရအောင် ဘယ်လိုနေထိုင် ကျင့်ကြံရတယ်စသဖြင့် အနီးကပ်လေ့ကျင့်သင်ကြားခဲ့သလို အခုနောက်ပိုင်းမှာဆိုရင် လူငယ်ကစားသမားတွေကို မီဒီယာ သင်ခန်းစာ အစီအစဉ်များကိုပါ ထည့်သွင်းသင်ကြားပေးနေတယ်လို့လည်း သိရပါတယ်..။

ဒီလိုရေခံမြေခံကောင်းကနေ သင်ကြားမှု၊ ပြုစုပျိုးထောင်မှု ကောင်းတွေကြောင့် အခုဆိုရင် တန်မီ ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေမှာ ချယ်လ်ဆီးအသင်းရဲ့ သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ် (၁၀) ဂိုးပြည့်အောင် သွင်းပေးနိုင်တဲ့ ဒုတိယအသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သလို အင်္ဂလန်အသင်းကြီးအတွက်ပါ သွင်းဂိုးနဲ့အတူ စတင်ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်တာကြောင့် နည်းပြဂါးရတ် ဆောက်ဂိတ်အနေနဲ့ သူ့ကိုချန်လှပ်ထားဖို့ လုံးဝစဉ်းစားဦးမှာ မဟုတ်သေးတဲ့အကြောင်း တင်ဆက်လိုက်ပါတယ်..။

#FRANK
(Daily Mail မှ ဆောင်းပါးရှင် Adrian Kajumba ၏ “From being pushed wide for Chelsea 'golden boy' Dominic Solanke to England's top goalscorer: How Tammy Abraham made the grade with the help of his parents, a string of loans (and A LOT of goals!)” ဆောင်းပါးကို ပြန်ဆိုပါသည်..။)