feature-image

မေဆန် မောင့် ၏ ‘First, Last and Always’

ချယ်လ်ဆီးအသင်း Official Website မှာ ယခုနှစ်ဘောလုံးရာသီတွင် ကစားသမားတစ်ဦးချင်းစီ၏ ယခင်အတိတ်က အမှတ်တရ ပစ္စည်းများ၊ ဖြစ်ရပ်များ၊ လက်ရှိအချိန်တွင် အနှစ်သက်ဆုံး အရာများအကြောင်းကို တွေ့ဆုံမေးမြန်းခန်း ပုံစံအသစ်အဖြစ် တင်ဆက်ပေးခဲ့သည်..။ လူငယ်ကွင်းလယ်ကစားသမား မေဆန် မောင့် နှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတွင် သူအနှစ်သက်လုံး ဘောလုံးအကျီများ၊ မော်တော်ယာဉ်မောင်း လိုင်စင်ဖြေစဉ်က အမှတ်တရ ဖြစ်ရပ်များ အပါအဝင် သူ၏ယခင်ကာလ၊ ယခုကာလနှင့် အမြဲတမ်း ပြုလုပ်လေ့ရှိသည့် အမူအကျင့်များအကြောင်းကို ယခုလိုပြောပြခဲ့သည်..။

First: ခင်ဗျားပထမဆုံး ဝတ်ဆင်ခဲ့ဖူးတဲ့ ဘောလုံးအကျီအကြောင်း ပြောပြနိုင်မလား..?

“ပို့စ်မောက် အသင်းရဲ့အကျီ ဖြစ်ပါလိမ့်မယ်..။ အဖေက ကျွန်တော့်အတွက် ဝယ်ပေးခဲ့တဲ့ အကျီပါ..။”

Last: ခင်ဗျားတစ်ခါမှ မကစားခဲ့ဖူးတဲ့ အသင်းတစ်သင်းရဲ့အကျီကို နောက်ဆုံးအကြိမ် ဝတ်ဖူးခဲ့တဲ့ ဘယ်တုန်းကလဲ..? ဘယ်အသင်းရဲ့အကျီ ဖြစ်မလဲ..?


“ပရိသတ်တစ်ယောက် အနေနဲ့ ပွန်ပီအသင်း (ပို့စ်မောက်အသင်း) ရဲ့ပွဲစဉ်ကို သွားပြီးကြည့်ခဲ့တာ နောက်ဆုံးဖြစ်ပါလိမ့်မယ်..။ ပထမဆုံး ကြည့်ဖူးတဲ့ ဘောလုံးပွဲကလည်း ပွန်ပီ တို့ရဲ့ ပွဲစဉ်ပါပဲ..။ အသက် လေးနှစ်၊ ငါးနှစ်အရွယ်လောက်က ဖြစ်ပါလိမ့်မယ်..။ အဲဒီအချိန်ကစပြီး ပို့စ်မောက်အသင်းကို အားပေးခဲ့တာပါ..။”



Always: ခင်ဗျားဆီမှာ သိမ်းထားတဲ့ ဘောလုံးအကျီတွေထဲက အမှတ်တရအဖြစ်ဆုံး အကျီအကြောင်း ပြောပြနိုင်မလား…?

“ကျွန်တော့်အဖေဟာ ပို့စ်မောက်အသင်းက အဝတ်လဲခန်း တာဝန်ခံ (kitman) နဲ့ အရမ်းရင်းနှီးပါတယ်..။ ပို့်စ်မောက်အသင်းမှာ ကစားခဲ့တဲ့ အာဂျင်တီးနား ကွင်းလယ်ကစားသမား အင်းဒရီးယက်စ် ဒီ အလက်ဇန်ဒရို ကို ကျွန်တော်အရမ်းနှစ်ခြိုက်ခဲ့ပါတယ်..။ အဖေက အဲဒီအဝတ်လဲခန်း တာဝန်ခံကနေတဆင့် ဒီ အလက်ဇန်ဒရို ရဲ့ အကျီကို ရအောင်တောင်းပေးပြီး ကျွန်တော့်ကို ပေးပါတယ်..။ အဲဒီအကျီကို အိပ်ခန်းနံရံမှာ အမြတ်တနိုး ချိတ်ဆွဲထားဆဲပါပဲ..။”

First: မနက်အိပ်ယာထထချင်းမှာ  ခင်ဗျားစားတဲ့ အစားအစာ၊ ဒါမှမဟုတ် သောက်ဖြစ်တဲ့အရည်က ဘာလဲဗျ..?

“မနက်စောစော လေ့ကျင့်ကွင်းကို ရောက်ရောက်ချင်း ဝက်ပေါက်ခြောက်နဲ့ ချိခ် ကြက်ဥမွှေကြော်ကို အမြဲစားသုံးပါတယ်..။ မနက်စာစားတဲ့အချိန်မှာ ပန်းသီးဖျော်ရည်..၊ ဒါမှမဟုတ် ရေပဲ သောက်လေ့ရှိပါတယ်..။”

Last: အိပ်ယာမဝင်ခင် နောက်ဆုံးစားဖြစ်လေ့ရှိတဲ့ အစာကို ပြောပြနိုင်မလား..?


“အိပ်ယာမဝင်ခင် ချိုချဉ်ဖြစ်ဖြစ်၊ အချိုမုန့်ပဲဖြစ်ဖြစ် စားလေ့ရှိပါတယ်..။ ချိုချဉ်တွေကို ပိုပြီးစားဖြစ်ပါတယ်..။ ကျွန်တော်ဟာ အချိုကြိုက်တဲ့သူ တစ်ယောက်ပါ..။ ဒါ့ကြောင့် ဟာရီဘို တံဆိပ်ချိုချဉ်တွေဖြစ်ဖြစ်..၊ အခြားချိုချဉ်ပဲဖြစ်ဖြစ် အမြဲတမ်း ဆောင်ထားလေ့ ရှိပါတယ်..။”

Always: အမြဲတမ်းလိုလို ပုံမှန်စားလေ့ရှိတဲ့ အစားအစာ ရှိခဲ့ရင် ပြောပြပေးပါလား…?

“ပါစတာ အမြဲတမ်း စားလေ့ရှိပါတယ်...။ ဘောလုံးသမား တစ်ယောက်ဖြစ်တာနဲ့အညီ ပွဲအတွက် လိုအပ်တဲ့ အဟာရနဲ့ ကိုက်ညီအောင် ပါစတာ နဲ့ ကြက်သား ကို အမြဲတမ်း စားလေ့ရှိပါတယ်..။ အထူးသဖြင့် ပွဲရှိတဲ့နေ့တွေမှာဆိုရင် အင်အားပြည့်အောင် အထူးဂရုစိုက် စားသုံးလေ့ရှိပါတယ်..။”




First: ခင်ဗျားပထမဆုံး ကြည့်ဖူးခဲ့တဲ့ ရုပ်ရှင်ကားက ဘာလဲဗျ.?

“Avatar ရုပ်ရှင်ကားပါ..။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ကနေ ပထမဆုံး ထွက်ခွင့်ရတဲ့နေ့မှာ ကြည့်ဖြစ်ခဲ့တဲ့ ရုပ်ရှင်ကား ဖြစ်တဲ့အပြင် ပထမဆုံး ကြည့်ဖူးတဲ့ 3D ရုပ်ရှင်လည်း ဖြစ်ပါတယ်..။ ရှုခင်းတွေနဲ့ ရိုက်ချက်တွေက အရမ်းကို ဆန်းကြယ်၊ ခမ်းနားလွန်းတာကြောင့် ရင်သပ်ရှုမော ဖြစ်ခဲ့ရသလို အခုအချိန်ထိလည်း အမှတ်ရနေဆဲပါပဲ..။”

Last: ဒါဆိုရင် နောက်ဆုံးကြည့်ခဲ့တဲ့ ရုပ်ရှင်.. ဒါမှမဟုတ် ရုပ်/သံစီးရီးကရော ..?


“မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Rhythm + Flow အဆိုပြိုင်ပွဲ အစီအစဉ်ပါ..။ Netflix ကနေ ပြပါတယ်..။ X Factor ကို Rap version နဲ့ ပြန်ရိုက်ထားသလိုပါပဲ..။”

Always: မကြာခဏ ကြည့်ဖြစ်တဲ့ ရုပ်ရှင်ဇာတ်လမ်းရော ရှိရဲ့လားဗျ…?

“ကျွန်တော်က ရုပ်/သံစီးရီးတွေ အမြဲတမ်း ကြည့်လေ့ရှိတဲ့သူ မဟုတ်ပါဘူး..။ အထူးသဖြင့် ငြီးငွေ့လွယ်တဲ့အတွက် ဇာတ်လမ်းရှည်တွေကို ပြီးဆုံးအောင် မကြည့်နိုင်ပါဘူး..။ မကြာခဏ ကြည့်ဖြစ်တဲ့ ရုပ်/သံစီးရီးဆိုရင် Game of Thrones ပဲ ဖြစ်မယ်ထင်ပါတယ်..။ ရူပ်ရှင်ထဲကဆိုရင်တော့ Deadpool ဖြစ်ပါလိမ့်မယ်..။”



First: ငယ်တုန်းက အားလပ်ရက်တွေဆိုရင် ဘယ်နေရာကို ခရီးထွက်လေ့ ရှိပါသလဲ..?

“စပိန်က စန်တာ လူစီယာ တောင်ပေါ်မြို့လေးပါ..၊ သြစတြေးလျနိုင်ငံကိုလည်း နှစ်ပါတ်၊ သုံးပါတ် သွားနေဖြစ်တာ ရှိပါတယ်..။ ကျွန်တော့်ရဲ့အစ်မက အဲဒီမှာနေတာဆိုတော့ Whitsunday ကျွန်းစုတစ်ဝိုက်မှာ ရွက်လှေလေးနဲ့ ပျော်ခဲ့ရတဲ့ အချိန်တွေဟာ ကျွန်တော့်ရဲ့ အကောင်းဆုံး အားလပ်ရက်ခရီးရှည်တွေ ဖြစ်ခဲ့ပါတယ်..။”

Last: နောက်ဆုံးသွားရောက်ခဲ့တဲ့ နေရာကရော..


“ပြီးခဲ့တဲ့ နွေရာသီတုန်းက ဒူဘိုင်း ကို သွားခဲ့ပါတယ်..။”

Always: အပန်းဖြေခရီးထွက်ရင် မကြာခဏ သွားလေ့ရှိတဲ့နေရာ ပြောပြနိုင်မလား…?

“အဲဒါလည်း ဒူဘိုင်း ပဲ ဖြစ်မှာပါ..။ ကျွန်တော်သဘောကျတဲ့အတွက် နှစ်ခါရောက်ခဲ့ပြီးပါပြီ..။ နေရောင်ခြည်နွေးနွေးအောက်မှာ အပန်းဖြေလို့ကောင်းတဲ့ နေရာတစ်ခုပါ..။”

First: ခင်ဗျားပထမဆုံး ပိုင်ဆိုင်ခဲ့ဖူးတဲ့ မိုဘိုင်းဖုန်းအကြောင်း ပြောပြနိုင်မလား..?

“BBM မက်ဆေ့ချ် ပါဝင်တဲ့ Blackberry ဖုန်း ဖြစ်ပါလိမ့်မယ်..။ အဲဒီဖုန်းပြီးတော့ iPhone ကိုင်ခဲ့ပါတယ်..။”

Last: အခုခင်ဗျားကိုင်ထားတဲ့ ဖုန်းထဲမှာ နောက်ဆုံး ထည့်သွင်းထားတဲ့ Application ကရော..?
“Urban ဆိုတဲ့ Application ပါ..။ ကောင်းတာက အဲဒီ app ကနေတဆင့် ကိုယ့်ရဲ့အနီးတစ်ဝိုက်မှာရှိတဲ့ အကြောပြင်ဆရာ၊ ကြံ့ခိုင်ရေး လေ့ကျင့်ခန်း ဆရာတွေကိုပါ ကြိုတင်ပြီး booking လုပ်ထားလို့ ရပါတယ်..။ အဲဒီနည်းအားဖြင့် ပွဲအပြီးမှာ မြန်မြန်ဆန်ဆန် ခွန်အားပြန်ပြည့်စေဖို့အတွက် အပြင်ကနေ တစ်ယောက်ယောက်ကို အကူအညီ ခေါ်ချင်တယ်ဆိုရင် ပိုပြီးလွယ်ကူစေပါတယ်..။”

Always: ဖုန်းနဲ့အများဆုံး ပြုလုပ်ဖြစ်တဲ့ အရာလေးတွေကို ပြောပြနိုင်မလား…?

“You Tube ကြည့်တာ..၊ Instagram သုံးတာပဲ ဖြစ်မှာပါ...။”




First: ပထမဆုံး ဝယ်ဖြစ်ခဲ့တဲ့ ဗွီဒီယိုဂိမ်း..?

“Xbox မှာ ကစားရတဲ့ Call of Duty: Modern Warfare 2 နဲ့ FIFA ထဲက တစ်ခုခုပဲဗျ..”

Last: နောက်ဆုံးကစားဖြစ်ခဲ့တဲ့ ဗွီဒီယိုဂိမ်းကရော..?
“Fortnite..”

Always: ခင်ဗျားနဲ့ဗွီဒီယိုဂိမ်း အမြဲတမ်းကစားလေ့ရှိတဲ့ ကစားဖော်ကရော…?

“ကျွန်တော့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ချို့နဲ့ ကစားလေ့ရှိပါတယ်..။ ဒါမှမဟုတ်ရင် ကျွန်တော်နဲ့ တန်မီ ပေါ့..။ ကျွန်တော်တို့ငယ်တုန်းက Call of Duty ကို ရွယ်တူကောင်လေးတွေ အကုန်လုံး ကစားခဲ့တာဆိုတော့ ကျွန်တော်လည်း download ဆွဲပြီး ကစားတော့တာပါပဲ..။”




First: ယာဉ်မောင်းလိုင်စင်ကို ပထမဆုံးအကြိမ် ဖြေတာနဲ့ အောင်မြင်ခဲ့လားဗျ..?

“No… ဒုတိယအကြိမ် ပြန်ဖြေရတယ်ဗျ..။ ဒုတိယအကြိမ်မှာလည်း ကျမလိုလို ဖြစ်ခဲ့ပါသေးတယ်..။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်အဖွားရဲ့ကားကို ယူသွားခဲ့တာ..၊ အရင်တုန်းက တစ်ခါမှမမောင်းဖူးတဲ့အပြင် ကျွန်တော့်ရဲ့ ကားမောင်းဆရာကလည်း မရှိတဲ့အချိန် ဖြစ်ခဲ့ပါတယ်..။ ပထမအကြိမ် စားမေးပွဲကျပြီးတော့ ဒုတိယအကြိမ်ကို အမြန်ဆုံးဖြေဖို့ ကြိုးစားခဲ့ပါတယ်..။ ဒါ့ကြောင့်ဒုတိယအကြိမ်မှာလည်း အဖွားရဲ့ Ford ကားနဲ့ပဲ သွားဖြေခဲ့ပါတယ်..။ ဒီတစ်ကြိမ်မှာတော့ လိုင်စင်စာမေးပွဲကို အောင်မြင်ခဲ့ပါတယ်..။”

Last: နောက်ဆုံးစီးဖူးတဲ့ အများပြည်သူ သွားလာတဲ့ယာဉ်… ဥပမာ.. ဘတ်စ်ကား.. ဒါမှမဟုတ် ရထား ပေါ့ဗျာ...?
“Taxi ရော မပါဘူးလားဗျ..။ Uber ကနေ တက်စီကား ဌားစီးခဲ့တာ နောက်ဆုံးဖြစ်ပါလိမ့်မယ်..။ ဒါမှမဟုတ်ဘူး ဆိုရင်တော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ရထား စီးခဲ့ဖူးတာ နောက်ဆုံးဖြစ်ပါလိမ့်မယ်..။”

Always: ကားမောင်းရင်း အမြဲတမ်းနားထောင်လေ့ရှိတဲ့ သီချင်း…?

“မော်ဒန် ဟစ်ပ်ဟော့ ကို ကျွန်တော်နှစ်သက်ပါတယ်..။ ဒါ့ကြောင့် Drake ဒါမှမဟုတ် တခြားရက်ပ်အဆိုကျော်တွေ ဖြစ်ပါလိမ့်မယ်..”